အကိုင်းချိုင် လူ့အဖွဲ့အစည်း

0
890

မိုးလေး အေးအေးဖြစ်လာတဲ့အချိန်မှာ အတွေးထဲ နွေရာသီတုန်းက ရေရှားပါးမှု ကြုံရတဲ့ ကိစ္စက ဝင်လာပါတယ်။ အခုတော့ ထုံးစံအတိုင်း မိုးတွေသည်းနေပြီဆိုတော့ နွေတုန်းက ရေရှားတာကိုလည်း မေ့တေ့တေ့ ဖြစ်နေပြီပေါ့။ ရေရှားပါးတဲ့အချိန်မှာ ဘာလုပ်မယ် ညာလုပ်မယ်လို့ အစီအစဉ်တွေ ထုတ်ပြောတတ်တဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း မိုးအေးအေးနဲ့အတူ နွေအခါ ရေရှားမှုကြုံရတဲ့ ပြဿနာကို ဖြေရှင်းဖို့ရာ နှေးဖင့်နေပြီ ထင်ပါတယ်။

ဒီနှစ် နွေရာသီ ရေရှားပါးတဲ့အချိန်က ကော့သောင်းက မိတ်ဆွေကိုရွှေဖမ်ဖေ့စ်ဘုတ် ပေါ်မှာရေးတင်တဲ့ အတွေးစကိုလည်း စွဲမှတ် သတိရနေမိတယ်။

“ရေဆိုတာထက် ရေအရင်းအမြစ်အတွက် ပျောက်သွားတဲ့တောကို ပြန်ရဖို့ လိုအပ်တာပါ”

ကိုရွှေဖမ်ကို တနင်္သာရီဂျာနယ် စာဖတ်ပရိသတ်များ ရင်းနှီးပြီးသားဖြစ်မှာပါ။ ထိုင်းမြန်မာနယ်စပ် ပါချန်မြစ် ကြောင်းတစ်လျှောက် ဒီရေတောတွေ ပြန်လည်ထိန်းသိမ်းရေး ဒေသခံလူထုတွေနဲ့ ပူးပေါင်းကာ စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေကြောင့် တနင်္သာရီဂျာနယ်က ၂၀၁၉ ခုနှစ်အတွက် “ပါချန်သူရဲကောင်း” အဖြစ် ဂုဏ်ပြုမှတ်တမ်းတင် ခံခဲ့ရသူပါ။ သူပြော သလိုပါပဲ။ ကျွန်တော်တို့ဟာ ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေအများကြီးထဲက ရေရှားခြင်းကို ဖြေရှင်းဖို့ ရေလှူဒါန်းမှုတွေ ပြုလုပ်နေကြပေမယ့် ဒါဟာ ရေရှည်အတွက် တကယ့်ဖြေရှင်းရမယ့် ပြဿနာမဟုတ်နေတာကို သတိချပ်ကြဖို့ လိုပါတယ်။

အကိုင်းချိုင်နေရုံနဲ့ တကယ့်ပြဿနာကို ကျွန်တော်တို့ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ကျွန်တော်တို့အားလုံး ခံစားနေရတာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ မိုးမှာ ရေများပြီး နွေမှာ ရေရှားတဲ့ဒဏ်ကို အလူးအလဲ ခံနေကြရဆဲ။ မိုးတုန်းက ရေကြီးလို့ ရေဘေးဒဏ်ခံရသူတွေကို လှူကြတန်းကြ၊ ဝိုင်းကြ ဝန်းကြပြီးလို့ စာရင်းတွေရှင်းလို့ မပြီးသေးခင်မှာပဲ အပူဒဏ်ကြောင့်ရေရှားတဲ့ ရွာတွေအတွက်စပြီး အလှူခံနေကြရပြန်ပြီ။ အဲဒီလို သံသရာလည်နေတာ နှစ်တွေက မနည်းတော့။ အခုလို မိုးလေးရွာလာပြီဆိုရင်လည်း သစ်ပင်တွေ စုပေါင်းစိုက်ပျိုးကြတာတွေ လုပ်ကြပါတယ်။ ဒါပေမယ့် စိုက်ထားတဲ့ အပင်တွေကို ထိန်းသိမ်းစောင့်ရှောက်တာမှာတော့ အားရစရာ အနေအထားတော့ မဟုတ်သေးပါဘူး။

