ကော်ပီသတင်းတွေရဲ့ ကောင်းကျိုး ဆိုးကျိုး

0
691

ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ တနင်္သာရီတိုင်း အထူးသဖြင့် ထားဝယ်မှာ သတင်းတွေကို ကူးပြီးဖော်ပြတာနဲ့ ပတ်သက်လို့ ကူးယူခံရသူတွေနဲ့ ကူးယူသူတွေအကြား အချေအတင်ဖြစ်နေတာ သတိထားမိတယ်။

အွန်လိုင်းကနေ သတင်းစောင့်ဖတ်တဲ့ ပရိသတ်ဟာလည်း နှစ်ပိုင်းကွဲသွား တော့တယ်။
တရားဝင်သတင်းဌာန၊ သတင်းထောက်တွေတင်တဲ့ သတင်းတွေကို အားပေးတဲ့ ပရိသတ်နဲ့ ကော်ပီသမားတွေတင်တဲ့ ပရိသတ် ဆိုပြီးကွဲသွားတယ်။

ကော်ပီသမားဆိုတဲ့ စကားရပ်ကို အနည်းငယ် ရှင်းပြပါရစေ။ တရားဝင် သတင်းဌာန၊ သတင်းထောက်တွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေ၊ သာမန်ဖေ့စ်ဘွတ်သုံးစွဲသူတွေ စသဖြင့် ဘယ်သူမဆိုတင်တဲ့ သတင်းတွေကို ကော်ပီလုပ်ပြီး မိမိတို့ရဲ့ အကောင့်၊ စာမျက်နှာတွေမှာ ပြန်တင်ကြတဲ့သူတွေပါ။

သတင်းကူးယူခံရယူတွေကတော့ သူတို့ကို သတင်းသူခိုးအဖြစ် ပြောဆိုကြ ပါတယ်။ အခုဆောင်းပါးမှာတော့ သတင်းကူးသူတွေလို့ပဲ သုံးနှုန်းပါမယ်။

သတင်းကူးသူတွေဟာ တဖြည်းဖြည်းနဲ့ ပိုများလာတာကိုလည်း သတိထား မိပါတယ်။

သတင်းကူးသူတွေရှိလာခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဆွေးနွေး ချင်ပါတယ်။ ပထမဆုံး ကောင်းကျိုးတွေကို အရင်ဆွေးနွေးပါ့မယ်။

သတင်းစုစည်းနိုင်မှု
သတင်းကူးသူတွေဟာ သတင်းထောက်တွေထက်တောင် ပိုများနေတဲ့အပြင် သူတို့အချင်းချင်း အချိတ်အဆက် တွေရှိတာကိုလည်း သတိထားမိတယ်။ အစုအဖွဲ့သဘောဆန်တဲ့ သတင်းကူးသူတွေဟာ နေရာအနှံ့ကနေ တင်လိုက်တဲ့ သတင်းတွေကို စုစည်းနိုင်စွမ်းရှိတယ်။

ဆိုလိုတာက ဖေ့စ်ဘွတ်အကောင့်၊ စာမျက်နှာပေါင်းများစွာက တစ်ဦးချင်းစီ ကူးယူလာတဲ့သတင်းတွေကို တစ်ယောက်နဲ့ တစ်ယောက် ပြန်ကူးပြီးတင်ကြတော့ နေရာအနှံ့မှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို စုစည်းဖော်ပြနိုင်တဲ့သဘောမျိုး ဖြစ်တယ်။ ဒါက သတင်းကူးသူတွေရဲ့ အားသာချက်လို့ မြင်တယ်။

သတင်းပျံ့နှံနိုင်မှု
အပေါ်မှာ ပြောခဲ့သလို ကွန်ရက်သဘောလိုမျိုးလုပ်ဆောင်နေကြပေမယ့် တစ်ဦးချင်းစီမှာ ပရိသတ်တွေရှိနေတယ်။

