တက္ကသိုလ်၊ ကောလိပ်များအားလုံးကို အွန်လိုင်းမှ ပို့ချရန် စီစဉ်နေ

0
901

အဝေးသင်အပါအဝင် တက္ကသိုလ်၊ ကောလိပ်များအားလုံးကို အွန်းလိုင်းမှပို့ချနိုင်ရန်အတွက် သက်ဆိုင်ရာ တက္ကသိုလ် အစုအဖွဲ့အလိုက် လုပ်ဆောင်ရန် စီစဉ်နေကြောင်း ထားဝယ်မြို့ရှိ တက္ကသိုလ် အချို့ထံမှ သိရသည်။

သင်ခန်းစာလျှော့ချခြင်း၊ သင်ကြားမည့် သင်ခန်းစာများကို ဗီဒီယိုဖိုင် ရိုက်ကူးခြင်းတို့ကို ဝိဇ္ဇာသိပ္ပံတက္ကသိုလ် အုပ်စု၊ ကွန်ပျူတာ တက္ကသိုလ်အုပ်စု၊ နည်းပညာတက္ကသိုလ်အုပ်စု စသည်ဖြင့် အုပ်စုခွဲဆောင်ရွက်နေကြောင်း ယင်းတက္ကသိုလ်တို့ထံမှ သိရသည်။

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တို့အတွက် အွန်လိုင်းမှ ပို့ချမည့် သင်ခန်စာများကို ဇူလိုင်လ ၉ ရက်မှစပြီး ဒဂုံတတ္ကသိုလ်က ဦးဆောင်စီစဉ်နေကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။

“သိပ်တော့ မကြာတော့ဘူး။ တစ်လ၊ နှစ်လအတွင်း ဖြစ်လာလိမ့်မယ်။ ဘာကြာင့် လဲဆိုတော့ ကလေးတွေက စာနဲ့ပြတ်မှာ စိုးလို့။ ဒါကို အကြာကြီး ဆွဲနေလို့ မရဘူး” ဟု ဒေါက်တာသိင်္ဂီရွှေက ပြောသည်။

ပညာရေးဝန်ကြီးဌာနကလည်း တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းသား နှစ်သိန်းခွဲ အသုံးပြုနိုင်မည့် အွန်လိုင်းပလက်ဖောင်းတစ်ခုကို ဆောင်ရွက်နေကြောင်း ၎င်းင်းက ပြောသည်။

တက္ကသိုလ်ကျောင်းသားအချို့ကမူ အွန်လိုင်းစနစ်ဖြင့် ပို့ချမည့်အစီအစဉ်သည် စနစ်တကျ ဆောင်ရွက်မူမရှိပါက အောင်မြင်နိုင်မည်မဟုတ်ကြောင်း ပြောဆို နေကြသည်။

“အဓိကကတော့ နေရာတိုင်းမှာ အင်တာနက်လိုင်းကောင်းရဲ့လားပေါ့။ လက်တွေ့သင်တန်းတွေကိုရော ဘယ်လို စီမံလဲ။ ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ” ဟု ထားဝယ်တက္ကသိုလ် သင်္ချာဒုတိယ နှစ်ကျောင်းသူ မမို့မို့သူက ပြောသည်။

အွန်လိုင်းမှ သင်ခန်းစာများကို သင်ယူရာတွင် ငွေကြေးကုန်ကျမူ သက်သာစေရန်အတွက်လည်း စီစဉ်နေကြောင်း တက္ကသိုလ်အချို့ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ပါကလည်း အွန်လိုင်း တစ်ဝက်၊ ကျောင်းတက်တစ်ဝက်စနစ်ဖြင့် ဆက်လက်လုပ်ဆောင်ရန်ရှိကြောင်းလည်း ဒေါက်တာသိင်္ဂီရွှေက ပြောသည်။

အဝေးသင်သင်တန်းများ ကျောင်း အပ်လက်ခံနိုင်ရေးအတွက်လည်း ကျောင်းမအပ်ရသေးသည့် ကျောင်းသားများ စာရင်းကို ပြုစုပြီး အဆင့်မြင့်ပညာဦးစီးဌာနထံ ပေးပို့ထားကြောင်း ထားဝယ်တက္ကသိုလ်ထံမှ သိရသည်။

ကျော်သူစိုး