မွန်ညီညွတ်ရေးပါတီ မဲဆန္ဒနယ် ငါးဆယ်ကျော် ဝင်ပြိုင်မည်

0
427

မွန်ညီညွတ်ရေးပါတီ (Mon Unity Party) သည် လာမည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အနည်းဆုံး မဲဆန္ဒနယ် ၅၅ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

လက်ရှိတွင် မဲဆန္ဒနယ်နှင့် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အရေအတွက် တိတိကျကျ မသတ်မှတ်နိုင်သေးသော်လည်း အကြမ်းအားဖြင့် မွန်ပြည်နယ်တွင် မဲဆန္ဒနယ် ၃၂ ခု၊ ကရင်ပြည် နယ်တွင် ၁၃ ခု၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၇ ခု၊ ရန်ကုန်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ၃ ခုခန့်ဝင်ရောက် ယှဉ်ပြိုင်သွားရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

“ဝင်ပြိုင်မယ့် မဲဆန္ဒနယ်ကတော့ ခန့်မှန်းထားတာပေါ့နော်။ အတိအကျတော့ မဟုတ်သေးဘူး” ဟု ပါတီတွဲဖက် အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

ကိုယ်စားလှယ်လောင်းများကို ဗဟို ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအဖွဲ့မှ အရည်အချင်းသတ်မှတ်ချက် ၁၉ ချက်နှင့်အညီ ဇူလိုင်လ ၂၀ ရက်နေ့တွင် အပြီးသတ် ရွေးချယ်သွားမည်ဟု သိရသည်။

ပါတီအနေနှင့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် ပါတီမူဝါဒအရ အရည်အချင်းတူညီပါက အမျိုးသမီးနှင့် လူငယ်ကိုယ်စားလှယ်များ ကို ဦးစားပေးရွေးချယ်သွားမည်ဟု ပါတီတွဲဖက်အတွင်းရေးမှူး(၂ )နိုင်လရီတမက ပြောသည်။

ပါတီတွင်း၌လည်း အမျိုးသမီးနှင့် လူငယ်အင်အား အလွန်နည်းပါးနေသည့် အနေအထားကြောင့် အမျိုးသမီးနှင့် လူငယ်များ ပါတီတွင် ဝင်ရောက်တာဝန် ထမ်းဆောင်ကြရန် မွန်ညီညွတ်ရေးပါတီက ဖိတ်ခေါ်ထားသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူးပေါင်း ဖွဲ့စည်းထားသည့် ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပါတီ တည်ထောင်ဖွဲ့စည်းခွင့် ပြုခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲ မွန်ညီညွတ်ရေးပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီတွင် ပါတီဝင်အင်အား နှစ်သောင်းကျော်ရှိသည်ဟု ပါတီခေါင်းဆောင်များထံမှ သိရသည်။

ယဉ်စနိုင်း