နောက်တစ်ချက်က တရားဝင် သတင်းဌာနတွေမှာ သိပ်ဖော်ပြလေ့မရှိတဲ့ သတင်းတွေ၊ သတင်းမဟုတ်ပေမယ့် လူစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို နေရာပေါင်းစုံက ကူးပြီးတင်ကြတော့ သတင်းကူးသူတွေရဲ့ ပရိသတ်တွေက သီးခြားဖြစ်တည်လာတယ်။

အဲဒီလိုမျိုး သတင်းပျံ့နှံ့မှု အားကောင်းတာက ကောင်းတဲ့အချက်လို့ပဲ မြင်တယ်။ ဒါပေမယ့် သတင်းအမှားတွေ တင်မိမယ်ဆိုရင်တော့ ပျံ့နှံ့အားကောင်းတာက ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။

ကောင်းကျိုးတွေကို ကြည့်ရင် ဒီနှစ်ချက်ကို မြင်မိပါတယ်။ ဒါဆို ဆိုးကျိုးတွေကို ဆက်ဆွေးနွေးကြည့်ရအောင်။

သတင်းဌာနတွေ ရေရှည်ရပ်တည်ရေး
စာဖတ်သူအနေနဲ့ တရားဝင်သတင်း ဌာနတွေ ဘယ်ကဝင်ငွေနဲ့ ဒီလိုမျိုး သတင်းတွေကို ထုတ်လုပ်တင်ဆက်ပေး နေတယ်ဆိုတာ စဉ်းစားကြည့်ဖူးပါသလား။ သတင်းဌာနတွေဟာ အဓိကအားဖြင့် ပုံနှိပ်မီဒီယာဆိုရင်တော့ စာစောင် ရောင်းရငွေတွေ၊ ကြော်ငြာထည့်ဝင်ငွေ တွေနဲ့ ရပ်တည်ကြရပါတယ်။ အွန်လိုင်း မီဒီယာဆိုရင်တော့ အွန်လိုင်းမှ စာစောင် ရောင်းရငွေ၊ အွန်လိုင်းကြော်ငြာ ဝင်ငွေနဲ့ ရပ်တည်ရပါတယ်။ မြန်မာနိုင်ငံမှာတော့ အကြောင်းကြောင့် အွန်လိုင်းကနေ စာစောင် ဝယ်ဖတ်တဲ့ဓလေ့ မထွန်းကား သေးပါဘူး။

အခုဆောင်းပါးမှာတော့ အွန်လိုင်း မီဒီယာကိစ္စကိုပဲ အဓိက ဇောင်းပေးပြီး ဆွေးနွေးပါမယ်။
သတင်းဖတ်သူတွေ အမြဲညည်း ကြတာကို ကြားဖူးပါတယ်။ သတင်းဌာနတွေက သတင်းတွေကို ဖေ့စ်ဘွတ်ပေါ်မှာ အပြည့်မတင်ပေးဘူး။ လင့်ခ်တွေထဲဝင် ခိုင်းတာ ရှုပ်ယှက်နေတာပဲ ဆိုပြီး ပြောကြတယ်။ အဲဒီအချက်ကပဲ သတင်းကူးသူတွေမှာ ပရိသတ်တွေဟာ သတင်းကူး သူတွေရဲ့ စာမျက်နှာ၊ အကောင့်တွေကို ရောက်သွားကြပါတော့တယ်။ တစ်ခါတလေ သတင်းကူးသူတွေ ကူးပြီးတင်ထားတဲ့ သတင်းတစ်ပုဒ်ဟာ မူရင်းတင်ထားတဲ့ သတင်းဌာနထက် ကြည့်ရှုသူတွေ ပိုများနေပါတော့တယ်။

တစ်ဖက်မှာ ပြန်ကြည့်ရင် သတင်းဌာနတွေက သတင်းဖတ်တဲ့သူတွေ အဆင်ပြေအောင် ဖေ့စ်ဘွတ်ပေါ်မှာ တိုက်ရိုက် တင်ချင်ကြတာချည်းပါပဲ။