ကျွန်တော်တို့ ဒီအနေအထားကနေ ရုန်းထွက်ဖို့ လှုပ်ရှားကြရပါတော့မယ် ထင်ပါတယ်။
တလောလေးကပဲ တိုက်တိုက် ဆိုင်ဆိုင်ပဲ အိန္ဒိယနိုင်ငံအရှေ့မြောက်ဖျား ပိုင်းဗြမ္မပုတ္တရမြစ်ရဲ့ ကျွန်းပေါ်က ဥတုဘေးဒဏ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တွန်းလှန်နေတဲ့ “သစ်တောလူသား” ရဲ့အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်အတိုလေးတစ်ခု ကြည့်မိတယ်။

ဗြမ္မပုတ္တရမြစ်ဟာ ကမ္ဘာ့အကြီးဆုံး မြစ်တွေထဲကတစ်ခုဖြစ်ပြီး တိဘက်ကုန်းမြင့် နှင်းဖုံးနေတဲ့ ရေခဲတောင်တွေဆီက မြစ်ဖျားခံလာပြီး အိန္ဒိယကိုဖြတ်ကာ ဘင်္ဂလားပင်လယ်အော်ထဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကနေ ဖြတ်သန်း စီးဆင်းတယ်။

ဒီမြစ်ထဲက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ “မာဂျိုလီ” လို့ခေါ်တဲ့ ကျွန်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးမြစ်ထဲက ကျွန်းတစ်ကျွန်း ဖြစ်တယ်။ နှစ်စဉ် မိုးရာသီမှာ ဗြမ္မပုတ္တရမြစ်ရေလျှံလို့ လူပေါင်းသောင်းချီ ရေဘေးခံရပြီး စိုက်ပျိုးမွေးမြူရေးတွေ ပျက်စီးရတယ်။

သိပ္ပံပညာရှင်တွေကတော့ ဒီကျွန်းဟာ မကြာခင် ကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားတော့မယ်လို့ ဟောကိန်း ထုတ်ထားတယ်။ သို့ပေမယ့် အိန္ဒိယအစိုးရက “ဂုဏ်ထူးဆောင် သစ်တော လူသားဆု” ချီးမြှင့်ခြင်းခံရတဲ့ “မာဂျိုလီ” ကျွန်းပေါ်က “သစ်တောလူသား”ဟာ နှစ်ပေါင်း ၄၀ လုံးလုံး မြစ်လယ်က ကောနေတဲ့ သဲသောင်တွေပေါ်မှာ သစ်ပင်ထောင် သောင်းချီ စိုက်ပျိုးပြီး ဗြမ္မပုတ္တရမြစ်လယ်က ကမ္ဘာ့အမွေအနှစ် သားရိုင်းတိရိစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ပြီး ရိုးရှင်းစွာ ရှင်သန်နေထိုင် နေခဲ့တယ်။

သူပြောတဲ့စကားက မှတ်သားဖွယ် “ငါစိုက်တဲ့သစ်ပင်တွေကို မခုတ်ခင် ငါ့ကို အရင်ခုတ်ပါ” တဲ့။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းဆိုတာ နိုင်ငံအစိုးရတွေကပဲ လုပ်လို့ရတဲ့ အလုပ်မဟုတ်ပါဘူး။ လူတိုင်း လူတိုင်း အိမ်နေရင်းလုပ်လို့ရတဲ့အရာတွေပဲ ဖြစ်ပါတယ်။
ခိုင်မာအားကောင်းပြီး အစဉ်ဂရုပြုကြီးကြပ် ထိန်းကွပ်တဲ့ နိုင်ငံရေးမူဝါဒနဲ့ လုပ်ငန်းစဉ်တွေရှိပြီး လူတစ်ဦး တစ်ယောက်ချင်းစီက ပါဝင်လာရင် ဒါဟာ ခက်ခဲကြီးမားတဲ့အလုပ်ပေမယ့် အောင်မြင်ဖို့ လမ်းစလည်း ကောင်းကောင်းရှိနေပါတယ်။

