ရွေးချယ်သူ ဘယ်သူလဲ

0
451

မင်းသားကြီး ကျော်ဟိန်း တစ်ဖြစ်လဲ ဦးကိတ္တိသာရ ပျံလွန်တော်မူတယ်ဆိုတဲ့ သတင်းကို ကြားတော့ ထုံးစံအတိုင်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဦးဇင်း ကျော်ဟိန်း အကြောင်းတွေ အပြည့်။

အဲဒီထဲမှာ မှတ်မှတ်ရရ ဖြစ်တာက ဘီဘီစီနဲ့ ၂၀၁၇ ခုနှစ်လောက်က အင်တာဗျူး ထားတာနဲ့ သြစတေးလျမှာ ဟောထား တယ်လို့ ယူဆရတဲ့ တရားအမေးအဖြေ တစ်ခုပါ။

အင်တာဗျူးမှာ ဖြေထားတာနဲ့ ဟောကြားချက်တွေကနေ သတိထားမိ တာက ကိုယ့်လျှောက်မယ့် လမ်းအတွက် စနစ်တကျ ရွေးချယ်ပြင်ဆင်ခဲ့မှုပါ။

အင်တာဗျူးမှာရော တရားဆွေးနွေး ချက်မှာပါ သူရဲ့ ရဟန်းဘဝကို ရွေးချယ် မှုအကြောင်း၊ ပြင်ဆင်မှုအကြောင်း၊ ပြင်ဆင်မှုက သေချာမှုကိုဖြစ်စေတယ်ဆိုတဲ့ အကြောင်းကို ခဏခဏ ထည့်ပြောတယ်။

လောကမှာ ဘယ်အရာမှ အကြာကြီး မဟုတ်ဘူး၊ ဘယ်အရာမှ မမြဲဘူးဆိုတာ ကို ဟောနေရင်းမှာကိုပင် ပြင်ဆင်မှုက သေချာမှုကို ဖြစ်စေတယ်ဆိုတာကို ထည့်ထည့်ပြောနေတာ တွေ့ရပါတယ်။

ဦးဇင်းကျော်ဟိန်း အင်တာဗျူးကို နားထောင်ရင်း သူ့ရဲ့ ပြတ်သားမှု၊ ရွေးချယ် ထားတဲ့ လမ်းအတွက် ခိုင်ကြည်မှုတဲ့ စိတ်ကို သတိပြုမိပါတယ်။ ခိုင်ကြည်မှာပေါ့။ ပြတ်သားမှာပေါ့။ ကိုယ်တိုင် ရွေးချယ်ခဲ့သည်ကိုး။

တိတိကျကျ ပြောရမည်ဆိုလျှင် ကိုယ်ရွေးချယ်ခဲ့သည်ကို ကိုယ်ကိုယ်တိုင် သိတာကိုး။
ကိုယ်ရွေးချယ်ခဲ့တာကို ကိုယ်တိုင် က အသိအမှတ်ပြုတာကိုး။

ရုတ်တရက် နည်းနည်းရှုပ်သွားတယ် ထင်ပါတယ်။

ကိုယ့်ဘဝရဲ့ အရာရာဟာ ကိုယ့် ရွေးချယ်မှုပါ ဆိုတဲ့ အဆိုကို လူအတော် များများက အလေးအနက် သိပ်မထား ကြပါဘူး။

အထူးသဖြင့် ကိုယ့်ဟာကိုယ် ဘာလုပ် လို့ လုပ်နေမှန်းမသိသူ၊ ကိုယ်လုပ်ချင် တာတွေနဲ့ ပတ်သက်ပြီး ဒွိဟဖြစ်နေသူ တွေဟာ ဘဝမှာ ကိုယ်လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ရပ်တည်ချက် ခိုင်မာမှု၊ ပြတ်သားမှု အားနည်းလေ့ ရှိပါတယ်။

ဒါ့အပြင် အခြားသူတွေကိုလည်း လက်ညှိုးပိုထိုးလေ့ ရှိပါတယ်။

ကိုယ်ကြုံရတဲ့ ကိစ္စအ၀၀ဟာ ကိုယ့် ရွေးချယ်မှုကြောင့်ဆိုတာမျိုးထက် ဘယ် သူ့ကြောင့်၊ ဘယ်ဝါကြောင့်ဆိုပြီး လက်ညှိုး ထိုးတာမျိုးက ပိုများနေတတ်ပါတယ်။

ကိုယ်ရွေးချယ်ခဲ့တာတွေနဲ့ ပတ်သက် ပြီး ကိုယ်တိုင် မသိတဲ့အခါ၊ ကိုယ်ရွေးချယ် ခဲ့တယ်လို့ ကိုယ်တိုင် အသိအမှတ်မပြု တဲ့အခါ ဖြစ်လေ့ရှိတဲ့ သဘာဝပါ။

ဒါကပဲ နောက်ထပ် ဆုံးဖြတ်ချက် တွေ၊ ရွေးချယ်မှုတွေ မှားတာမျိုး ပိုပိုဖြစ် စေပါတယ်။

ရပ်တည်ချက် ခိုင်မာမှု ပိုအားနည်း စေပါတယ်။ ပြတ်သားမှု ပိုအားနည်းစေ ပါတယ်။ ဒီလိုနဲ့ပဲ ကိုယ့်ဘဝက လုံးချာ လည်လိုက်သွားတာမျိုး ဖြစ်လေ့ ရှိပါ တယ်။

ဒီလို လူမျိုးတွေဟာ ဘဝတစ် လျှောက်လုံး ကိုယ်ရွေးချယ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကိုယ်ရွေးချယ်ခဲ့တယ်လို့ မသိ၊ အသိအမှတ်လည်းမပြုဘဲ အဆုံး သတ်သွားကြရလေ့ ရှိပါတယ်။

ကျွန်တော်တို့နဲ့ နီးနီးနားနား အမြဲကြား နေရလေ့ ရှိတာက ငါဘာဖြစ်လို့ ဒါတွေ လုပ်နေမိမှန်းမသိပါဘူးဆိုတဲ့ စကားပါ။

ဦးဇင်းကျော်ဟိန်းကတော့ ၂၀၀၀ ခုနှစ်ကလည်း ၂၀၀၈ ခုနှစ်ဆိုရင် ရုပ်ရှင် လောကက ထွက်ပြီး ရဟန်းဘောင်ဝင် မယ့်အကြောင်း ကြေညာပြီး သေချာ ပြင်ဆင်ခဲ့တယ်တဲ့။

လျှမ်းလျှမ်းတောက် အောင်မြင် သည့်ဘဝမှာ သေချာရွေးချယ် ပြင်ဆင် သည့်အတွက် ပိုသတိထားမိခြင်းလည်း ဖြစ်ပါတယ်။ ဦးဇင်းကျော်ဟိန်းကတော့ သူ့ဘဝရဲ့ အရာရာကို သူကိုယ်တိုင် ရွေးချယ်ခဲ့ပြီး သူ့လမ်းသူလျှောက်သွား ခဲ့ပါပြီ။

ကျွန်တော်တို့ရော။

ကျွန်တော်တို့ဘဝရဲ့ အရာရာ ကိုရော။

မက်အိမ်