ဒါပေမယ့်အပေါ်မှာ ပြောခဲ့သလို သတင်းဌာန ရေရှည်ရပ်တည်ရေးအတွက် ဝင်ငွေရှိဖို့ လိုအပ်ပါတယ်။ သတင်းဌာနတွေဟာ ဝင်ငွေရဖို့အတွက် ဝဘ်ဆိုက်မှာ ကြော်ငြာတွေ လက်ခံရပါတယ်။

ပရိသတ်တွေဟာ သတင်းဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာတင်တဲ့ လင့်ကိုမဝင်ဘဲ လွယ်လွယ်ဖတ်လို့ရတဲ့ သတင်းကူးသူတွေရဲ့ အကောင့်တွေ၊ စာမျက်နှာတွေမှာပဲ သွားဖတ်တော့မယ်ဆိုရင် တရားဝင် သတင်းဌာနတွေရဲ့ ဝက်ဘ်ဆိုဒ်မှာ ပုံမှန်ဝင်ကြည့်တဲ့ ပရိသတ်ဦးရေ ကျဆင်းသွား ပါတယ်။ သတင်းဌာနရဲ့ ဝက်ဘ်ဆိုဒ်မှာ ပုံမှန်ဝင်ကြည့်တဲ့ ပရိသတ် ဦးရေထိုးကျရင် ကြော်ငြာလက်ခံဖို့ အဆင်မပြေပါဘူး။ တစ်နည်းအားဖြင့်ဆိုရင် ကြော်ငြာရှင်တွေက ပရိသတ်နည်းနဲ့ သတင်းဝက်ဘ်ဆိုဒ်တွေမှာ ကြော်ငြာထည့်ဖို့ စိတ်မဝင်စားပါဘူး။ ဆိုတော့ သတင်းဌာနမှာ ဝင်ငွေမရ ဖြစ်လာပါတယ်။ ရေရှည်မှာ သတင်းထုတ် လုပ်တင်ဆက်နိုင်ရေး အခက်အခဲတွေ ရှိလာမှာပါ။ သတင်းဌာနတွေ တစ်ခုပြီးတစ်ခု ပိတ်သိမ်းနေရတဲ့ အကြောင်းအရင်း များစွာထဲမှာ ဒီအချက်ကလည်း အရေးကြီးတဲ့ အချက်အနေနဲ့ ပါဝင်နေပါတယ်။ သတင်းကူးယူသူတွေအနေနဲ့ ကိုယ်က စေတနာနဲ့ သတင်းတွေ ကူးပြီးဖော်ပြ တယ်ဆိုပေမယ့် ကိုယ့်လုပ်ရပ်နဲ့ စေတနာက သတင်းတိုက်တွေ ရပ်စေဖို့ ဖြစ်စေတဲ့ အကြောင်းရင်းထဲက တစ်ခုဖြစ်မှန်းမသိ ဖြစ်နေပါတယ်။

သတင်းအချက်အလက် စိစစ်နိုင်မှု
သတင်းကူးသူတွေဟာ တရားဝင် သတင်းဌာနတွေက သတင်းထောက်တွေလို သတင်းစာပညာရပ်တွေကို လေ့လာ ဆည်းပူးထားသူတွေ မဟုတ်တဲ့အတွက် သူတို့ကူးလာတဲ့ သတင်းအချက်အလက်တွေကို မှန်မမှန်စိစစ်တဲ့နေရာမှာ အားနည်းချက်များစွာ ရှိပါတယ်။

ဖေ့စ်ဘွတ်အကောင့်၊ စာမျက်နှာပေါင်းများစွာကနေ သူတို့ကူးလာတဲ့ သတင်းတွေထဲမှာ သတင်းအမှားတွေ၊ အချက်အလက် အမှားတွေ၊ အမုန်းစကားတွေ အနည်းနဲ့အများ ပါဝင်နေမှာပါပဲ။ သတင်းမှား၊ အချက်အလက်အမှား၊ အမုန်းစကားတွေဆိုတာကို မသိဘဲ တစ်ယောက်ပြီးတစ်ယောက် ကူးတင်နေရင်းကပဲ ဆိုးကျိုးတွေကို ပိုလို့ ဖြစ်စေမှာပါ။ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ အဓိကရုဏ်းတွေဟာ သတင်းအမှားတွေ၊ အမုန်းစကားတွေကနေ အရင်းခံပါတယ်။

