မှိုဆိပ်သင့်ခြင်း အန္တရာယ်

0
1510

မှိုများတွင် အန္တရာယ်ကင်းစွာ စားသုံးနိုင်သော မှိုအမျိုးအစားများရှိသကဲ့သို့ အဆိပ်ရှိသော မှိုများစွာ ရှိပါသည်။ အဆိပ်ရှိသော မှိုများအနက် အချို့မှာ ပြင်းထန်စွာ အဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိ ဖြစ်နိုင်ပါသည်။

အဆိပ်ရှိ မှိုများ၏ လက္ခဏာများမှာ
၁) မှိုအခြေတွင် အခွက်ပါရှိခြင်း၊
၂) မှိုပွင့်၏ အရိုးတံတွင် ခြေချင်းပါ ရှိခြင်း၊
၃) မှိုထီးအရွက်တွင် အကြေးဖတ် များ ပြန့်ကျဲခြင်း
၄) ထီးရွက်အောက် ပါးဟက်များ ဖြူခြင်း
၅) မှိုထီးအရွက် အရောင်အဆင်း တောက်ပခြင်း
၆) အစိမ်းရောင်မှိုမျိုးမှုန်များ ထုတ်လွှတ်ခြင်း

မှိုဆိပ်သင့်ခြင်း လက္ခဏာများမှာ
မှိုစားပြီး မိနစ် ၂၀ မှ ၄ နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့အပြင် ဦးနှောက်နှင့် အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်း နိုးကြားလာခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်ပါသည်။

အဆိပ်သင့်မှုလက္ခဏာနှင့် ပြင်းထန်မှု အတိုင်းအတာသည် မှိုအမျိုးအစား၊ ပါဝင် သော အဆိပ် (ဥပမာ – Cyclopeptides, Gyromitrin, Orellanine, Muscarine စသည်) ပမာဏ၊ စားသုံးမိသောသူ၏ အသက်အရွယ်၊ ကိုယ်ခံစွမ်းအားတို့အပေါ် မူတည် ပါသည်။ အသက်ကြီး ဘိုးဘွားများနှင့် ရောဂါအခံရှိသူများတွင် မှိုအဆိပ်သင့်ပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါသည်။

မိမိမသိသော / မစားဖူးသော မှိုအမျိုးမျိုးကို မစားသုံးခြင်းသည် အကောင်းဆုံးသော ကာကွယ်နည်းဖြစ်၍ အဆိပ်ရှိသည်ဟု သံသယဖြစ်ဖွယ်မှိုများ၊ သေချာမသိသော၊ မစားဖူးသောမှိုများကို စားသုံးခြင်း လုံး၀ မပြုပါနှင့်။

မှိုအဆိပ်သင့်လက္ခဏာများ ပေါ်ပေါက် လာပါက နီးစပ်ရာ ဆေးရုံ / ကျန်းမာရေး ဌာနသို့ ချက်ချင်းပို့ဆောင်၍ ကုသမှုခံယူပါ။

ရင်းမြစ် – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန