ရွာသားနှင့် တာဆာကီစာချုပ် တစ်ဖက်သတ်ဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ပညာရှင်များပြော

0
745

ဘုတ်ပြင်းမြို့နယ်ရှိ လငန်းရွာသားများနှင့် တာဆာကီပုလဲမွေးမြူရေး ကုမ္ပဏီတို့ ရေးထိုးထားသည့် စာချုပ် တစ်ဖက်သတ်ဖြစ်နေပြီး ခိုင်မာမှုမရှိဟု ဘုတ်ပြင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်များက ပြောဆို လိုက်သည်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းထွန်းနှင့် ဥပဒေပညာရှင်များ ဇူလိုင်လ ပထမပတ်က လငန်းကျေးရွာသားများနှင့် တွေ့ဆုံ ပြီးနောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်း၊ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးရဲ့ ရှေ့မှာ ရေးထိုးထားတာလည်း မဟုတ်ဘူး။ လူလေးယောက်တည်း ရေးထိုးထားတဲ့ စာချုပ်ဖြစ်နေတယ်။ ခိုင်မာမှုမရှိဘူး တစ်ဖက်သတ် ဖြစ်နေတယ်” ဟု ဦးနေ လင်းထွန်းက ပြောသည်။

ယင်းအပြင် စာချုပ်ပါအပေါ် စာပိုဒ် အချက်အလက်များတွင် မက်လုံးအချို့ ပေးထားပြီး အောက်စာပိုဒ်တွင်မူ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက စစ်ဆေးပြီး၂၀၀၈ အခြေခံဥပဒေနှင့်ရော မြန်မာပုလဲလုပ်ငန်း တည်ဆဲဥပဒေဖြင့်ပါ အရေးယူမည်ဟုလည်း ထည့်သွင်းရေး သားထားကြောင်း ၎င်းက ဆိုသည်။

“စာချုပ်တစ်ခုထဲမှာကိုပဲ အပေါ်က ခွင့်ပြုထားတဲ့ဟာတွေကို အောက်က စာပိုဒ်နဲ့ လွှမ်းမိုးပယ်ဖျက် ထားတာကိုလည်း တွေ့ရတယ်” ဟု ဦးနေလင်းထွန်းက ပြောသည်။

ကုမ္ပဏီဘက်မှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ဆောင်ရာ၌ အကြောင်းကြောင်းကြောင့် ကုမ္ပဏီအရှုံးပေါ်လျှင် ချုပ်ဆိုထားသည့် စာချုပ်ပျက်ပြယ်နိုင်သည်ဟု ရေးသားထားပြီး ယင်းသို့ပျက်ပြယ်ခဲ့မည်ဆိုလျှင် ရွာသားများဘက်မှ မည်သို့ တုံ့ပြန်အရေးယူနိုင်သည်ကိုမူ ရေးသွင်းထားခြင်း မရှိသည့်အတွက် ယင်းစာချုပ်တွင် အားနည်းချက်များစွာရှိနေသည်ဟု မြင်ကြောင်း တနင်္သာရီတိုင်း တရားဥပဒေစိုးမိုးရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်နိုင်ဦးက ပြောဆိုသည်။

“သူတို့ကုမ္ပဏီ ရှုံးတယ်မရှုံးဘူးဆိုတာ ဘယ်အခြေအနေပေါ်မူတည်ပြီးတော့ ကျွန်တော်တို့သိရမလဲ။ ရွာသားတွေအနေနဲ့ရော ဘယ်လိုသွားရောက် စစ်ဆေးမလဲ” ဟု ၎င်းင်းက ပြောဆိုသည်။

တာဆာကီပုလဲမွေးမြူရေး ကုမ္ပဏီမှ ပုလဲမွေးမြူရေးလုပ်ငန်းအတွက် ၂၀၂၀ မှ ၂၀၂၅ အထိ ငါးနှစ်သက်တမ်းတိုးရာတွင် လငန်းကျေးရွာနေ ဆလုံလူမျိုးများက နေပြည်တော်အထိ သွားရောက်ကာ ကန့်ကွက်ခဲ့ကြသည်။