လက်ရှိအချိန်မှာ ကျွန်တော်တို့အများစုက ဥတုကပ်ဘေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုသာ အာရုံစိုက်တာများနေ လေ့ရှိကြပါတယ်။ ဆိုခဲ့ပြီးသလို ရေလှူတဲ့ အလုပ်မျိုးက ရေတိုအတွက် အရေးပေါ် လိုအပ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် ရာသီဥတုပြောင်းလဲမှု ဖြစ်ရခြင်းရဲ့ အဓိကပြဿနာ အရင်းအမြစ်တွေကို ဖော်ထုတ် ဖြေရှင်းတာမျိုး မလုပ်ဘူးဆိုရင် ပြဿနာက ကြာလေဆိုးလေဖြစ်ပြီး ကျွန်တော်တို့ ကိုယ်တိုင် ဒီနွံမှာ နစ်သွားမှာပါပဲ။
ရေရှားခြင်းဒဏ်ကို ရှောင်လွှဲဖို့ဆိုရင် ရေရှားစေတဲ့အကြောင်းတရားတွေကို စေ့ငုရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ကျေးလက်အများစုမှာ လွန်ခဲ့တဲ့ ၅-၁၀ နှစ် လောက်က ကျွန်တော်တို့ဟာ ရေအတွက် ပိုက်ဆံကုန်ကျခံစရာ မလိုခဲ့ကြဘူးမို့လား။ အများသုံး သောက်ရေတွင်း၊ ရေကန်၊ ချောင်းမြောင်းအင်းအိုင်တွေဟာ သန့်ရှင်းပြီး ချိုးဖို့၊ သုံးဖို့အပြင် စိုက်ပျိုးရေးနဲ့ မွေးမြူရေး အလုပ်တွေအားလုံးအတွက်ပါ ဖူလုံခဲ့ကြဖူးတယ်လေ။ ရေအတွက် ငွေသုံးဖို့ မလိုခဲ့ကြဘူး။ ဒီကနေ့ အချိန်မှာတော့ လူဦးရေထူထပ်လာမှု၊ အများပိုင်စနစ် ပျောက်ဆုံးလာမှုနဲ့ ပုဂ္ဂလိက ဘဝတန်ဖိုးထားခြင်း မြင့်တက်လာမှုတွေကြောင့် အများသုံးရေတွင်းတွေဆိုတာ ကျေးရွာ တချို့ကလွဲရင် မရှိသလောက်ဖြစ်သွားခဲ့ပါပြီ။

ပြီးတော့ ရေသန့်ဆိုတာတွေကို နေရာတကာ ဝယ်သုံးလာကြရတယ်။
ကျွန်တော်တို့ ငယ်ငယ်က ခုလို မိုးရာသီမှာ ဒိုင်ဗင်ထိုးခဲ့ဖူးတဲ့ ချောင်းငယ် မြောင်းငယ်တွေ အားလုံးနီးပါး ကောသွားခဲ့ ကြပြီ။ အရွယ်အစားနည်းနည်းကြီးတဲ့ ချောင်းကြီးမြောင်းကြီးတွေဆိုရင်လည်း မကောရင်တောင်မှ စိတ်ချလက်ချသုံးစွဲလို့ မရအောင် ညစ်ပတ်တာ၊ အဆိပ်သင့်တာတွေ ဖြစ်နေခဲ့ပြီ။

သစ်တောပြုန်းတီးခြင်း၊ စိုက်ပျိုး မြေချဲ့ထွင်ခြင်း၊ သတ္တုတွင်းတူးဖော်ခြင်းလုပ်ငန်းတွေမှာ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်မှု မရှိခြင်း စတဲ့အကြောင်း သုံးပါးဟာ ကျွန်တော်တို့တိုင်းရဲ့ ရေအရင်းအမြစ် ဆုံးရှုံးရခြင်းနဲ့ တိုက်ရိုက်ပတ်သက်မယ်လို့ သုံးသပ်မိပါတယ်။

