ကပ်ဘေးထဲက တော်လှန်ရေး

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အခန်း (၇)

တော်လှန်ရေး

ဒီကပ်ဘေးကြီးအလွန်မှာ တွေးပုံမြင်ပုံတွေ အမှန်တကယ် ပြောင်းလဲကြပါ့မလားဆိုတာကို အခု ကတည်းက စဉ်းစားလာကြပါတယ်။ သမိုင်းမှာတော့ ပြောင်းတာရော၊ မပြောင်းတာရော တွေ့ကြရပါတယ်။

ပထမကမ္ဘာစစ်ရဲ့ ကနဦး (၁၉၁၄- ခရစ္စမတ်) မှာကတည်းက စစ်ရေးရည်မှန်းချက်တွေ ထင် သလောက် မအောင်မြင်နိုင်ဘူးဆိုတာကို ဥရောပ စစ်နိုင်ငံအားလုံးက သိကြပါတယ်။ ဆက်တိုက်နေ ရင်လည်း အဓိပ္ပာယ်မဲ့ လူသတ်ပွဲတွေပဲဖြစ်မယ်ဆိုတာ ကို သိကြပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံကမှ သူတို့ အမြင်ကို မပြောင်းကြပါဘူး။ သူရဲကောင်းဝါဒ၊ လိုအပ်လို့ တိုက်ရတဲ့စစ်ပွဲစတဲ့တရားသေ အမြင်တွေနဲ့ ၁၉၁၈ အထိ အနောက်ဘက် စစ်မျက်နှာရွှံ့နွံတွေ ကြားမှာ လုံးထွေးနေကြပါတယ်။

စီးပွားပျက်ကပ်နဲ့ ဒုတိယ ကမ္ဘာစစ်အပြီးမှာ တော့ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေမှာ တိုးတက်ပြောင်းလဲမှုတွေ နှစ် ၃၀ လောက်ဖြစ်ခဲ့ပါ တယ်။ ညီမျှတဲ့တိုးတက်မှုကို ရတယ်။

လုပ်ခလစာ တက်လာပြီး ဆင်းရဲချမ်းသာ ကွာဟမှု ကျလာတယ်။ အစိုးရဟာ စီးပွားရေးမူဝါဒတွေ ပြောင်းတယ်။ လူမှုဖူလုံရေးတွေအတွက် ငွေသုံးတယ်။ အလုပ်သမား သမဂ္ဂတွေ အားကောင်းလာအောင် လုပ်တယ်။ ငွေကြေးကဏ္ဍကို ထိန်းချုပ်တယ်။

အခွန်အကောက် (အထူးသဖြင့် လူချမ်းသာတွေကို) တိုးကောက်တယ်။ ဒါတွေဟာ အုပ်ချုပ်သူတွေ ရုတ်တရက် စိတ်ပြောင်း သွားလို့ မဟုတ်ပါဘူး။ အောက်ခြေက လှုပ်ရှား တောင်းဆိုမှုဖိအားနဲ့ လူမှုစီးပွားဖွဲ့စည်းပုံအသစ် ပြောင်းဖို့ လိုတယ်ဆိုတဲ့ စိတ်ကူးအမြင် ပြောင်းလဲမှု ကြောင့်ပါ။

မျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်တည်ရေး ဟာ ခက်ခဲပင်ပန်း လှတဲ့အလုပ်ပါ။ တန်ပြန်ခုခံမှု တွေကလည်း အမြဲပဲရှိနေပါ တယ်။ အမြစ်တွယ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးအင်အားစုတွေကိုလည်း ရင်ဆိုင် ကြရမှာ။

