ရေဖြူဒေသခံနှင့် စစ်တပ်တို့အကြားက မြေယာပြဿနာကိစ္စ တိုင်းအစိုးရထံ တင်ပြ

0
501

ဇွန်လနောက်ဆုံးအပတ်က ရေဖြူမြို့နယ် မီချောင်းလှောင်ရွာဟောင်းနေ ဒေသခံအချို့နှင့် စစ်တပ်တို့အကြား ဖြစ်ပွားခဲ့သည့် မြေယာပြဿနာကိစ္စကို တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက လက်မှတ်ထိုးပြီး တိုင်းအစိုးရထံ ဇူလိုင်လ ၃ ရက်က စာပို့တင်ပြထား သည်။

မိချောင်းလှောင်ရွာဟောင်းအနီးရှိ ဒေသခံအချို့စိုက်ပျိုးထားသည့် မြေနေရာသည် စစ်တပ်ပိုင်မြေဖြစ်သည်ဟု ဆိုကာ ယင်းနေရာတွင် စိုက်ပျိုးလုပ်ကိုင်၊ နေထိုင်သည့် တဲငါးလုံးကို မီးရှို့ခြင်း၊ အပင်အချို့ကို ခုတ်လှဲခြင်းတို့ကို အမှတ် ၃၀၇ အမြောက်တပ်ရင်းနှင့် အမှတ် ၂၈၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့က ပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းပြဿနာဖြစ်ပွားပြီးနောက် ဇွန်လ ၃၀ ရက်တွင် ထိုနေရာအား ကွင်းဆင်းပြီး Google Map ဖြင့် တိုင်းတာခဲ့ရာ မြေဧရိယာ တစ်ထောင်ကျော်ရှိနေကြောင်း ဦးကြည်စိုးက ပြောသည်။

တိုင်းအစိုးရထံ တင်ပြထားသောစာအရ အငြင်းပွားနေရာ၏ မြောက်ဘက်တွင် သဘာဝဓာတ်ငွေ့ကုမ္ပဏီများ အသုံးပြုနေသော နတ်အိမ်တောင်သွား ကားလမ်းမ၊ အရှေ့နှင့်တောင်ဘက်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းလမ်းကြောင်း၊ အနောက်ဘက်တွင် ရေး-ထားဝယ် ပြည်ထောင်စုလမ်းမတို့ ဝိုင်းပတ်ထားကြောင်း ဖော်ပြထားသည်။

အဆိုပါ ဧရိယာတစ်ခုလုံးကို အမှတ် ၃၀၇ အမြောက်တပ်ပိုင်မြေဟုဆိုကာ ဒေသခံအချို့ စိုက်ပျိုးထားသော နှစ်ရှည်သီးပင်အချို့ကို ခုတ်လှဲခြင်း၊ တဲငါးလုံးကို မီးရှို့ခြင်းနှင့် နေအိမ်တစ်ဆောင်ကို ရွှေ့ပြောင်းခိုင်းခြင်းတို့ကို စစ်တပ်ဘက်မှ လုပ်ဆောင်ခဲ့ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

ရေဖြူတွင် စစ်တပ်နှင့်တောင်သူတို့ မြေယာပြဿနာဖြစ်ပွား

၂၀၁၀ ခုနှစ် မတ်လ ၁၈ ရက် သစ်တောရေးရာဝန်ကြီးဌာန အမိန့်ကြေညာစာအရမူ သစ်တောဌာနမှ အမှတ် ၃၀၇ အမြောက်တပ်ရင်းထံသို့ မြေ ၆၉၀ ဧကကိုသာ လွှဲပြောင်းပေးထားကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

ယင်းအတွက်ကြောင့် အဆိုပါနေရာ ရှိမြေများကို ပြန်လည်စိစစ်ပြီး ထင်သာမြင်သာရှိသည့် နယ်နိမိတ် စည်းခြားမှတ်တိုင်များ စိုက်ထူပေးရန် တင်ပြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“သစ်တောကြိုးဝိုင်းဧရိယာနှင့် တပ်မြေရောထွေးပြီးတော့ ဇဝေဇဝါဖြစ်နေတဲ့အားနည်းချက်ကို မူတည်ပြီးတော့ ဒေသခံတောင်သူတွေနဲ့ ၃၀၇ တပ်တို့အကြား မြေယာငြင်းပွားတယ်လို့ ယူဆ ရတယ်” ဟု ဦးကြည်စိုးက ပြောသည်။

ယင်းနေရာတွင် စိုက်ပျိုးလုပ်ကိုင်နေသူ တောင်သူအချို့ကလည်း အငြင်းပွားနေရာသည် တပ်ပိုင်မြေတွင် မကျရောက်သဖြင့် ယခင်အတိုင်း စိုက်ပျိုး ခွင့်ရလိုကြောင်း ပြောဆိုသည်။
အမှတ် ၃၀၇ တပ်ရင်းမှူးဗိုလ်မှူး ထက်လင်းအောင်ကမူ တဲနှင့် အပင်အချို့ကို ခုတ်လှဲမီးရှို့ခဲ့သည့်နေရာသည် ၎င်းတို့ တပ်ပိုင်မြေဖြစ်ကြောင်း ဇွန်လ နောက်ဆုံးအပတ်က ပြောဆိုထားသည်။

တိုင်းလွှတ်တော်ဒုတိယဥက္ကဋ္ဌက တိုင်းအစိုးရထံ တင်ပြသည့်စာကိစ္စနှင့် ပတ်သတ်ပြီး မေးမြန်းရန် အမှတ် ၃၀၇ တပ်ရင်းမှူး ဗိုလ်မှူးထက်လင်းအောင်ထံ ယခင်အပတ်က ဆက်သွယ်ခဲ့သော ဖုန်းနံပါတ်အား ဇူလိုင်လ ၃ ရက်က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်နေသည်။