ထင်းနဲ့ မီးသွေးကို လောင်စာအဖြစ် အဓိက မှီခိုနေရသေးတဲ့ ကျွန်တော်တို့ဆီမှာ ထင်းခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်းကလည်း တရားမဝင်သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေ လိုပဲ အန္တရာယ်ကြီးနေဆဲပါပဲ။ ကျွန်တော်တို့ရဲ့ အပူပိုင်းအမြဲ စိမ်းတောတွေနဲ့ ကမ်းရိုးတန်းတလျှောက်က ဒီရေတောတွေဟာ တစ်နှစ်တစ်နှစ်ကို မီးသွေးဖောင်းတွေထဲ ဘယ်နှတန် ရောက်သွားသလဲဆိုတာက စိတ်ဝင်စားဖွယ် ကိန်းဂဏန်း ဖြစ်ပါတယ်။ အဲဒီလိုပဲ ထိုင်းမြန်မာနယ်စပ်တစ်လျှောက်က တရားမဝင် သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ ရွာနီးချုပ်စပ်က သစ်တောတွေ ပြောင်သလင်းခါသွားရတဲ့အကြောင်း တရားတွေကို လေ့လာဖော်ထုတ်ပြီး တာဝန်ရှိအစိုးရအနေနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ချက်ချင်း အကောင်အထည် ဖော်ဖို့ လိုပါမယ်။

ရော်ဘာ၊ ဆီအုန်းအစရှိတဲ့ သီးနှံ တစ်မျိုးတည်းကို နှစ်စဉ် ဧကသိန်းပေါင်း များစွာတိုးချဲ့ စိုက်ပျိုးမှုဟာလည်း ရေချို အရင်းအမြစ်အတွက် စိုးရိမ်ဖွယ် ဖြစ်ပါတယ်။

မြိတ်ကနေ တောင်ဘက်ဖျား ကော့သောင်းအထိ၊ အနောက်ဘက် အက်ဒမန်ပင်လယ် ကမ်းခြေတွေကနေ အရှေ့ဘက်ထိုင်း-မြန်မာနယ်စပ်ပါချန် မြစ်ကမ်းအထိ ဧကပေါင်း သိန်းပေါင်းများစွာကတော့ ဆီအုန်းပင်တွေနဲ့ ပြည့်လို့နေခဲ့ပြီ။ ထပ်မံတိုးချဲ့ စိုက်ပျိုးမှုတွေ ပြုလုပ်နေဆဲ။ ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ် တွေထဲက မိုးသစ်တောတွေထဲမှာလည်း ပျဉ်းကတိုးအစရှိတဲ့ သစ်မာပင်တွေကို ဧကပေါင်းထောင်ချီ ခုတ်လှဲပြီး ဆီအုန်းပင်တွေ အစားထိုးနေရာယူထားခဲ့တာ ကြာပါပြီ။ ကော့သောင်းက ပါချန်ကြိုးဝိုင်း၊ ရေဖြူက ဟိန္ဇဲကလိန်အောင်ကြိုးဝိုင်း အစရှိတဲ့ သစ်တောနယ်မြေတွေဟာ လမ်းဘေးက အပင်တချို့နဲ့ ဆိုင်းဘုတ်တွေသာကျန်ပြီး အတွင်းမှာ ဆီအုန်းပင်၊ ရော်ဘာခြံနဲ့ချုံပုတ်တွေသာ တစ်နှစ်တခြား ပိုများလာတာ အားလုံးအသိ။