ကျုပ်တို့ ဘယ်လိုလုပ်ကြရ မှာပါလိမ့်။

စုဖွဲ့ကြဖို့၊ ဆုံတွေ့ကြဖို့၊ စုရုံးကြဖို့ ခက်ခဲနေ ဦးမယ့်လက်ရှိ ကာလတွေမှာ ဘယ်လိုလုပ်ကြမလဲ။
ဟန်နာအားရန့် (Hannah Arendt ) ရဲ့ အာဏာ ရှင်စနစ်၏ ဇာစ်မြစ်များ (Origins of Totalitarianism) စာအုပ်မှာတော့ အဖော်မဲ့နေခြင်း (Isolation) နဲ့ တစ်ကိုယ်တည်း ဖြစ်နေခြင်း (Solitude) ဆိုပြီး ခွဲကြည့်ပါတယ်။ ဟန်နာ ဆိုလိုတဲ့ အဖော်မဲ့ အထီးကျန်ခြင်းဆိုတာက လူတွေကို သက်သက်စီ ဖြစ်အောင် ခွဲထားလိုက်တာ။ ပေါင်းစည်းလှုပ် ရှားလို့မရအောင် လုပ်ထားတဲ့ အခြေအနေမျိုးကို ဆိုလိုတာပါ။ ပြင်ပလောကနဲ့ အဆက်ပြတ်နေ စေတာ၊ တစ်ခုခုလုပ်နိုင်တဲ့အစွမ်း အစပျောက်သွား အောင် လုပ်ထားတာမျိုးပါ။

အာဏာရှင်စနစ်အောက်မှာ လူအုပ်ကြားထဲ ရောက်နေရင်တောင် အချင်းချင်းရဲဘော်ရဲဘက် ဖြစ်မသွားအောင် ပိုင်းခြားကန့် သတ်ထားတတ် ကြပါတယ်။ တစ်ယောက်ချင်းစီဟာ အထီးကျန် လွင့်မျောနေသူတွေ ဖြစ်စေဖို့ပါ။ ကိုယ့်အသံကို ကြားပေးမယ့်သူ မရှိ၊ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်နိုင် အောင် မှန်ထောင်ပြမယ့်သူ (တုံ့ ပြန်ဆွေးနွေးမယ့်သူ)မရှိ။

အာဏာရှင်စနစ်က စုပေါင်းအားဖြစ် မလာစေ ချင်ဘူး။ ကွဲပြားတဲ့အမြင်တွေ ပေါ်မလာစေချင်ဘူး လေ။

“အဖော်မဲ့ခြင်း” နဲ့ တူသယောင်ရှိပေမယ့် “တစ်ကိုယ်တော်” ဖြစ်နေသူမှာတော့ ယုံ ကြည်တာ၊ စဉ်းစားတာ၊ ဖန်တီးတာ၊ လှုပ်ရှားတာတွေရှိနေပါလိမ့် ဦးမယ်။

ခုကြုံနေရတဲ့ကပ်ဘေးလို အခြေအနေတွေ ကြောင့်ပဲဖြစ် ဖြစ်၊ လိုအပ်ချက်ကြောင့်ပဲဖြစ် ဖြစ်၊ ရွေးချယ်မှုကြောင့်ပဲဖြစ်ဖြစ် “တစ်ကိုယ်တော်” ဖြစ်နေတဲ့အခါ စွမ်းအားတော့ မဲ့မနေသေးပါဘူး။

အာဏာရှင်ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီလို့ပဲ နာမည် ခံခံ၊ ပြည်သူတွေကို အဖော်မဲ့ဖြစ်နေစေချင်တဲ့ အာဏာပိုင်တွေပဲ ကမ္ဘာမှာများ ပါတယ်။ လွတ်လပ် စွာပြောဆိုခွင့်ကို ပိတ်ပင်တာ၊ မီဒီယာကို ဖိနှိပ် တာ၊ ပြည်သူ့လူ့အဖွဲ့အစည်းတွေကို ကန့်သတ် တာတွေကို သက်သေအဖြစ် ပြလို့ရပါတယ်။ တစ် ဖက်မှာလည်း နိုင်ငံရေး၊ စီးပွားရေးစနစ်ကြီးက ဓန ဥစ္စာရှိသူသာ ပြောရေးဆိုခွင့်ရ၊ သာမန်ပြည်သူ တွေက နေ့စဉ်ဘဝထဲမှာ နစ်မြုပ် ပြီး အဖော်မဲ့ဘဝက မလွတ်မြောက်နိုင် (စုရုံးဖို့အခွင့်အရေးမရ)အောင် လုပ်နေပါတယ်။ အမေဇုန်လို ကော်ပိုရေးရှင်းကြီးဟာ သူ့ဆီမှာ အလုပ်သမားသမဂ္ဂတွေ မဖွဲ့နိုင်အောင် လုပ်ထားပါတယ်။