သတင်းအမှားတွေ ပျံ့စေခြင်း
မူရင်းသတင်းတင်သူတွေ၊ သတင်းဌာနတွေ သူတို့မူလက တင်လိုက်တဲ့ သတင်းမှာ တစ်ခါတလေ အမှားအယွင်းတွေ ပါနေတတ်ပါတယ်။ အချိန်ကာလ တစ်ခုမှာ မှားယွင်းနေတဲ့ အချက်အလက်တွေကို သိသိချင်းပြန်ပြင်လေ့ ရှိကြပါတယ်။ ဒီနေရာမှာ သတင်းကို မျှဝေတာနဲ့ ကူးယူတာရဲ့ အကျိုးအဆက်က လုံးဝကို ကွာဟ သွားစေပါတယ်။ မူရင်းသတင်း ပြင်လိုက်တဲ့အချိန်မှာ မျှဝေ (Share) တဲ့ သူတွေရဲ့ သတင်းတွေကိုပါ တစ်ပါတည်း ပြင်ပြီးသား ဖြစ်သွားပါတယ်။ ပြဿနာရှိတာက သတင်းကူးတဲ့ သူတွေမှာပါ။ မူရင်းသတင်းတင်သူက မှားနေမှန်းသိလို့ ပြန်ပြင်လိုက်ပေမယ့် မပြင်ခင်မှာ ကူးထားတဲ့သတင်းတွေက သတင်းကူးသူတွေ တစ်ဆင့်ပြီး တစ်ဆင့် ပျံ့နှံ့နေဦးမှာပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ တစ်ဦးတစ်ယောက်ချင်းအလိုက် ပြင်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ သတင်း အမှားတွေ၊ အချက်အလက်အမှားတွေဟာ သတင်းဖတ်တဲ့သူတွေကို ဆက်တိုက် ရောက်နေတော့တာပါပဲ။

ကျင့်ဝတ်ပြဿနာ
ပရော်ဖက်ရှင်နယ် လုပ်ကိုင်နေကြ တဲ့ သတင်းထောက်တွေဟာ သတင်း မီဒီယာကျင့်ဝတ်ကို လိုက်နာကြရပါ တယ်။ သတင်းကူးသူတွေဟာ သူတို့ ကိုယ်သူတို့ မီဒီယာသမားတွေပါလို့ တွင်တွင်ပြောနေလေ့ရှိကြပေမယ့် သတင်း မီဒီယာကျင့်ဝတ်ကို ခြေခြေမြစ်မြစ် မသိ ကြပါဘူး။ ဒီတော့ သတင်းထောက်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို မသိဘဲ ချိုးဖောက်မိမှန်းမသိ ချိုးဖောက်နေကြတာပါပဲ။ ဥပမာ – လုံးဝအခြေခံကျတဲ့ ကျင့်ဝတ်ဖြစ်တဲ့ တံစိုးလက်ဆောင်၊ ငွေကြေးရယူတာ၊ ဘက်လိုက်တာ၊ မဖော်ပြသင့် မဖော်ပြအပ်တဲ့ ဓာတ်ပုံတွေကို ဖော်ပြတာ စသဖြင့်။

နောက်တစ်ချက်က ကူးယူလာတဲ့ သတင်းတွေထဲမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် အမြင်တွေ၊ သုံးသပ်ချက်၊ ယူဆချက်တွေ ထည့်ရေးတာပါပဲ။ ဒီအချိန်မှာ သတင်းတွေဟာ အဆိပ်တွေဖြစ်သွားပါတော့တယ်။ လူတွေ အတွေးအခေါ် ဆင်ခြင်နိုင်စွမ်းတွေ အဆိပ်သင့်တော့တာပဲ။

