အပင်များသို့ လွမ်းချင်း

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အပင်တွေဆိုတာ တခြားသူတွေ အတွက် သက်မဲ့ဖြစ်ချင် ဖြစ်နေမယ်။ ကျွန်မအတွက်ကတော့ သက်ရှိပါပဲ။

ဟုတ်တယ်။

ကျွန်မဘဝရဲ့ ဆယ်စုနှစ်နှစ်ခုနီးပါး အနီးကပ် ထိတွေ့ခဲ့ရတဲ့ အပင်တွေက ကျွန်မအတွက် အဓိပ္ပာယ်များစွာ ဆောင် ကြဉ်းပေးနိုင်တဲ့ သက်ရှိတွေပါပဲ။

ကျွန်မက ကျေးလက်မှာ ကြီးပြင်း ရှင်သန်ခဲ့သူပီပီ သိတတ်စ အရွယ် ကတည်းက သစ်ပင်သစ်တောနဲ့ ထိတွေ့မှု ရှိခဲ့သူပါ။ ရှင်သန်ဖြတ်သန်းလာခဲ့တဲ့ အနှစ်သုံးဆယ်ကျော်အတွင်းမှာ ကြုံခဲ့ဆုံ ခဲ့ရတဲ့ များမြောင်လှစွာသော အပင်တွေထဲ က ကျွန်မအတွက် ပျော်ရွှင်စရာ၊ ကြည်နူး စရာ၊ ဝမ်းနည်းစရာ၊ နှမြောတသဖြစ်စရာ စတဲ့ အမှတ်ရစရာများစွာ ဖြစ်စေခဲ့တဲ့ အပင်တွေကိုတော့ ခဏခဏ လွမ်းဆွတ် မိတယ်။

ကျွန်မအတွက် အမှတ်တရပေါင်း များစွာ ဖြစ်စေခဲ့တဲ့ အဲဒီသစ်ပင်တွေဟာ အခုအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံး ပျက်စီးသွားခဲ့ကြပြီ။ ဒါ့ကြောင့် သစ်ပင်စိုက်တယ်ဆိုတဲ့ အသံတွေကို ကြားရတိုင်း အဲဒီအပင်တွေကို မှန်းဆ လွမ်းဆွတ်မိပါတော့တယ်။

အခုလည်း မိုးရာသီ ရောက်လာ တော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလို စိတ်ရှိကြတဲ့ တာဝန်သိသူတွေက ဟိုနေရာ၊ ဒီနေရာမှာ အပင်တွေ စိုက်ကြပျိုးကြ တယ်ဆိုတဲ့ ဓာတ်ပုံတွေ၊ သတင်းတွေကို တွေ့ရ မြင်ရ ကြားရတော့ ကျွန်မဘဝမှာ အမှတ်တရတွေ ရှိခဲ့ဖူးတဲ့ သစ်ပင်တွေရဲ့ အကြောင်းကို ပြန်ပြောင်းစဉ်းစားနေမိတယ်။

။။ ။။ ။။

ကျွန်မ ငယ်ငယ်တုန်းက နေခဲ့ရတဲ့ အိမ်က ကျေးရွာရဲ့အစွန်း သုံးဧကလောက် ကျယ်တဲ့ ခြံထဲမှာ ဆောက်ထားတော့ ကျွန်မက သစ်ပင်ကြီးတွေ ဝန်းရံထားတဲ့ အလယ်မှာ မွေးလာတယ်လို့ပဲ ဆိုလို့ရပါ တယ်။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က ခြံဆိုတာ အခုခေတ်လိုမျိုး စီးပွားဖြစ် အပင်တစ်မျိုးတည်း စိုက်ပျိုးတဲ့ခြံမျိုး မဟုတ်ပါဘူး။ ကွမ်းသီးပင်ကို အဓိက စိုက်ပျိုးတယ်ဆိုပေမယ့် အဲဒီတုန်းက ခြံဟာ သီးပင်စားပင်၊ နှစ်ရှည်ပင်မျိုးစုံ ပေါက်ရောက်ရှင်သန်ရာနေရာ ဖြစ်ခဲ့ပါ တယ်။ အဖိုး၊ အဖွား၊ အဖေ၊ အမေတွေနဲ့ မြေးဖြစ်သူ ကျွန်မအပါအဝင် မျိုးဆက် သုံးဆက်အတွက် လုံလောက်တဲ့ အစား အစာတွေကို အဲဒီခြံက ရရှိတယ်။