ဟိုတုန်းကတော့ အရှေ့ဂျာမနီမှာ ကွန်မြူနစ် အစိုးရရဲ့လျှို့ဝှက်ရဲတပ်ဖွဲ့က နေရာတိုင်းလိုလို ရှိနေတော့ ပြည်သူတွေ တစ်ယောက်နဲ့တစ်ယောက် မယုံရဲကြဘူး။ အခုအခါမှာတော့ လျှို့ဝှက်ရဲတပ်ဖွဲ့ ရဲ့ အလုပ်မျိုးကို အင်တာနက်ထောက်လှမ်းရေးက လုပ်နေတယ်။ ဒါ့အပြင် ကပ်ဘေးမတိုင်ခင်နှစ်တွေ မှာ အစွန်းရောက်ခေါင်းဆောင်တွေ နောက်က ရန်လိုနေတဲ့၊ အမုန်းမီးတောက် နေတဲ့လူအုပ်ကြီးတွေ နဲ့ သူတို့ကို အသုံးချနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အားစုတွေကို ကြောက်ရသေးတယ်။ လူအုပ်ကြီးကိုသုံးပြီး လူတွေအချင်းချင်း ကွဲကုန် အောင်၊ ကိုယ့်နေရာကနေ ရှေ့ထွက်ပြီး လှုပ်ရှားချိတ် ဆက်တာမျိုးတွေ မလုပ်နိုင်အောင် (တစ်နည်း အားဖြင့်) ဒီနည်းနဲ့ အဖော်မဲ့ပိတ်မိနေအောင်လည်း လုပ်တတ်ကြတာကိုး။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့ လူ့အဖွဲ့အစည်းတေ ရဲ့ ရုန်းကန် လှုပ်ရှားမှုဟာ တစ်နည်းအားဖြင့်တော့ ပြည်သူတစ်ယောက်ချင်းစီ အဖော်မဲ့၊ စွမ်းအားမဲ့ ဖြစ်မသွားရေး၊ ဂုဏ်သိက္ခာနဲ့ လွတ်လပ်ခွင့် မဆုံးရှုံး ရေးပဲဖြစ်ပါတယ်။ အဲဒီအတွက် လုပ်ရတဲ့အလုပ်က နည်းအမျိုးမျိုးနဲ့ ချိတ်ဆက်လက်တွဲမိ ကြဖို့ပါ။

ကပ်ဘေးထဲမှာ ပိတ်မိနေတဲ့ ကျုပ်တို့တွေ အနေနဲ့ ပေါင်းစည်းလက်တွဲမှု သမိုင်းဇာတ်ကြောင်း တွေကို ပြန်မြင်ကြည့်ဖို့ လိုနိုင်ပါတယ်။

အမေရိကန် လူမှုပြုပြင် ပြောင်းလဲရေးသမား၊ စာရေး ဆရာဖရက်ဒရစ် ဒေါက်ဂလပ်စ် (Frederick Douglass) ဟာ သူ့ရဲ့ လွတ်မြောက်ရေး ခရီးအစကို ပြန် ရေးပြခဲ့တယ်။

ကျွန်ဘဝနဲ့ သူဟာ တစ်ညနေမှာ ဆိပ်ကမ်းက သင်္ဘောသားနှစ်ယောက်ကို ပစ္စည်းကူချ ပေးခဲ့တယ်။ မတ်တတ်ရပ်စကားပြောကြရင်း သူ့ကို ကျွန်မှန်းသိသွားတဲ့အခါ မြောက်ပိုင်းကို ထွက်ပြေး ပြီး လွတ်မြောက်အောင်လုပ်ဖို့ သင်္ဘောသား နှစ်ယောက်က တိုက်တွန်းတယ်။

အဲဒီလို လူနှစ်ယောက် နဲ့ ရဲဘော်ရဲဘက်အဖြစ် တွေ့ဆုံလိုက်ရမှုဟာ လွတ် မြောက်အောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ရဲ့အစပဲလို့ ဒေါက်ဂလပ်စ်က ပြောပါတယ်။ အခက်ခဲ ဆုံးအခြေ အနေတွေနဲ့ အချိန်တို လေးအတွင်းမှာတောင် ပေါင်း စည်းရပ်တည်မှုကို တည်ဆောက်ခဲ့ကြတယ်လို့ ပြောရမှာပါ။