မိုးသစ်တောတွေ မရှိတော့ဘဲ ရေကို ဘယ်လိုမှ မထိန်းထားနိုင်။ ဒီတော့ မိုးရာသီမှာ ရေကြီးပြီး နွေရာသီမှာ ရေရှားနေတာဟာ သိပ်တော့လည်း မဆန်း။ သို့သော်ဆန်းတာ က သက်ဆိုင်ရာဌာနဆိုင်ရာတွေဟာ ဒီပြဿနာကို ဘယ်လောက်အထိ ခြေခြေမြစ်မြစ် လေ့လာပြီး ဘယ်လိုမူတွေနဲ့ ဘယ်အချိန်မှာ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို လူထုက မသိရှိရသေးတာပါပဲ။ အဲဒီ လုပ်ငန်းစဉ်တွေကိုမသိတဲ့ စာရေးသူကျွန်တော် ညံ့ဖျင်းလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ချောင်းမြောင်းအင်းအိုင်တွေ တိမ်ကောရခြင်းနဲ့ပတ်သက်ပြီး နောက်တစ်ခုအရေးကြီးတဲ့အကြောင်းက သတ္တုတွင်း တူးဖော်မှုပဲ ဖြစ်ပါတယ်။ တရားဝင် သတ္တုတူးဖော်မှုရော တရားမဝင်တူးဖော်မှု နှစ်မျိုးစလုံး အကျုံးဝင်ပါတယ်။ တနင်္သာရီတိုင်းမှာ အဓိက အရေးကြီးတဲ့ ရေချိုမြစ်ကြီး သုံးစင်း ရှိပါတယ်။ မြောက်ဘက်မွန်ပြည်နယ် နယ်စပ်ဖြစ်တဲ့ မလွှဲတောင်နဲ့ အရှေ့ဘက် ထိုင်း-မြန်မာနယ်စပ် ဘန်နီတောင်ဘက်မှာ မြစ်ဖျားခံလာတဲ့ ထားဝယ်မြစ်၊ ထားဝယ်မြို့ အရှေ့တောင်ဘက် နွားလဘို့ တောင်ရဲ့ အနောက်ဘက်တောင်တန်းတွေပေါ်က စတင်စီးဆင်းလာတဲ့ဘန်းချောင်းနဲ့ ရေဖြူမြို့နယ်ရဲ့ အရှေ့ဘက် ထိုင်း-မြန်မာ နယ်စပ် တောင်တန်းတွေပေါ်ကနေ စီးဆင်းလာတဲ့ ကမိုသွေး ချောင်းနှစ်ခု မေတ္တာမြို့မှာ ပေါင်းဆုံမိကြပြီး တနင်္သာရီမြို့ကိုဖြတ်ကာ မြိတ်မြို့မှာ အက်ဒမန်ပင်လယ်ထဲကိုစီးဝင် အဆုံးသတ်တဲ့ တနင်္သာရီမြစ်နဲ့ ဘုတ်ပြင်း မြို့နယ်ထဲက ပါချန်ကြိုးဝိုင်းနဲ့ လေညာ အဆိုပြု အမျိုးသားဥယျာဉ်တောင်ဘက်ပိုင်းကနေ ထိုင်းနဲ့ မြန်မာကိုနယ်စပ်စည်းမျဉ်းအဖြစ် ပိုင်းခြား စီးဆင်းလာပြီး မြန်မာပြည် တောင်ဘက်အစွန်းကော့သောင်းမြို့မှာ အဆုံးသတ်တဲ့ ပါချန်မြစ်တွေပဲ ဖြစ်ပါတယ်။

ဒီမြစ်ကြီးတွေအပြင် တိုင်းအတွင်း တခြားအရေးကြီးတဲ့ လေညာလိုမျိုး၊ ကလုံးထာရွာက တလိုင်းယာချောင်းလိုမျိုး၊ ရေးမြို့နယ်နဲ့ ရေဖြူမြို့နယ်ရေဝေရေလဲ ဒေသတွေကနေ စီးဆင်းလာတဲ့ ဟိန္ဇဲချောင်း ဖျားဒေသတွေလိုမျိုး အစရှိတဲ့ ရေချိုအရင်း အမြစ်အတွက် အရေးကြီးတဲ့ ချောင်းမြောင်း အင်းအိုင်တွေလည်း အများအပြား ရှိပါသေးတယ်။ စိတ်ဆင်းရဲစရာ အကောင်းဆုံးကတော့ ဖော်ပြပါ မြစ်ကြီးတွေအားလုံးနဲ့ တိုင်းအတွင်းအရေးကြီးတဲ့ ရေချိုအရင်း အမြစ်နေရာတွေဟာ အပေါ်မှာဆိုခဲ့တဲ့ တရားဝင်ရော တရားမဝင် သတ္တုတူးဖော်မှု လုပ်ငန်းတွေကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ် ပေါ်နေခဲ့ပါတယ်။ တရားမဝင် ရွှေနဲ့ခဲမဖြူ အဖြိုက်နက် တူးဖော်မှု လုပ်ငန်းတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်တဲ့ ဝေးလံခေါင်ဖျားတဲ့ တောတွင်း နေရာတွေမှာ နေရာယူထားသလို တိုင်းအစိုးရရဲ့ အုပ်ချုပ်မှုလက်လှမ်းမီတဲ့နေရာတွေက တရားဝင် သတ္တုတွင်းတွေဟာလည်း ဥပဒေလိုက်နာမှု အားနည်းနေဆဲဖြစ်ပါ တယ်။