အိမ်ရှေ့မျက်နှာချင်းဆိုင်မှာ လူသုံး လေးယောက်ဖက် လုံးပတ်ရှိတဲ့ သစ်တို ပင်ကြီးက ကျွန်မတို့အိမ် အမြဲတမ်းအရိပ်ရ အောင် အကာအကွယ်ပေးထားပါတယ်။ ကျွန်မတို့ ကလေးတွေအတွက်တော့ အဲဒီ အပင်ကြီးအောက်မှာ ပြေးတမ်းလိုက်တမ်း၊ အိုးပုတ်တမ်း စတဲ့ ပုံစံအမျိုးမျိုးနဲ့ ဆော့ကစားရာနေရာပေါ့။ ဆောင်းရာသီ ရောက်လို့ သစ်ရွက်ကြွေချိန်ဆို အနီရောင် သစ်တိုရွက်တွေက ဝဲလွင့်ပြန့်ကျဲနေလိုက် တာ မြေပြင်တစ်ခုလုံးနီလို့။ အဲဒီအပင်ရဲ့ သက်တမ်း ဘယ်လောက်ရှိလဲ ကျွန်မ မသိပါ။ အပင်က အတော့်ကို မြင့်တာမို့ သစ်တိုသီးခူးချိန်ဆို သစ်ပင်တက်ကျွမ်း ကျင်သူတွေကိုငှားပြီး ခူးခိုင်းရတယ်။ အသီးတွေကို ရောင်းတန်တာရောင်း၊ တစ်နှစ်လုံးစားဖို့ အချို့တွေကို ဆားစိမ် တန်စိမ်ပေါ့။

အဲဒီအပင်နဲ့ ကလေးဘဝတစ် လျှောက်လုံး ဖြတ်သန်းလာတဲ့ ကျွန်မက တစ်နေ့မှာ အိမ်အသစ်ဆောက်ဖို့ သစ်တို ပင်ကြီးကို ခုတ်ရမယ်ဆိုတဲ့ အဖွားတို့ ပြောနေတဲ့အသံကို ကြားလိုက်ရတယ်။ အဖွားတို့က ပျဉ်ထောင်အိမ် ဆောက်မှာဆို တော့ သစ်တွေလိုတာကိုး။

ကြောက်စရာ ကောင်းတဲ့ တဒိန်းဒိန်း ခုတ်သံဖြတ်သံနဲ့ အတူ သစ်ကိုင်းတွေ ဖွဲကနဲ ဖွဲကနဲကျလာ တာကို ကြည့်ရင်း နှမြောတသတဲ့စိတ်က ဘယ်လိုမှ တားမရခဲ့ဘူး။ သိပ်မကြာခင် မှာ လှည်းဘီးလောက်ရှိတဲ့ သစ်တိုပင်ငုတ်တို လေးပဲ ကျန်ရစ်ခဲ့တော့တယ်။

ကျွန်မက အစွဲအလမ်းကြီးတတ်သူမို့ ကိုယ်မြင်နေကျမြင်ကွင်းတွေ ပြောင်းလဲ သွားတယ်ဆိုရင် မနေတတ်မထိုင်တတ်နဲ့ အရင်မြင်ကွင်းကိုပဲ တသသဖြစ်နေတတ် တာမျိုး။ ဒါ့ကြောင့်လည်း သေသွားတဲ့ အပင်တွေကို ခဏခဏပြန်ပြီး အိပ်မက် မက်တတ်တာ ထင်ပါရဲ့။

ကျွန်မတို့ အိမ်အသစ်ဆောက်တဲ့ အထဲမှာ ပါသွားရတဲ့ နောက်သစ်ပင်နှစ်ပင် က သင်္ကန်းပင်တွေ။ အဲဒီသင်္ကန်းပင် နှစ်ပင်ဟာ ရွာအနီးအနားတစ်ဝိုက်က ရှိသမျှအပင်တွေထဲမှာ အမြင့်ဆုံးလို့ အမေက ပြောတယ်။ ကျွန်မတို့ကလေးတွေ အပင်ခြေရင်းမှာ သွားရပ်ပြီး အပင်ထိပ်ဖျား ကို မြင်ရဖို့ လည်ပင်းပြတ်မတတ် နောက် လန်မော့ကြည့်ကြတဲ့အဖြစ်ကို အခုထိ သတိရနေတုန်းပါပဲ။ လှည်းဘီးလောက် ရှိတဲ့ အဲဒီအပင်နှစ်ပင်ဟာ ဖြောင့်တန်းလို့။

