ရွေးကောက်ပွဲ လေ့လာလိုသူများ လျှောက်နိုင်ပြီ

0
463

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့်နိုဝင်ဘာလ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာပြီးနောက် ပြည်တွင်း၊ ပြည်ပ မှ ရွေးကောက်ပွဲကို လေ့လာမည့်သူများ အနေဖြင့် ဇူလိုင်လ ၇ ရက်မှ စပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာထားသည်။

ပြည်တွင်းမှ လေ့လာမည့်သူများသည် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တွင် လျှောက်ထားရမည်ဖြစ်ပြီး ပြည်ပမှ လေ့လာမည့်သူများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်သည်။

တနင်္သာရီတိုင်းတွင်လည်း PACE ( People’s Alliance for Credible Elections) အဖွဲ့က ရွေးကောက်ပွဲလေ့လာ မည့်သူများကို ဖိတ်ခေါ်လျက်ရှိကြောင်း ယင်းအဖွဲ့ တနင်္သာရီတိုင်း ညှိနှိုင်းရေးမှူး ဦးသန်းဝင်းက ပြောသည်။

ဦးသန်းဝင်းသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း တနင်္သာရီတိုင်းတွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တစ်ဦးအနေဖြင့် ဆောက်ရွက်ခဲ့ဖူးသူ ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတစ်ဦး၏ ရှုထောင့်မှကြည့်ပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ချက်များသည် ရွေးကောက်ပွဲကျင်းပမည့် အချိန်နှင့် အလွန်နီးကပ်နေသဖြင့် စောင့်ကြည့်လေ့လာသူများ အနေဖြင့် ကြိုတင်ပြင်ဆင်ရေးအပိုင်းအတွက် အခက်အခဲများရှိကြောင်း ဦးသန်းဝင်းက ပြောသည်။

“လူထုနဲ့ တွေ့ဆုံဖို့က သူတို့အနေနဲ့ အများကြီး လိုအပ်တာပေါ့။ လူမှုအဖွဲ့ အစည်းတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့် မယ့်သူတွေနဲ့ပေါ့။ အခု ကိုဗစ်ဖြစ်နေတဲ့ အချိန်မှာ သူတို့ရဲ့ထုတ်ပြန်ချက်တွေ သည် အရမ်းနီးကပ်လွန်းနေတယ်။ ရွေးကောက်ပွဲစောင့်ကြည့်သမားတွေ အတွက်ဆိုရင် အခက်အခဲ ရှိနိုင်တယ်။ ပြင်ဆင်ရမယ့် အခက်အခဲ” ဟု ၎င်းက ပြောသည်။

ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ လေ့လာမည့်သူများ လိုက်နာရမည့် ကျင့်ဝတ်များကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် ထုတ်ပြန် ကြေညာထားသည်။

ကျော်သူစိုး