သစ်၊ ဝါးနှင့် သီးပင်စားပင် အမျိုးမျိုးကို အပေါင်ထား၍ ချေးငွေလျှောက်ရန် ထိုင်းခွင့်ပြု

0
478

ထိုင်းအစိုးရသည် နိုင်ငံတွင်းရှိ သစ်ကြီးဝါးကြီးနှင့် သီးပင်စားပင် စုစုပေါင်း ၅၈ မျိုးအား အပေါင်အဖြစ်ထား၍ ဘဏ်နှင့် ငွေချေးအဖွဲ့များထံမှ ချေးငွေလျှောက်ထား ရယူခွင့်ပြုလိုက်ကြောင်း အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

ကျွန်း၊ သရက်၊ မန်ကျီး၊ ဒူးရင်းနှင့် ဝါးအမျိုးမျိုးတို့ အပါအဝင် စီးပွားဖြစ် သစ်ပင်၊ သီးပင်စားပင် စုစုပေါင်း ၅၈ မျိုးအား အစိုးရက ထုတ်ပြန်ကြေညာပြီး တောင်သူများ၊ ဥယျာဉ်ခြံမြေနှင့် သစ်တောပိုင်ဆိုင်သူ ထိုင်းနိုင်ငံသားများသည် ၎င်းတို့လုပ်ငန်းအတွက် ငွေအရင်းအနှီးလိုသည့်အခါ အဆိုပါ အပင်အမျိုးမျိုးကို အပေါင်ပစ္စည်းအဖြစ်ထား၍ ချေးငွေလျှောက်ထားနိုင်တော့မည် ဖြစ်သည်။

ထိုသို့ အပင်များကို အပေါင်ထား၍ ငွေချေးခွင့်ပြုရန် စီးပွားရေးဝန်ကြီးဌာနက အဆိုပြုခဲ့ခြင်းဖြစ်ပြီး နိုင်ငံသားများအနေဖြင့် ငွေအရင်းအနှီး ပိုမိုလွယ်ကူစွာရရှိကာ စီးပွားဖြစ် သစ်၊ ဝါးနှင့် သီးပင်စားပင်များ စိုက်ပျိုးခြင်းကို အားပေးရန်လည်း ရည်ရွယ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

“ဝန်ကြီးဌာနကလည်း လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်ပေးပြီး ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထိုင်းအစိုးရသည် ယခင်နှစ်များကလည်း ရတနာတန်းဝင် သစ်ပင်များနှင့် စပ်လျဉ်း၍ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းနှင့် ဥပဒေအချို့ကို ပြင်ဆင်ဖြေလျှော့ပေးခဲ့ပြီး လွတ်လပ်စွာ စိုက်ပျိုးခွင့်၊ ခုတ်လှဲ ရောင်းချခွင့်တို့ကို ပုဂ္ဂလိကအား ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။

ယခု မူဝါဒသစ်သည် ငွေကြေးအရင်းအနှီး လိုအပ်ပြီး အခြားပေါင်နှံစရာ တန်ဖိုးကြီးပစ္စည်း မပိုင်ဆိုင်သော တောင်သူငယ်များအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ဘဏ်သို့ အပေါင်ထားစဉ် ကာလတွင်မူ အဆိုပါ သစ်ပင်ဝါးပင်များအား တောင်သူတို့၏ သဘောဆန္ဒဖြင့် ခုတ်လှဲခြင်းမျိုး ခွင့်မပြုကြောင်း စည်းမျဉ်းများအရ သိရသည်။

ရင်းမြစ်- The Nation Thailand