ကပ်ဘေးထဲက တော်လှန်ရေး

0
491

“ဘောက်ဆိုင်းသတ္တုတွေကို တောင်ထဲမှာပဲ ချန်ထားလို့မရဘူးလား – Can we leave the bouxite in the mountain” ဒီမေးခွန်းကို အိန္ဒိယစာရေးဆရာမ အာရန်ဒါတေရွိုင်းက “ကျိုးပဲ့နေတဲ့ နိုင်ငံတော်” ဆိုတဲ့ စာအုပ်မှာ မေးခဲ့ပါတယ်။ ဩဒိဿပြည်နယ်က တောင်တွေထဲမှာ အလူမီနီယံ ထုတ်လို့ရတဲ့ သတ္တုမြေစေးတွေ ရှိပါတယ်။ အဲဒီမြေစေးရှိနေတဲ့ တောင်တွေဟာ ရေကန်လို ရေထိန်းပေးနိုင်တဲ့အစွမ်းရှိပြီး စိမ့် ထွက်ဖြန့်ဝေပေးလို့ တောင်ကြောတစ်လျှောက်က စိုက်ခင်းတွေကို ဖြစ်ထွန်းစေပါတယ်။

“သမားရိုးကျအမြင်က ဒီတောင်တွေကို ဖြို၊ ဒီဝန်းကျင်ကို ဖျက်ဆီးပြီး သတ္တုတူးအမြတ်ထုတ်ဖို့ပါ။ ဌာနေပြည်သူဘိုးဘွားတွေကတော့ တောင်တွေကို ဒီအတိုင်းထားပြီး သူပေးဝေတဲ့သဘာဝအထောက်အပံ့နဲ့ သဟဇာတဖြစ်တဲ့ဘဝတွေ တည်ဆောက်ကြပါတယ်။

ခေတ်သစ်အရင်းရှင်စနစ်အမြင်က ကိုယ့်ကိုကိုယ် သိပ်ပါးနပ်တယ်ထင်နေပေမယ့် တကယ်မှာက စိတ်ကူးအမြင်တွေ သေဆုံးနေတာ၊ အညွန့်တုံးနေတာ၊ နိဂုံးချုပ်နေတာပါ”
စိတ်ကူးအမြင်အသစ်နဲ့ ကမ္ဘာလောကကို မြင်ကြည့်ဖို့ ရွိုင်းက တိုက်တွန်းပါတယ်။

“အစိုးရတွေ ကို ကျွန်မမေးချင်တာက မြစ်တွေထဲက ရေကိုချန်ထား လို့မရဘူးလား။ သစ်တောထဲက သစ်ပင်တွေကို ချန်ထားပေးလို့ မရဘူးလား။ တောင်တန်းထဲက သတ္တုတွေကို ချန်ထားပေးလို့ မရဘူးလား” ခက်တာက စီးပွားရေး လုပ်ငန်းစုကြီးတွေနဲ့ ပေါင်းပြီး အသားစား သတ္တဝါဖြစ်နေတဲ့ အစိုးရတွေကလည်း အမြတ်များများရ ရေးဆိုတဲ့ အလွန်ကျဉ်းမြောင်းတဲ့ စိတ်ကူးအမြင်ပဲ ရှိနေတာပါပဲ။

“ပျောက်ကွယ်သွားရတာတွေက အလွန်လေးနက် သိမ်မွေ့တဲ့အရာတွေပါ။ ကမ္ဘာမြေကို ခဝါချပြီး ရလာတဲ့ဥစ္စာဓနနဲ့ ပျောက်ဆုံးသွားတဲ့အရာတွေကို အစားထိုးနိုင်မယ်လို့လည်း မျှော်လင့်နေကြသေးတယ်”

