မြိတ်တွင် စွန့်ပစ်ထားသည့် ဝက်သေအချို့တွေ့၊ အကြောင်းရင်း စစ်ဆေးနေဆဲ

0
555

မြိတ်မြို့နှင့် ဝန်းကျင်ရှိ ချောင်းမြောင်းများအတွင်း ဝက်အသေများ စွန့်ပစ်ထားသည်ကို တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးလျက် ရှိသည်။

စွန့်ပစ်ထားသည့် ဝက်များကို ဇူလိုင် ၁၀ ရက်က စတင်တွေ့ရှိရခြင်းဖြစ်ကြောင်း ရပ်ကွက်သားအချို့က ပြောဆိုခဲ့သလို စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုလည်း အတည်ပြုပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း ဝက်အသေကောင် အများအပြား ချောင်းမြောင်းများအတွင်း စွန့်ပစ်ထားသည်ကို တွေ့ရှိရပြီး ယင်းကိစ္စကို စုံစမ်းနေကြောင်း ဦးမြတ်ကိုကိုက ပြောသည်။

“တော်တော်များများ ပစ်ထားတာ ကို တွေ့ရတယ်။ ပြီးတော့ ဝက်အသေတွေကို ဖျင်ပြီးတော့ ရောင်းချနေတယ်လို့လည်း ကြားရတယ်။ လိုက်စစ်ဆေး သလောက်တော့ မတွေ့ရသေးဘူး”ဟု ၎င်းင်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ မြိတ်ရှိဈေးများတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပြသည်။

“ဝက်အကြီးတွေ ပစ်ထားတာ တွေ့ ရသလို ဝက်အကောင် သေးသေးလေးတွေလည်း ဆာလာအိတ်နဲ့ ထုပ်ပြီး ချောင်းထဲမှာ လာပစ်ထားတယ်”ဟု မြိတ်တောင် ကျေးရွာနေ ကိုညီနိုင်က ပြောပြသည်။

လာရောက်စွန့်ပစ်ထားသည့် ဝက်များ သေဆုံးရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး သိရှိရန် ဓာတ်ခွဲခန်းသို့ ပေးပို့ထားဆဲဖြစ်ပြီး အခြေအနေကိုမသိ ရှိရသေးကြောင်း မြိတ်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဝင်းဇော်ဦးက ဆိုသည်။

“အဖြေထွက်မှ ပြောလို့ရမှာပါ။လောလောဆယ်တော့ မသိရသေးပါ ဘူး”ဟု ၎င်းင်းက ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ဖျာပုံနှင့် ဓနုဖြူမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းမှစ၍ ဝက်များအစာ စားနေစဉ် လဲကျသေဆုံးခြင်း၊ အချို့မှာ အိပ်နေစဉ်သေဆုံးခြင်းများ ဖြစ်နေပြီး ယင်းမှာ အာဖရိက ဝက်အပြင်းဖျား ရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ဓနုဖြူမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန လက်ထောက်ညွန်ကြားရေး မှူး ဒေါက်တာတင်မောင်လင်းက နေ့စဉ်ထုတ် ပြည်တွင်း သတင်းစာတစ်စောင်သို့ ပြောကြားထားသည်။

ယင်းရောဂါကြောင့် ၂၀၁၈ ခုနှစ် သြဂုတ်လက တရုတ်နိုင်ငံတွင် ဝက်အကောင်ရေ အများအပြား သေဆုံးခဲ့ဖူးပြီး မြန်မာနိုင်ငံတွင်လည်း မန္တလေးတိုင်းတွင် ၂၀၁၉ ဇွန်လက ဖြစ်ပွားခဲ့ဖူးသည်။

ကိုဆန်း