သစ်မာသစ်ကောင်းရမယ့် အပင်မျိုး။

အဲဒီသင်္ကန်းပင်နဲ့ ပတ်သက်တဲ့ နောက်ထပ်လွမ်းဆွတ်စရာ အမှတ်တရ တစ်ခုလည်း ရှိသေးတယ်။ ရွာက မူလတန်းကျောင်းပဲ ရှိတာမို့ ကျွန်မ အလယ်တန်းတက်တော့ မြို့မှာ ကျောင်း သွားတက်ရတယ်။ ရွာနဲ့မိုင်တစ်ရာလောက် ဝေးတဲ့မြို့ကိုရောက်ဖို့ ရထားစီးသွားရတာ။

ရွာကနေ သုံးမိုင်လောက် လမ်း လျှောက်မှ မြို့ကိုသွားရမယ့် ရထား ဘူတာဆီ ရောက်တယ်။ မနက်စောစော ရွာကထွက်ပြီး ရွာပြင်ခပ်လှမ်းလှမ်း ရောက်ရင် ကျွန်မကို လိုက်ပို့တဲ့အမေက “သမီးဟိုမှာ မြင်နေတဲ့ သင်္ကန်းပင်နှစ်ပင် က အမေတို့ ခြံထဲက အပင်လေ။ အဲဒီ အပင်က တစ်ရွာလုံးမှာ အမြင့်ဆုံး” လို့ အနောက်ဘက်ကို ခေါင်းကလေးငဲ့ လက်ညှိုးထိုးပြီး ဂုဏ်ယူတဲ့ လေသံနဲ့ ပြောသံကြားရင် ကျွန်မလည်း မိုးထိုးနေ တဲ့ သင်္ကန်းပင်ကြီးနှစ်ပင်ကို စောင်းငဲ့ကြည့် ယင်း အိမ်နဲ့ခွဲရလို့ လေးလံနေတဲ့ ခြေလှမ်း တွေကို အားယူလှမ်းရတာလည်း အခါ ခါပေါ့။

ဒါပေမယ့် နွေရာသီကျောင်းပိတ်လို့ မြို့ကနေအမေ ပြန်ကြိုလာတဲ့အချိန်ဆို သားအမိနှစ်ယောက် အထုပ်တွေရွက်ပြီး ဘူတာရုံကနေ လမ်းလျှောက်လာရင်း ရွာနဲ့တဖြည်းဖြည်းနီးလာတာနဲ့ သင်္ကန်း ပင်ကြီးနှစ်ပင်ကို လှမ်းမြင်လိုက်ရတယ် ဆိုရင်ပဲ “ငါအိမ်ရောက်တော့မယ်” ဆိုတဲ့ အသိကြောင့် ခြေလှမ်းတွေ ပေါ့ပါး သွက်လက်လာလိုက်တာ မပြောပါနဲ့တော့။ ဒီလိုနဲ့ ကျွန်မအတွက် အမှတ်တရဖြစ်ခဲ့တဲ့ သင်္ကန်းပင်ကြီးနှစ်ပင်ကလည်း ကျွန်မ ရှစ်တန်းရောက်တော့ အိမ်အသစ်ဆောက် ဖို့အတွက် အခုတ်ခံလိုက်ရရှာတယ်။

ဒါ့အပြင် ကျွန်မတို့ခြံထဲမှာ ပေါက် နေတဲ့ ပိန္နဲပင်၊ မန်ကျည်းပင်၊ ရင်ခတ်ပင်၊ ပျဉ်းမပင်၊ သရက်ပင် စတဲ့အပင်တွေက လည်း သစ်တိုပင်နဲ့ သင်္ကန်းပင်တို့လောက် မကြီးပေမယ့် နှစ်ရှည်ပင်တွေမို့ လူ တစ်ဖက်စာထက်မနည်းကြီးတဲ့ အပင် တွေချည်းပါပဲ။