အကျိုးအမြတ်အဓိက စီးပွားရေး (အရင်းရှင် စနစ်)နဲ့ အစိုးရထိန်းချုပ်တဲ့စီးပွားရေး (ကွန်မြူနစ် စနစ်)အယူဝါဒတွေရဲ့ ဘောင်အပြင်ဘက်က တွေးသူတွေ၊ ရပ်ရွာဌာနေရေမြေအခြေခံနဲ့ တွေးသူတွေကို ဒုက္ခမပေးပါမှ ဆိုးဆိုးရွားရွား လွဲချော်နေတဲ့ ကမ္ဘာကို ပြန်တည်ဖို့ ခြေလှမ်းစနိုင်မှာပါ။

“ပျော်ရွှင်မှု၊ ပြည့်ဝမှုနဲ့ပတ်သက်ပြီး ရှင်တို့နဲ့ မတူတဲ့စိတ်ကူး အမြင်တွေရှိနေကြတယ်။ အတိတ် ကာလက လူတွေ၊ ခေတ်မမီတော့သူတွေလို့ ရှင်တို့ ထင်ကြတဲ့ ဌာနေပြည်သူတွေရဲ့နေရာကို ချန်ထားပေး ကြပါ။ အနာဂတ်မှာ ရှင်သန်အောင် ဘယ်လိုနေရမလဲ ဆိုတာကို သူတို့က လမ်းပြနိုင်ပါတယ်”

ဒီမှတ်ချက်စကားတွေကို ရွိုင်းပြောခဲ့တာ ၂၀၁၁ လောက်ကပါ။ ဆယ်စုနှစ်တစ်ခုနီးပါးအကြာ ဒီနေ့ ခေတ်ကပ်ဘေးမှာတော့ ပိုပြီးအဓိပ္ပာယ်ရှိနေပါတယ်။

“ကပ်ဘေးမတိုင်ခင် ကမ္ဘာဟာ စိတ်ကူးယဉ် ဝတ္ထုမျှသာပဲ- The pre-pandemic universe was the fiction” ဆိုတဲ့ ဆောင်းပါးမှာ (The Atlantic-April 15, 2020) မှာ ကပ်ဘေးက ဖယ်ရှားလိုက်တဲ့ အမြင်မှားတွေကို ခုလိုဖော်ပြပါတယ်။

-ကျုပ်တို့နဲ့သဘာဝဟာ သက်သက်စီပဲဆိုတဲ့ အမြင် (စာရေးသူက လူအများမှာရှိကြတဲ့ အမြင်မှား ကြီး Grand, shared illusion လို့ရေးပါတယ်)

  • ယေဘုယျအားဖြင့် ကမ္ဘာမြေမှာ အသက် ဇီဝဟာ တည်ငြိမ်တယ်။ ဘေးမများဘူးဆိုတဲ့ အမြင်။
  • ဘေးမရှိအောင် သိပ္ပံ၊ နည်းပညာ၊ ဆေးပညာ၊ အစိုးရစတဲ့ ဖွဲ့စည်းပုံတွေက ကာကွယ်ပေးထားတယ် ဆိုတဲ့အမြင်။
  • မနေ့ကလည်း ဒီနေ့လိုပဲ၊ မနက်ဖြန်လည်း ဒီအတိုင်းနေမှာပဲဆိုတဲ့ သိစိတ်၊ မသိစိတ်မှာ တွယ်ကပ် နေတဲ့အမြင်။

“ကမ္ဘာလောကဟာ ကျုပ်တို့အတွက် မဟုတ်ဘူး ဗျ။ ကျုပ်တို့က ကမ္ဘာလောကရဲ့ အစိတ်အပိုင်းပါ။ (The world isn’t for us; we are part of it)” လို့ စာရေးသူက သတိပေးပါတယ်။