ယင်းသို့ကန့်ကွက်ပြီး လအတန် ကြာလာပြီးသည့် နောက်တွင်မှ ပုလဲကုမ္ပဏီဘက်မှ ရွာသားများနှင့် စာချုပ်လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်သည်။

တာဆာကီဘက်မှ သက်တမ်းတိုး ကိစ္စထောက်ခံရန် ရွာသားများ၏ သဘောတူညီမှု ရှစ်ဆယ်ရာနှုန်း လက်မှတ်ကောက်ခံရယူထားပြီး ယင်းလက်မှတ်ရရှိရေးအတွက် ကုမ္ပဏီဘက်မှ တစ်နှစ်လျှင် ငွေကျပ်သိန်းတစ်ထောင်အား ကျေးရွာဖွံ့ဖြိုးရေးအတွက် အသုံးပြုပေးမည်ဖြစ်ပြီး ရွာသားများအား ယခင်ပိတ်ပင်တားဆီးထားသည့် နေရာများကိုလည်း ပြန် လည် ရှာဖွေစားသောက်ခွင့်ပေးရန် သဘောတူညီခဲ့ကြောင်း လငန်းကျေးရွာ တာဝန်ခံ ဦးသိန်းဇံက ပြောပြသည်။

“ကျွန်တော်က ဘယ်ဘက်ကမှ မဟုတ်ဘူး။ များတဲ့ဘက်ကို လက်မှတ် ထိုးပေးလိုက်တာပါ” ဟု ၎င်းင်းက ပြောသည်။

သို့သော် တာဆာကီနှင့် ချုပ်ဆိုထားသည့် စာချုပ်အပေါ်မယုံကြည်သဖြင့် လက်မှတ်မထိုးကြသူများလည်း ယင်းကျေးရွာအတွင်း ရှိနေကြသည်။

“အောက်ခြေမှာ အိမ်ရောင်းခြံ ရောင်းဖြစ်သလို လက်မှတ်ထိုးတာမျိုး မဟုတ်ဘဲနဲ ကြားမှာအာမခံပေးနိုင်တဲ့ ဆောင်ရွက်ပေးနိုင်သော အစိုးရအဖွဲ့ကြီးရဲ့ ရှေ့မှာထိုးရမယ့်လက်မှတ်ပါ။ ဒါမှလည်း တစ်စုံတစ်ရာဖြစ်လာရင် ဖြေရှင်း ပေးနိုင်မှာပါ” ဟု မြန်မာနိုင်ငံရှေ့နေများ ကွန်ရက် တနင်္သာရီတိုင်းဥက္ကဋ္ဌ စဧရာဝင်းက ယင်းစာချုပ်အပေါ် မှတ်ချက်ပေးသည်။

လက်ရှိအချိန်တွင် တာဆာကီကုမ္ပဏီအနေဖြင့် လငန်းကျေးရွာပေါ်တွင် ကျေးလက်ဆေးပေးခန်းအပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ကျေးရွာတာဝန်ခံ ထံမှသိရသည်။

ဂျပန်မြန်မာရင်းနှီးမြှုပ်နှံမှုဖြစ်သည့် မြန်မာတာဆာကီကုမ္ပဏီသည် ၂၀၀၁ ခုနှစ်မှစ၍ ကျွန်းစုမြို့နယ်၊ ဒိုမယ်ကျွန်းတွင် စတင်ပုလဲမွေးမြူခဲ့ရာ ယင်းကျွန်းတွင်နေထိုင်သည့် ဆလုံတိုင်းရင်းသားများ ထွက်ခွာပေးခဲ့ရပြီး ဖြစ်သည်။

ယခုအခါ ဆလုံတိုင်းရင်းသားများ ၏ နောက်ဆုံးခံတပ်ဖြစ်သည့် လငန်းကျွန်းအုပ်စု (စစ်စတာကျွန်းအုပ်စု) တွင် ထပ်မံတိုးချဲ့ကာ လာရောက်လုပ်ကိုင် နေကြခြင်းဖြစ်ပြီး ဒေသခံများ၏ ကန့်ကွက်မှုများဖြင့် ရင်ဆိုင်နေရသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

ကိုဆန်း