ကော့သောင်းတွင် ရေငန်ပုစွန် မွေးမြူရန် မြေယာလျှောက်ထားမှု ရွာသားများ ကန့်ကွက်

0
392

ပြည်တွင်းကုမ္ပဏီတစ်ခုမှ ကော့သောင်းမြို့နယ်အတွင်း ရေငန်ပုစွန်မွေးမြူရေး ပြုလုပ်ရန် မြေနေရာလျှောက်ထားလာမှုကို ကျေးရွာနေပြည်သူများမှ ကန့်ကွက်လိုက်ကြသည်။

ကော့သောင်းမြို့နယ်၊ စူငယ်ဘာ လိုင်းကျေးရွာအုပ်စု၊ အောင်ဇမ္ဗူရွာတွင် ရွှေကံမော်အကွာ ကာချားကုမ္ပဏီမှ ပုစွန်မွေးမြူရန် မြေဧကရှစ်ရာ လျှောက်ထားလာမှုအပေါ် ရွာသား ရှစ်ဆယ်ကျော်မှ လက်မှတ်ထိုးကာ ဇူလိုင်လ ၆ ရက်နေ့စွဲဖြင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ကန့်ကွက်လွှာ ပေးပို့ခဲ့ကြသည်။

အောင်ဇမ္ဗူကျေးရွာ ကွင်းအမှတ် (1 OSS ) တွင် ဧကရှစ်ရာနှင့် ကွင်းအမှတ် (2 OSS ) ဂျပန်ကမ်းခြေ ဒီရေ တောတွင် မြေလွတ်မြေလပ်မြေရိုင်းအဖြစ် ဧကသုံးရာအား လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု အောင်ဇမ္ဗူကျေးရွာမှ ဆရာတော် ဦးဇောတိက ကမိန့်ကြားသည်။

ယင်းသို့ လျှောက်ထားလာသည့် မြေဧရိယာရှစ်ရာအတွင်း တောင်သူများ၏ ဥယျာဉ်ခြံမြေများ၊ ဓနိတောမြေများ၊ တောင်သူစိုက်ပျိုးမြေများ၊ စေတီ၊ သာသနိကအဆောက်အအုံ နှင့် အမှတ် (၄)ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း စသည်အဆောက်အအုံများ ရှိနေသည့် အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ရွာသားများနှင့် ဆရာတော်ဦးဇောတိက ထံမှ သိရသည်။

ယင်းအပြင် လျှောက်ထားဧရိယာအတွင်း ပါဝင်နေသည့် ဒီရေတောသည်လည်း ရွာသူရွာသားများအတွက် နေ့စဉ် ကဏန်း၊ခရုများ ရှာဖွေစားသောက်ရေး မှီခိုအားထားနေရကြောင်း ဆရာတော်က မိန့်သည်။

“ဒီရေတောကို ဒီလိုမျိုးလုပ်ခွင့်ပေး လိုက်ခဲ့မယ်ဆိုလို့ရှိရင် သူတို့ရဲ့ရပ်တည်မှုက ပြိုလဲသွားနိုင်တယ်။ ရွာသားတွေ ဘယ်လမ်းကိုသွားပြီး ဘယ်ကမ်းကပ်ရ မှန်းတောင် မသိဖြစ်သွားလိမ့်မယ်” ဟု ဆရာတော် ဦးဇောတိက မိန့်ကြားသည်။

ယင်းအကြောင်းကြားသိရပြီး ရွာသားများအနေဖြင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိနေသည်ဟု အောင်ဇမ္ဗူရွာသား အမျိုးသားတစ်ဦးက ပြောပြသည်။

“အခုဆိုရင် ထမင်းတောင် ဖြောင့် ဖြောင့် မစားနိုင်ကြတော့ဘူး” ဟု အသက် ၅၃ နှစ်ရှိ အဆိုပါရွာသားက ပြောသည်။

ပြည်ထဲရေးအမည်ပေါက် အောင်ဇမ္ဗူကျေးရွာသည် လွန်ခဲ့သည့် နှစ်သုံးဆယ် နီးပါး ကတည်းက တည်ရှိခဲ့ပြီး အိမ်ခြေ ခြောက်ဆယ်ကျော်နှင့် လူဦးရေ သုံးရာနီးပါးခန့် နေထိုင်နေကြကြောင်း ရွာသားများနှင့် ဆရာတော်ထံမှ သိရသည်။

ကိုဆန်း