မိသားစုနဲ့ အဖော်အပေါင်းနဲ့ ရှိနေကြတဲ့ အိမ်ထောင်ရှင်အမျိုး သမီးတွေဟာ သူတို့ရဲ့စိတ်ပိုင်း ဆိုင်ရာပြဿနာကို ဖွင့်ဟစရာ မရှိခဲ့ကြပါဘူး။ ကိုယ့်ပြဿနာ ကိုယ်ပဲခံရမှာဆိုတဲ့ အတွေးနဲ့နေ ခဲ့ကြရပါတယ်။ သူတို့ကြုံတွေ့ နေရတာက ပုဂ္ဂလိက ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေကိုအနည်း နဲ့အများ စွန့်လွှတ်ပြီး သားသမီးအတွက်၊ မိသားစု အတွက် နှစ်မြှုပ်နေရတဲ့အတွက် မွန်းကျပ်နေကြ တဲ့ကိစ္စပါ။ ဒီအကြောင်းတွေကို ပြန်ရေးပြတဲ့ ဖရီဒင် (Friedan) က အမည်မရှိတဲ့ ပြဿနာ (Problem that has no name) လို့ ခေါ်ခဲ့ပါတယ်။

၁၉၅၉ ဧပြီ မနက်ခင်း တစ်ခုမှာ အဲဒီလို အမျိုးသမီးတွေ စုပြီး စကားပြော ဖြစ်ခဲ့တယ်။ အားလုံးမှာ ဆင်တူတဲ့ အမျိုးသမီး ဖြစ်တည်မှုဆိုင်ရာ ပြဿနာတွေရှိနေကြတာ သိသွား ကြတယ်။ အမည်မရှိတဲ့ ပြဿနာကြီးဟာ တကယ်တော့ အမည်မရှိတာမဟုတ်၊ စုပေါင်းဖလှယ်တာမျိုး မလုပ် ဖြစ်ကြလို့ အားလုံးနဲ့ ဆိုင်တဲ့ဇာတ်ကြောင်းဖြစ်မလာ တာလို့ သိလာခဲ့ကြတယ်။ အဲဒီကနေ ၁၉၆၀ ကျော် နှစ်တွေရဲ့ အမျိုးသမီးရေးရာလှုပ်ရှားမှု (ဒုတိယ လှိုင်းလို့လည်း ရည်ညွှန်းပါတယ်) ဖြစ်လာပါတယ်။

ပုံစံအမျိုးမျိုးနဲ့ ပေါင်းစည်းမှုကို တည်ဆောက် နိုင်ကြတဲ့အခါ ပိတ်မိနေကြဆဲဖြစ်ရင်တောင်မှ လွတ်မြောက်ရှင်သန်မှုကို ရကြပါတယ်။

ဒါပေမဲ့ ချိတ်ဆက်မှုရတာ ဟာ ခရီးအစပဲဖြစ်ပါ လိမ့်ဦးမယ်။

ချုပ်နှောင်ထားတဲ့ ယဉ်ကျေးမှု၊ စီးပွားရေး၊ ဖွဲ့စည်းပုံ စနစ်တွေကနေ လွတ်မြောက်အောင် လုပ်ကြည့်ရပါဦးမယ်။ ချုပ်နှောင် ထားတဲ့ဒီစနစ်တွေဟာ အောက်ခြေလူထု ရဲ့ ပခုံးပေါ်ကနေပဲ လည်ပတ်နေတာပါ။ အပေါ်မှာ ပြောခဲ့တဲ့ ဥပမာမှာကိုပဲ ကျွန် ပိုင်ရှင်ရဲ့စီးပွားရေးကို ကျွန်တွေက လည် ပတ်ပေးထားတာ။ မိသားစုဖြစ်တည်မှု ကို အမျိုးသမီးတွေက လည်ပတ်ပေးထားတာ။