ရေရှည်အတွက်ကိုတော့ဖြင့် နှိမ့်နှိမ့်ချချရှိတဲ့ စိတ်ကလေး ပြန်မွေးဖို့လိုပါလိမ့်မယ်။ အမြင်မှားတွေနဲ့ လမ်းလွဲကြပြီးတဲ့ နောက်မှာတော့ ကိုယ်ကျင့်သီလ၊ လူမှုဘဝ၊ ဂေဟဗေဒစတဲ့အမြင်သစ်တွေနဲ့ ရှေ့ဆက် ကြရဦးမှာကိုး။ ကိုယ်မသိသေးတာတွေ၊ မမြင်မိတာ တွေရှိပါလား။ ကမ္ဘာ လောကထဲက ကိုယ့်နေရာကို နည်းနည်းပဲ နားလည်ကြသေးတာ ပါလားလို့ နှိမ့်နှိမ့် ချချခံယူတဲ့အခါ ရှေ့ဆက်ဖို့ လွယ်ကူကြမှာပါ။

“လူသားမျိုးနွယ်ဟာ တကယ်တော့ ဆယ်ကျော် သက်အရွယ်နဲ့ တူသဗျ။ သူ့မှာ လူကြီးတစ်ယောက်ရဲ့ သန်စွမ်းမှုမျိုးရှိတယ်။ အမြော်အမြင်နဲ့ စိတ်ရှည်မှုတော့ ရှိမနေသေးဘူး။ မရင့်ကျက်သေး သရွေ့တော့ ကျုပ်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတဲ့သူတွေဖြစ် နေမှာပဲ”
လို့ပြောသူက မကြာခင်ကမှထွက်တဲ့ “ဖြစ်တည်မှုအန္တရာယ်များနှင့် လူသားအနာဂတ် Existential Risk and Future of Humanity” ဆိုတဲ့စာအုပ်ကို ပြုစုတဲ့ တိုနီအော့ (Tony Ord) ပါ။ ဖြစ်တည်မှုအန္တရာယ်များကို လေ့လာခြင်းဆိုတဲ့ ပညာရပ်နယ်ပယ်မှာ နည်းပါးလှတဲ့ ပညာရှင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။

“ဘယ်ဟာက မှန်တာလဲ၊ ဘယ်ဟာက ကောင်းမြတ်တာလဲဆိုတဲ့ (What is right and What is good) မြော်မြင်မှု ကြီးကြီးမားမားရှိမှ လူသားမျိုးနွယ်ရဲ့ အနာဂတ်ကောင်းမယ်”လို့ သူက ပြောပါတယ်။ လောလောဆယ်မှာတော့ အနာဂတ်အကျိုးဆက်ကို လျှော့တွက်နေကြတယ်။

ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်က ဘာလဲလို့ကျင့် ဝတ်သီလအရ ဆန်းစစ်ကြည့်တာမျိုးနည်းပါးလှတယ်။

“ကျုပ်တို့ ကလေးတွေဟာ ကိုလိုနီကျွန်ပြုခံရတဲ့လူတွေလိုပဲ။ ဘာပြောရေးဆိုခွင့်မှလည်း မရှိဘူး။ ကြီးစိုးထားတဲ့ ကျုပ်တို့ ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်တွေကကျတော့ သူတို့ဘဝတွေကို တိုက်ရိုက်ထိမှာ”

နည်းပညာဖွံ့ဖြိုးမှုတွေကို သုံးတဲ့နေရာမှာ တောင်သူ့ရဲ့အကျိုးဆက်တွေကို သိနားလည်နိုင် တဲ့အထိ အရှိန်လျှော့သင့်တယ်လို့ သူက အကြံပြုပါ တယ်။ မမြင်တဲ့အခါ မကြောက်ကြ၊ မြင်တဲ့အခါ နောက်ကျနေတာမျိုးမဖြစ်အောင် ဖြစ်တည်မှု အန္တရာယ်ဆန်းစစ်တဲ့ သူတွေက လေ့လာကြတာပါ။ ဥတုရာသီပြောင်းလဲမှုဘေး၊ ရောဂါပိုးမွှားကို ဓာတုလက်နက်အဖြစ် သုံးလာကြမယ့်ဘေးနဲ့ နျူကလီးယား (စစ်ပွဲ၊ မတော်တဆမှု) ဘေးတွေဟာ သူတို့ကို ပူပန်စိုးရိမ်စေတဲ့ကိစ္စတွေပါ။