သူတို့ရဲ့သက်တမ်းကို အတိအကျ မသိရပေမယ့် အနှစ်နှစ်ဆယ် ဝန်းကျင်လောက် ရှင်သန်ခဲ့ကြတယ်ဆို တာတော့ ခန့်မှန်းလို့ ရပါတယ်။ အဲဒီ အပင်တွေကလည်း အကြောင်းအမျိုး မျိုးကြောင့် သေဆုံးပျက်စီးသွားကြရှာပြီ။ အခုတော့ မှန်းဆလွမ်းဆွတ်ရင်း သူတို့ အကြောင်းတွေကို တစ်ခုချင်းစီ ပြန်တွေး နေမိတယ်။

ပိန္နဲသီးသီးချိန်ဆို စားချင် သလောက်စားပြီး မကုန်ရင် အဖွားက အစိတ်လေးတွေစိတ်ပေးပြီး ကျွန်မက ရွာလည်ရောင်းတော့တာပါပဲ။ ရလာတဲ့ ပိုက်ဆံကို စုဘူးထဲထည့်ရတာ အမော။

မန်ကျဉ်းပင်ကတော့ လူနှစ်ဖက်စာ လောက်ကြီးပြီး ပင်စည်ကဖြောင့်လိုက် တာ၊ အကိုင်းတွေက အပင်ထိပ်ဖျားဘက် မှာပဲ ရှိတာမို့ အဲဒီအပင်ပေါ်တက်လို့ရ တဲ့သူက ခပ်ရှားရှားရယ်။ ဒါပေမယ့် ကျွန်မရဲ့ ဝမ်းကွဲမောင်တစ်ယောက်က တော့ သစ်ပင်တက်တဲ့နေရာမှာ ဘယ် လောက်တောင် ကျွမ်းကျင်လိုက်သလဲဆို ရင် အဲဒီအပင်ရဲ့ ထိပ်ဆုံးကိုင်းခွကြားမှာ ပက်လက်လှဲပြီး ဝယ်ထားတဲ့မုန့်ကို အေးအေးဆေးဆေး စားနေသတဲ့။ ဇိမ်ခံ တယ်ဆိုတာ အဲဒီလိုမျိုးဖြစ်မယ်ထင်ပါရဲ့။

ခြံရဲ့ အလယ်လောက်ကျတဲ့နေရာမှာ ရင်ခတ်ပင်နှစ်ပင်နဲ့ ပျဉ်းမပင်ကလည်း လူတစ်ဖက်စာလောက်တော့ ကြီးကြ တယ်။ ရင်ခတ်ပင်တစ်ပင်ရဲ့ ပင်စည် အလယ်လောက်မှာ အခေါင်းပေါက်တစ်ခု ရှိပြီး အဲဒီအခေါင်းပေါက်ထဲမှာ ဇီးကွက် မိသားစုက သီရိဂေဟာလုပ်ထားကြ တယ်။ အပေါက်ဝမှာ ခေါင်းပြူတစ်ပြူ တစ်ဖြစ်နေတဲ့ ဇီးကွက်တွေကို တွေ့ရဖို့ ကျွန်မတို့ကလေးတစ်သိုက် သွားသွား ချောင်းကြတယ်။

ရငခြတသြီးသီးခွိနဆြို အသီးတှေ ကောကပြှီး ကှမြးညှပနြဲ့ခှဲ အထဲကအသား ကို ကလောထြုတပြှီး သကှားနဲ့နယစြားကှ တယြ။ အဲဒီတုနြးက အကောငြးဆုံး သရစောတဈမွိုးပါပဲ။ မနကလြငြးပှီဆို ရငခြတသြီးကောကဖြို့ ရငခြတပြငခြှရငြေး တဈဝိုကမြှာ တဝဲဝဲ လညလြညြ ပတနြပှေီ။

ရင်ခတ်ပွင့်တွေက ဝါထိန်ထိန်အရောင် မို့ သိပ်လှတယ်။ အပင်ခြေရင်းအောက်ကို နှစ်ပေါင်းများစွာ တစ်နေ့ သုံးလေးကြိမ် ပတ်ခဲ့လို့ ထင်တယ်။ ဝါထိန်ထိန် ရင်ခတ်ပွင့်တွေ ပြန့်ကျဲနေတဲ့ အိပ်မက်မျိုး ကို ခဏခဏမက်တတ်တာ အခုအချိန် ထိပါပဲ။

ပျဉ်းမပွင့် ပွင့်တဲ့အချိန်ဆိုရင် ပင်လုံးကျွတ် အပွင့်တွေနဲ့ဝေနေသလို ပွင့်ချပ်လွှာတွေကလည်း တဖွဲဖွဲကြွေကျ နေလိုက်တာ မြေပြင်တစ်ခုလုံး ခရမ်း ရောင်လွင်ပြင်ကိုဖြစ်လို့။

