ဓားသွေးကျောက်ရွာ သားအဖနှစ်ဦး အသတ်ခံရမှု မကြာမီဖော်ထုတ်နိုင်မည်ဟုဆို

0
676

ထားဝယ်မြို့နယ်၊ အညာဖျား ကျေးရွာအုပ်စုတွင် သားအဖနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည့်အမှုကို မကြာမီဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

အညာဖျားကျေးရွာအုပ်စုရှိ ဓားသွေးကျောက်ကျေးရွာတွင် ဇူလိုင်လ ၁၂ ရက် နံနက်စောစောအချိန်က အသက် ၇၈ နှစ် အရွယ်နှင့် ၃၈ နှစ်အရွယ် သားအဖနှစ်ဦးကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးချက်များအရ သံသယဖြစ်စေသည့်အချက်များ ရရှိထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မကြာခင်တော့ ဖော်ထုတ်ရရှိပြီးတော့ အရေးယူဆောင်ရွက်နိုင်မယ်လို့ သုံးသပ်ပြောကြားလိုပါတယ်” ဟု ရဲမှူးကြီးကြည်စိုးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထားဝယ်ခရိုင် ဒုခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် အမှုစစ်အဖွဲ့ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

ဇူလိုင်လ ၁၂ ရက် နံနက်စောစောအချိန်တွင် သေနတ်ကိုင်ဆောင်ထားသူများက ဓားသွေးကျောက်ကျေးရွာရှိ အထက်ပါ သားအဖနှင့် မိသားစုဝင်များနေထိုင်သည့် အိမ်တွင် လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း အညာဖျားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောဒေးဇံက ပြောသည်။

“ကျွန်တော်တို့ရွာမှာ အဲလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး” ဟု စောဒေးဇံက ဆိုသည်။ အထက်ပါနေအိမ်တွင် သေဆုံးသူနှစ်ဦးအပါအဝင် မိသားစုဝင် ၉ ဦး နေထိုင်ကြကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အခင်းဖြစ်ပွားသည့်ညက မိသားစုဝင်များ အိပ်ပျော်နေစဉ် ဆိုင်ကယ်အသံကြားသည့်အတွက် သေဆုံးသွားသည့် အသက် ၃၈ နှစ်အရွယ်အမျိုးသားက အိမ်အောက်သို့ ဆင်းကြည့်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုသို့ဆင်းကြည့်ရာ သေနတ် ပစ်သံ ၈ ချက်ခန့်ကြားရပြီး ထိုအမျိုးသားမှာ သေနတ်ထိမှန်သွားပြီး ဇနီးဖြစ်သူကို ပြေးခိုင်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဇနီးဖြစ်သူနှင့်အတူ ကလေးအငယ်ဆုံးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထွက်ပြေးကြပြီး အသက် ၇၈ နှစ်အရွယ် အမျိုးသားက မပြေးနိုင်သဖြင့် နေအိမ်တွင် ကျန်ရစ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အသက် ၇၈ နှစ်အရွယ် အမျိုးသားနှင့်အတူ အခြားကလေးနှစ်ဦးက အိမ်တွင်ကျန်ရစ်ခဲ့ပြီး အဆိုပါ အမျိုးသားကို ပစ်သတ်သွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဆိုင်ကယ်မောင်းထွက်သွားသည့် အသံကြားသဖြင့် ဇနီးဖြစ်သူက နေအိမ်သို့ ပြန်လာချိန်တွင် ခင်ပွန်းဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့မှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။