ထားဝယ်အဝေးပြေးဝင်း ပါဆယ်ထုပ်အတွင်း စိတ်ကြွဆေးပြား ခြောက်သောင်းနီးပါး ဖမ်းမိ

0
3429

အဝေးပြေးကားဖြင့် ရေးမြို့မှ သယ်ဆောင်လာသည့် ပါဆယ်ထုပ်အတွင်း စိတ်ကြွဆေးပြား ခြောက်သောင်းနီးပါး ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ ထားဝယ်အဝေးပြေးကွင်းရှိ ကားဂိတ်တွင် မသင်္ကာဖွယ် ပါဆယ်ထုပ် ရောက်ရှိနေကြောင်း သတင်းအရ ဇူလိုင်လ ၈ ရက်တွင် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။

အဆိုပါ ပါဆယ်ထုပ်တွင် လူအမည်နှင့် ဖုန်းနံပါတ်တစ်လုံး ရေးသားထားပြီး ဖွင့်ဖောက်စစ်ဆေးရာ WY စိတ်ကြွဆေး ၅၉၄၀၀ ပြား တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ပါဆယ်ထုပ်နှင့် ပတ်သက်၍ စုံစမ်းရာ အဆိုပါ ပါဆယ်ထုပ်ကို ရေးမြို့ရှိ ကားဂိတ်မှ တင်ပေးလိုက်သည်ဟု သိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ ပါဆယ်ထုပ်ပိုင်ရှင်မှာ ဇူလိုင်လ ၇ ရက်နေ့က တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်စပ်ဖြစ်သည့် မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးများနှင့် ဖမ်းမိသည့် ရေးမြို့နယ်နေ အသက် ၃၄ နှစ်အရွယ် အမျိုးသားဖြစ်နေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အဆိုပါ အမျိုးသားကို ရေဖြူမြို့မ ရဲစခန်းနှင့် ထားဝယ်မြို့မရဲစခန်းတို့တွင် သက်ဆိုင်ရာ မူးစိတ်ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။