ရင်ခတ်ပင်နဲ့ ပျဉ်းမပင်က ကပ်လျက် ပေါက်နေပေမယ့် ရင်ခတ်ပင်ကို အိပ်မက် မက်တဲ့အချိန်ဆို ပျဉ်းမပင် မပါသလို ပျဉ်းမပင်ကို အိပ်မက်မက်ရင် ရင်ခတ်ပင် ကို မတွေ့ရပါ။ သူတို့နှစ်ပင်က ကျွန်မရဲ့ အိပ်မက်ထဲမှာ ဘယ်တော့မှ ဆုံစည်းခွင့် မရကြရှာဘူး။

အဖိုးအဖွားတို့က အိမ်အနားမှာရှိတဲ့ ခြံအပြင် ရွာနဲ့နှစ်မိုင်လောက်ဝေးတဲ့နေရာမှာလည်း နောက်ထပ် ခြံတစ်ခြံရှိ သေးတယ်။ ကျွန်မငယ်ငယ်တုန်းကဆို အဲဒီခြံမှာ မိုးထိုးနေတဲ့ သစ်ပင်ကြီးတွေမှ အများကြီး။ ကျွန်မတို့ခြံသွားတိုင်း လူ ငါးယောက်လောက်ဖက်မှ တစ်ပတ် ပြည့်တဲ့ သစ်တိုပင်ကြီးရဲ့အရိပ်အောက် မှာ ဆော့ကစား၊ ထမင်းထုပ်တွေစား၊ ငှက်ပျောဖက်တွေခင်းပြီး နေ့လယ် တစ်ရေးတစ်မော အိပ်ခဲ့ရတာကို ဘယ် တော့များမှ မမေ့။

ကွမ်းသီးခြံလို့ ဆိုပေမယ့် သစ်ပင်ကြီးမျိုးစုံပေါက်နေလိုက်တာ နေပြောက် မထိုးနိုင်အောင်ပါပဲ။
သရက်ပင်၊ မရန်းပင်၊ ဆီးပင် စတဲ့ အပင်တွေကလည်း သစ်တိုပင်လောက် မကြီးပေမယ့် မိုးထိုးနေတဲ့ အပင်တွေ ချည်းပါပဲ။ သရက်သီးသီးချိန် သရက်သီး ကောက်စား၊ ဆီးသီးသီးချိန် ဆီးသီး ကောက်စားနဲ့ ကလေးဘဝတုန်းက ခြံသွားရရင် ဘာနဲ့မှလဲလို့ မရတဲ့ စည်း စိမ်တွေပေါ့။

အဲဒီခြံထဲမှာ ကျွန်မအတွက် ကြည်နူး စရာအမှတ်တရတစ်ခု ပေးခဲ့တဲ့ အပင် တစ်ပင်ကတော့ မိုးထိုးနေတဲ့ လက်ပံပင် ကြီးပါပဲ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက် တုန်းကပေါ့။

ဆောင်းရာသီလက်ပံပွင့် ချိန်မှာ ဆွမ်းချက်ဖို့ လက်ပံပွင့်ဟင်းချို ချက်မယ်ဆိုလို့ ကျွန်မနဲ့အမေ မနက် စောစော စက်ဘီးတစ်ယောက်တစ်စီးနဲ့ လက်ပံပွင့်ကောက်သွားကြတယ်။ စက်ဘီး နင်းနေရင်းနဲ့ အော်အော်ပြီးတော့လည်း စကားလှမ်းပြောကြသေးတယ်။ ကျွန်မ တစ်သက်လုံးမှာ အမေနဲ့အဲဒီလို ကြည် ကြည်နူးနူး စက်ဘီးစီးပြီးသွားတာ အဲဒီ တစ်ခါပဲ ရှိခဲ့လို့လား မသိဘူး။

အမေ့ စက်ဘီး အရှေ့ကသွားပြီး ကျွန်မစက်ဘီး အနောက်ကနေလိုက်နေတဲ့ အဲဒီမြင်ကွင်း ကို အခုအချိန်အထိ ခဏခဏပြန်မြင် ယောင်ပြီး သတိရနေမိတယ်။