ဒီရာစုနှစ်မှာ လူသားရဲ့ဖြစ်တည်မှုကို အကြီးကြီး ခြိမ်းခြောက်တဲ့ကိစ္စမျိုး ဖြစ်နိုင်ခြေ ဘယ်လောက် ရှိသလဲလို့ မေးတဲ့အခါ သူက ကျုပ်တို့သိသလောက်မှာ တော့ ခြောက်ဆတစ်ဆလောက် ရှိတယ်။

တစ်နည်းအားဖြင့် ခြောက်လုံးပြူးသေနတ်ရဲ့ ကျည်အိမ်မှာ ကျည်ဆန်တစ်ထောင့်တည်း ထည့်ထားပြီး ကျည်အိမ်ကို လက်နဲ့မွှေ့၊ ပြီးတော့နားထင်ကို တေ့ပြီး မောင်းဖြုတ်ကြတဲ့ရုပ်ရှင်ထဲက (Russian roulette) ကစားပွဲလိုမျိုးနဲ့ စဉ်းစားကြည့် လို့ရပါတယ်။ ကျည်ဆန်ထွက်ပြီး သေနိုင်တဲ့နှုန်းက ခြောက်ဆတစ်ဆ ရှိပါတယ်။ “စိုးရိမ်ကြဖို့ မဟုတ်ဘူးဗျ။ စဉ်းစား ပြင်ဆင်ပြုပြင်ကြရင် တစ်ရာဆတစ်ဆထိ လျော့သွားမယ်။ မဟုတ်ရင်တော့ သုံးဆတစ်ဆအထိ တိုးလာမယ်ဆိုတဲ့ မြော်မြင်ရမယ့်အတိုင်းအဆ၊ လုပ်ရမယ့်အတိုင်းအဆကို သိစေချင်တာ”

အနာဂတ်အတွက် ကွဲပြားတဲ့ စိတ်ကူးအမြင်၊ နှိမ့်ချမှု၊ ကောင်းမြတ်ခြင်းနဲ့ မှန်ကန်ခြင်းသီလတွေကသာ အားကိုးရာလို့ ပညာရှင်အသီးသီးရဲ့ မှတ်ချက်တွေကနေ ဆင်ခြင်စရာရပါတယ်။

လူသားမျိုးနွယ်အနာဂတ်အတွက် နှိမ့်ချတဲ့ စိတ်ကူးအမြင်ကို ဂေဟဗေဒရဲ့ နိယာမတွေကနေ လည်း ရနိုင်ပါတယ်။ ဂေဟဗေဒက အရာရာတိုင်းဟာ ဆက်နွှယ်နေတယ်လို့ (Everything is connected to everything) လို့ ကြည့်ပါတယ်။ ဂေဟဗေဒရဲ့ ကွင်းဆက်တွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကြတယ်။ လူတွေရဲ့ လုပ်ရပ်တွေက အဲဒီကွင်းဆက်တွေကို ဖြတ်ပစ်တာမျိုး မကြာခဏ ဖြစ်တယ်။

ဂေဟဗေဒက အရာရာတိုင်းဟာ တစ်နေရာရာကိုတော့ ရောက်သွားတယ် (Everything must go somewhere) လို့ ကြည့်တယ်။ ဥပမာ-အားကုန်သွားတဲ့ ဘက်ထရီကို အမှိုက်တောင်းထဲ ပစ်လိုက်တယ်။ အမှိုက်တွေ မီးပုံရှို့တော့ ဓာတ်ခဲထဲက မာကျူရီဟာ အငွေ့ဖြစ်သွားတယ်။ အဲဒီ အငွေ့ကို လေကသယ်ဆောင်သွားပြီး မိုးနဲ့ နှင်းအဖြစ် ရေအိုင်ထဲကို ရောက်တယ်။ ရေထဲရောက်တော့ သိပ်သည်းတဲ့မာကျူရီဟာ ကြမ်းပြင်ကို ကျသွားတယ်။