ခြုံပြောရရင် ရေရှားပါးမှုဆိုတာဟာ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ သေးငယ်တဲ့ အစိတ်အပိုင်းကလေးသာဖြစ်ပြီး တကယ့်ပြဿနာရဲ့အကြောင်း အရင်းတွေကို ဖော်ထုတ်ဖြေရှင်းကြဖို့က ရေရှည်အတွက် အက္ခရာကျလှပါတယ်။ ရေရှည်ပြောလို့ နောင် ၁၀ နှစ် အနှစ် ၂၀ မှ လုပ်ရမယ်လို့ဆိုလိုတာ မဟုတ်ပါ။ ယနေ့ပင် အချိန်မဆိုင်းဘဲ ချက်ချင်းဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။ တချို့ကျေးရွာ တွေမှာတော့ ရွာသူရွာသားတွေနဲ့အရပ်ဘက် အဖွဲ့တွေစုပေါင်းပြီး “ဒေသခံများ ကိုယ်တိုင် စီမံအုပ်ချုပ်တဲ့ သစ်တော” ပုံစံမျိုးတွေ ထူထောင်လာကြတာ အားရဖွယ်တွေ့မြင် လာနေရပါတယ်။

သစ်တောဦးစီးဌာနနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ဦးဆောင်တဲ့ “အစုအဖွဲ့ပိုင် သစ်တောထူထောင်ခြင်း” ကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။

သို့သော်လည်း အစိုးရအနေနဲ့ ပိုမို ဗျူဟာမြောက်တဲ့၊ နယ်မြေဧရိယာများစွာကို လွှမ်းခြုံပြီး ရေရှည်တည်တံ့တဲ့ ရေအရင်းအမြစ်ကို စုပေါင်းအသုံးပြုထိန်းသိမ်းနိုင်တဲ့ စနစ်မျိုးကို ဖော်ဆောင်နိုင်ဖို့အတွက် တကယ့်ပြဿနာရဲ့ အရင်းအမြစ်ကို ဖော်ထုတ် အဖြေရှာကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ လူမှုရေးသိပ္ပံဘာသာရပ်ကိုလေ့လာတဲ့အခါမှာ “problem tree ပြဿနာသစ်ပင်” ဆိုတာကို လေ့လာကြ ရပါတယ်။ ဆိုလိုရင်းက သစ်ပင်ရဲ့ အကိုင်းအခက်တွေဟာ တကယ့်ပြဿနာ မဟုတ်ဘဲ ပြဿနာရဲ့ တစိတ်တပိုင်း သက်ရောက်မှုသာဖြစ်ပြီး အကိုင်းချိုင်ရုံနဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ ပြဿနာရဲ့ ပင်စည်နဲ့အမြစ်ဖြစ်တဲ့ ပြဿနာ ဖြစ်ရခြင်းအကြောင်းတရားတွေကို ရှင်းလင်းနိုင်မှသာ အဆိုးသံသရာကနေ ထွက်မြောက် နိုင်မယ်ဖြစ်ပါတယ်။

“ပါချန်သူရဲကောင်းကြီး” ကိုရွှေဖမ် ပြောသလိုပါပဲ။
“ရေဆိုတာထက် ရေအရင်းအမြစ် အတွက်ပျောက်သွားတဲ့တောကိုပြန်ရဖို့လို အပ်တာပါ”