အဲဒီနေ့က လက်ပံပွင့်ကောက်ကြ ရင်းနဲ့ သားအမိနှစ်ယောက် ကြည်ကြည် နူးနူး စကားတွေပြောနေကြတဲ့ မြင်ကွင်း ကို ပြန်လွမ်းမိတော့ ဒီနှစ်ဆောင်းရာသီမှာ
“ဆွမ်းချက်ဖို့ လက်ပံပွင့်သွား ကောက်ရအောင် အမေ”လို့ အမေ့ကိုပြော မိတော့ အမေက “ဘာတွေ အိပ်မက်မက် နေတာလဲ။ အဲဒီအပင်ကို ခုတ်လိုက်တာ ဘယ်လောက်တောင် ကြာနေပြီလဲ”တဲ့။ ကျွန်မသက်ပြင်းကို ခပ်ဖွဖွချယင်း အမေ နဲ့လက်ပံပွင့်ကောက်ခဲ့ရတဲ့ မနက်ခင်း လေးကိုပဲ ထပ်ခါတလဲလဲ ပြန်မြင်နေမိ တယ်။ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အလွမ်းတွေပေါ့။

အဖိုးနဲ့အဖွားဆုံးသွားတော့ သား သမီးတွေက အမွေဆက်ခံကြရတဲ့အခါ ခြံကို ပြုစုပျိုးထောင်တဲ့ နည်းစနစ်တွေ ပြောင်းလဲသွားခဲ့တယ်။ အရင်တုန်းက လိုမျိုး ခြံထဲမှာ ပေါက်ချင်တဲ့အပင် ပေါက်လို့မရတော့။ ခြံထဲမှာ သီးပင်စား ပင်တချို့ ရှိနေသေးပေမယ့် မိုးထိုး အပင်ကြီးတွေက စီးပွားလည်းမဖြစ် မယ့်အတူတူ အဲဒီအပင်တွေကို ခုတ်ပြီး ကွမ်းသီး၊ ရော်ဘာ စတဲ့ ဈေးကွက်ဝင်တဲ့ အပင်တစ်မျိုးတည်းကိုပဲ ပိုစိုက်လာကြ တော့တယ်။

ပြောင်းလဲလာတဲ့ လူနေမှုစနစ်နဲ့ အညီ ကြီးမြင့်လာတဲ့ အသုံးစရိတ်တွေ အတွက် ဈေးကွက်ဝင်အပင်တစ်မျိုး တည်းစိုက်တဲ့ ဧကစိုက်ပျိုးရေးစနစ်ကို တောင်သူတွေက တဖြည်းဖြည်း ကျင့်သုံး လာကြတယ်။ ခြံဆိုတာ ပေါက်ချင်တဲ့ အပင်ပေါက်လို့ရတဲ့ အနေအထားက အဖိုးအဖွားတွေရဲ့ခေတ်မှာ ကျန်ရစ်ခဲ့ပြီ။

ဒီနှစ်မှာတော့ အရင်နှစ်တွေတုန်း ကထက် အပင်တွေကို ပိုလွမ်းမိပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ အနှစ်တစ်ရာ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ကျွန်မတို့ ရွာလေးဟာ ရေရှားတယ်ရယ်လို့ တစ်ခါ မှ မကြားဖူးခဲ့ပေမယ့် ဒီနှစ်နွေရာသီမှာ တော့ ရေရှားတဲ့ဒဏ်ကို ခံရရှာတယ်။ ဒါဟာ သစ်ပင်ကြီးတွေ နည်းပါးလာလို့၊ တောပြုန်းသွားလို့ ဖြစ်ရတာဆိုပြီး ပညာရှင်တွေရဲ့ သုံးသပ်စကားကို ကြားရ တော့ အပင်တွေကို နှမျောတသစိတ်က ဘယ်လိုမှ ထိန်းမရခဲ့ဘူး။

ဒါပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကြတဲ့ သူတွေက သစ်ပင်တွေ စိုက်ကြ ပျိုးကြသံကြားတော့ နှစ်များ မကြာမီမှာ အကိုင်းအခက်တွေ ဝေေ၀ ဆာဆာနဲ့ အရိပ်ရသစ်ပင်ကြီးတွေကို ပြန်လည်မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့် ယင်း အခုတော့ ကြုံဆုံခဲ့ဖူးတဲ့ အပင်တွေ ကိုပဲ ပြန်ပြောင်းလွမ်းဆွတ်နေမိတော့တယ်။ ။

နီမာဦး(အံဒင်)