ကြမ်းပြင်မှာ ဗက်တီးရီးယားက မီသိုင်းမာကျူရီအဖြစ် ပြောင်းပေးလိုက်ပြီး ငါးတွေဆီကို ရောက်သွားတယ်။ အဲဒီငါးကို ဖမ်းပြီးစားတဲ့အခါ လူ့ကိုယ်အင်္ဂါတွေထဲကို ရောက်လာတယ်။ လက်ရှိကာလမှာတော့ သစ်တောဂေဟစနစ်ပျက်လို့ လင်းနို့ကမြို့ရွာ နားကို ရောက်လာပြီး လင်းနို့ဆီက ဗိုင်းရပ်စ်က လူဆီရောက်လာတဲ့ ဥပမာနဲ့လည်း ကြည့်လို့ရတယ်။

ဂေဟဗေဒမှာ သဘာဝက ဆရာပဲ။ သူအသိဆုံး (Nature knows best) ပဲလို့ ယူတယ်။ နွားချေးပိုးတို့လို အင်းဆက်ဟာ စွန့်ပစ်အညစ်အကြေးကို ဖြိုခွဲပေးပြီး ဓာတ်သတ္တိစီးဆင်းမှုကို လုပ်ပေးတယ်။ ပိုးသတ်ပေးတဲ့ အင်းဆက်တွေရဲ့လုပ်ငန်းဟာ ပိုးသတ်ဆေး တန်ကြေးနဲ့တွက်ရင် ဘီလီယံ ချီတန်ဖိုးရှိတယ်။ ခင်ဗျားစားတဲ့ အစားအစာသုံးခုမှာ တစ်ခုက အင်းဆက်တွေက ဝတ်မှုံကူးပေးလို့ရလာတာ။ ခြောက်သွေ့ တဲ့ ဒေသရဲ့ မြေကြီးကို ပျက်မသွားအောင် လုပ်ပေးနေတာက တူးမြောင်းလေးတွေတူးတဲ့ ခြနဲ့ ပုရွက်ဆိတ်တွေပဲ။

ဂေဟဗေဒက အဖိုးအခ မပေးရတာ ဘာမှမရှိဘူး (There is no such things as free lunch) လို့ မှတ်ယူတယ်။ သဘာဝထဲက ကြိုက်တဲ့ပစ္စည်းကို ကြိုက်သလို ထုတ်တစ်နည်းနည်းနဲ့တော့ အဖိုးအခ ပြန်ပေးဆပ်ကြရတာပဲ။ အလကားရတယ် ထင်နေကြတာက အပေးအယူဟာ ချက်ချင်း မဟုတ်လို့။ ဒါမှမဟုတ် ခင်ဗျားပေးရတာ မဟုတ်ဘဲ တခြားလူက ပေးနေရလို့။ ဒါမှမဟုတ် နောက်မျိုးဆက်က ပေးနေရလို့။

ဆယ်စုနှစ်နဲ့ချီတဲ့ ဧရာဝတီတိုင်းက ဒီရေတောပျက်စီးမှုတန်ဖိုးကို နာဂစ်ပြည်သူတွေ ပေးခဲ့ရတယ်။ အနောက်ရိုးမနဲ့ အလယ်ရိုးမ ပြုန်းတီးမှုကို နှစ်စဉ်ရေကြီးတာနဲ့ ပေးနေရတယ်။ မြန်မာပြည်မြောက်ဖျားက ပြုန်းတီးမှုတွေကို မြစ်ကြီးဧရာက သောင်တွေပေါ်ပြီး ပေးနေရတယ်။ လက်ပံတောင်းတောင်အတွက် ယမားချောင်းနဲ့ ချင်းတွင်းမြစ်ထဲကအဆိပ်အတောက် မကင်းတဲ့ ရေသောက်သုံးနေရသူတွေက ပေးနေရတယ်။

ဒေါက်တာမြင့်ဇော်