သတင်းမီဒီယာကျင့်ဝတ်အရ သတင်းတွေကို ပိုင်ရှင်ဆီမှာ ခွင့်မတောင်းဘဲ ကူးတင်တာ၊ မူရင်းသတင်းတင်တဲ့သူတွေကို ခရက်ဒစ်မပေးတာ စတာတွေကို လုပ်လို့ မရပါဘူး။
ပိုင်ရှင်ခွင့်ပြုချက်မယူဘဲ၊ ပိုင်ရှင်ကို ခရက်ဒစ်မပေးဘဲ သတင်းကူးတင်တဲ့သူတွေကို သတင်းမီဒီယာကောင်စီက သတင်းခိုးသူတွေဆိုပြီး ထုတ်ပြန်ခဲ့ဖူးတာ ရှိပါတယ်။

တာဝန်ယူ၊ တာဝန်ခံမှုမရှိခြင်း
နေရာပေါင်းစုံက ကူးယူလာတဲ့ သတင်းတွေက မှားယွင်းနေပြီး တစ်စုံ တစ်ယောက်ကို ထိခိုက်မှုတွေရှိလာတဲ့ အချိန်တာဝန်ယူ တာဝန်ခံမှုတွေလည်း ရှိနေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကူးယူလာတဲ့သတင်းတွေကို သူတို့ကိုယ်တိုင် ခြေခြေမြစ်မြစ် မသိ လို့ပါပဲ။

စတုတ္ထမဏ္ဍိုင်ပုံရိပ်ကျဆင်းစေခြင်း
သတင်းကူးသူတွေဟာ နောက်ပိုင်းမှာ သူတို့ကိုယ်သူတို့ ပရဟိတသတင်း သမားဆိုပြီး လုပ်လာကြတာရှိပါတယ်။ ကျင့်ဝတ်ကိုသိပြီး ကျင့်ဝတ်နဲ့အညီ လုပ်ကိုင်မယ်ဆိုရင် ပရဟိတသတင်းသမားပဲဖြစ်ဖြစ် သာမန်သတင်းသမားပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး။ ဒါပေမယ့် သတင်းသမားအမည်ခံပြီး ကျင့်ဝတ်မရှိ၊ ကျင့်ဝတ်မသိဘဲ လုပ်ဆောင်နေသမျှဟာ စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာလောကကိုပဲ ထိခိုက်စေပါတယ်။ တချို့နေရာတွေမှာ အမည်ခံသတင်းသမားတွေဟာ ငွေတောင်းတာတွေ၊ တရားဝင်သတင်းဌာနရဲ့ နာမည်ကို အသုံးချပြီး သတင်းမေးတာတွေ လုပ်ဆောင်နေပါတယ်။ ဒါကြောင့် သတင်းသမားတွေ ကျင့်ဝတ်မရှိဘူး၊ သတင်းသမားတွေ ဘက်လိုက်တယ်။ သတင်းသမားတွေ ငွေတောင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်လာပါတော့တယ်။ နောက်ဆုံးမှာ တရားဝင်လုပ်ကိုင်နေတဲ့ သတင်းမီဒီယာလုပ်ငန်းတွေရဲ့ ပုံရိပ်ကိုပဲ ကျဆင်းလာစေပါတယ်။

ဒီလောက်ဆိုရင် သတင်းဖတ်သူတွေအနေနဲ့ သတင်းကူးသူတွေရဲ့ ကောင်းကျိုးဆိုးကျိုးကို တီးမိခေါက်မိရှိမယ်လို့ ထင်ပါတယ်။ သတင်းကူးသူတွေအနေနဲ့ ကိုယ်လုပ်နေတာရဲ့ အတိမ် အနက်၊ အကောင်းအဆိုး တွေးတောဆင်ခြင်နိုင်ပါစေ။ စာဖတ်သူတွေအနေနဲ့လည်း သတင်းကူးသူတွေရဲ့ သတင်းတွေ ဘယ်လိုဆင်ခြင်ပြီး တွေးဆဆင်ခြင်ဉာဏ်နဲ့ ဖတ်နိုင်ကြပါစေ။ မူရင်း သတင်းဌာနက သတင်းတွေကိုပါ ဖတ်တဲ့ အလေ့အထကို ပျိုးထောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။