တကယ်မှာတော့ အပေါ်က လူရဲ့ အားထက် အောက်ကလှုပ်ခါချ နိုင်တဲ့အားက ပိုကြီးပါတယ်။

ချက်နိုင်ငံ သမ္မတဟောင်း ဟာဗဲလ် (Havel) က “အမှန်တရားနဲ့ နေရုံနဲ့ မရသေးဘူးဗျ။ မမှန်တာတွေကို ငြင်းပယ် ဖို့လည်း လိုသေးတယ်”လို့ ပြောခဲ့ဖူးပါတယ်။

ကျုပ်တို့အချင်းချင်း လက်တွဲ ပေါင်းစည်းကြတယ်။ စနစ်ဆိုးတွေ၊ အမြင်ဟောင်းတွေနဲ့ လက်တွဲဖြုတ်ကြ တယ်။ သင့်မြတ်လျော်ကန်တဲ့ စိတ်ကူး အမြင်သစ်တွေ ဖော်ထုတ်ကြတယ်။ ကိုရိုနာကပ်ဘေးထဲမှာ၊ ကပ်ဘေးအလွန် လူထုလှုပ်ရှားမှုတွေကလည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။

အပြောင်းအလဲဟာ လွယ်ကူလေ့ မရှိပါဘူး။ ဒါပေမဲ့ အခြေအနေဟောင်း တွေဆီကိုလည်း ပြန်မရောက်ချင်ကြဘူး။ ကပ်ဘေးဟာ ကျုပ်တို့ကို လှုပ်နှိုးခဲ့ပါပြီ။

၁၉၄၅ ဇန်နဝါရီ ၁၈ ညမှာ အော့ဇ်ဝစ်အကျဉ်းစခန်းကနေ နာဇီတွေ ဆုတ်ခွာသွားပါတယ်။

ဖျားနာနေလို့ ချန်ထားခဲ့တဲ့ အကျဉ်းသားတွေထဲမှာ ပရီမိုလဲဗီး (Primo Levi) ပါ ပါတယ်။

ဖျားနာ ယိုင်လဲနေတဲ့ လဲဗီးနဲ့ သူ့မိတ်ဆွေ နှစ်ယောက်ဟာ ကွပ်ပျစ်ကနေ ထ၊ ဖရိုဖရဲဝန်းကျင်ထဲကနေ မီးဖို၊ ရေနံဆီနဲ့ အာလူးအိတ်နှစ်လုံးကို ရှာဖွေပြီး သယ် လာကြပါတယ်။

သူတို့ပြန်ရောက်တဲ့အခါ ဖျားနာဆောင်မှာ ကျန်နေခဲ့တဲ့ သူတွေက သူတို့ကို ပေါင်မုန့်တစ် ချပ်စီ ထုတ်ကျွေး ပါတယ်။ အော့ဇ်ဝစ်လို အသက်ရှင်ဖို့ မလွယ်ကူတဲ့ငရဲခန်းမှာ ဝေမျှဖို့ ဆိုတာ အသာထားလို့ မိတ်ဆွေဆိုတဲ့ ခံစားမှု အတွက်ကို နေရာမရှိပါဘူး။ ကိုယ့်ပေါင်မုန့် ကိုယ်စား၊ ဖြစ်နိုင်ရင် သူများဟာပါ ခိုး ပြီးစား ဒါမှအသက်ရှင်နိုင်မှာလို့ နားလည် လက်ခံထားကြတာဟာ ချွေးတပ်စခန်းရဲ့ ဖြစ်တည်မှုစနစ်ပါ။ “ဝေမျှလိုက်တဲ့အခါ တောရိုင်းဥပဒေဟာ ရပ်တန့်သွားပါတယ်။ ရဲဘော်ရဲဘက်ဆိုတဲ့ နှောင်ဖွဲ့မှုဟာ နက် ရှိုင်း သွားပါတယ်” လဲဗီးက အခုလို ရေးပါတယ်။

“အကျဉ်းစခန်းဟာ ကျဆုံးသွားပြီ ဆိုတဲ့ အဓိပ္ပာယ်ပေါ့ဗျာ”

“It really meant that the lager was dead “

ဒေါက်တာမြင့်ဇော်