ကျွန်တော်တို့ စိတ်ချရပြီလား

0
424

“နမ်းပါများတော့ ပြယ်”
“မြင်ပါများတော့ ငယ်”။

ဒေါက်တာ ချိုချိုထူးစန်း
(အထူးကုဆရာဝန်ကြီး (ဆေးပညာ)၊ ဘားအံပြည်သူ့ဆေးရုံကြီး)။

COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေများနှင့်စပ်လျဉ်းပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်မှာ ထည့်သွင်း ပြောကြားသွားတာလေး သဘောကျလို့ပါ။

နမ်းပါများတော့ ပန်းရဲ့ရနံ့ဟာ ပြယ်သွားတတ်သလို၊ အရင်တုန်းက ကြီးတယ်လို့ထင်ရတဲ့ အရာတစ်ခုဟာ မြင်ဖန်များတော့ ငယ်သွားတယ်လို့ ထင်သွားတတ်ပါတယ်။ အခုလည်း ကိုဗစ်နိုင်တင်းဟာ အချိန်ကြာလာတာနဲ့အမျှ လူတွေရဲ့စိတ်ထဲမှာ အသားကျသွားသလိုဖြစ်ပြီး စိုးရိမ်ပူပန်မှု သိပ်မရှိတော့တာကို တွေ့လာရတယ်။

ကိုဗစ်နိုင်တင်းဟာ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ ပြည်သူတွေ အတွက် သိပ်ကြောက်စရာမကောင်းတော့သလို ဖြစ်လာပါတယ်။ လမ်းမပေါ် ထွက်နေကြတဲ့သူတွေရော၊ အိမ်မှာနေကြ တဲ့သူတွေပါ စိတ်ထဲမှာ ကိုဗစ်နိုင်တင်းဟာ မေ့မေ့ပျောက်ပျောက်ဖြစ်လို့ လာနေပါတယ်။ တီဗီကသော်လည်းကောင်း၊ အင်တာနက်လိုင်းပေါ်က သော်လည်းကောင်း ကိုဗစ်နိုင်တင်းအကြောင်း သတိပေးချက်တွေကို မြင်ရတော့မှပဲ တစ်ချက်ချက် သတိဝင်လာကြပါတော့တယ်။ ဒါပေမယ့် စိုးရိမ်စိတ်ကတော့ အရင်လောက် မကြီး ကြတော့ဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ ၂ ယောက်လောက် စတွေ့တုန်းကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူအများစုဟာ အတော်လေးကို စိုးရိမ်သွားကြပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားတဲ့အတိုင်း တော်တော်လေးလိုက်နာခဲ့ကြပါတယ်။ အခုချိန်မှာတော့ ပိုးတွေ့လူနာဟာ ၃၀၃ ယောက်လောက် ရှိနေပါပြီ။ အခုချိန်မှာတော့ လူတွေဟာ အရင်တုန်းကလောက် စိုးရိမ်မှု သိပ်မရှိတော့ပါဘူး။ ပုံမှန်အတိုင်း သွားလာနေထိုင်နေကြပါတော့တယ်။ နှာခေါင်းစည်းတပ်ပြီး လမ်းထွက်ရင်တောင် ဝိုင်းကြည့်တဲ့အဆင့် ဖြစ်နေပါပြီ။ အစိုးရိမ်ကြီးသူ တစ်ယောက်လို့ မြင်ကြလို့ လား မသိဘူး။

တကယ်တော့ လက်ဆေးတာ၊ နှာခေါင်း စည်းတပ်တာတွေကို ကျွန်တော်တို့ နောင်အချိန်အထိ ကျင့်သားရသွားအောင် လုပ်သွား သင့်ပါတယ်။ လတ်တလောအနေအထား အရ ကိုဗစ်နိုင်တင်းဟာ ပေါ့လို့မရသေးပါဘူး။ မြန်မာဟာ ၃၀၃ ယောက်နဲ့ ကမ္ဘာ့ အဆင့် ၁၆၀မှာ ရပ်တည်နေပါတယ်။ မြောက်အမေရိကတိုက်က Saint Pierre and Miquelon ဆိုတဲ့ နိုင်ငံကတော့ ကူးစက်ခံရသူ တစ်ယောက်ရှိပြီး ကမ္ဘာ့အဆင့် ၂၁၅နဲ့ ဇယားရဲ့အောက်ဆုံးမှာ ရပ်တည်နေပါတယ်။ အမေရိကန်ကတော့ ၂၇ သိန်း ကျော် (၂၇၇၉၉၅၃ ယောက်)နဲ့ နံပါတ်(၁)နေရာမှာ ရပ်တည်နေပါတယ်။ ဘရာဇီးကတော့ ၁၄ သိန်းကျော် (၁၄၅၃၃၆၉ ဦး)နဲ့ ဒုတိယ။ ရုရှားကတော့ ၆ သိန်းကျော် (၆၅၄၄၀၅ ဦး)နဲ့ တတိယနေရာမှာ ရပ်တည်နေတယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယကတော့ ၆သိန်းကျော် (၆၀၅၂၂၀ ဦး)နဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင်တော့ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထား ရသူပေါင်းဟာ ၁၀သန်းကျော် ရှိပါတယ်။ ပိုပြီး တိတိကျကျ ပြောရမယ်ဆိုရင် ၁၀ သန်းကျော် (၁၀၈၀၉၉၉၈ ဦး) ပါ။ ပြန် လည်သက်သာလာတဲ့သူက ၆ သန်းကျော် (၆၀၃၂၃၈၁ ဦး)နဲ့ သေဆုံးသူကတော့ ၅ သိန်းကျော် (၅၁၉၀၅၀ ဦး)ရှိပြီလို့ worldometers မှာဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါကတော့ ဒီနေ့ ဇူလိုင်လ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန် ထုတ်ပြန်ထားချက်ပါ။

ဆိုတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရမယ်ဆိုရင်တော့ ကူးစက်မှုတွေဟာ အရှိန်ကောင်းနေတုန်း ဖြစ်ပါတယ်။ မြန်မာအနေနဲ့ ပြည်တွင်းကူးစက်မှုက သိပ်မရှိတော့ဘူးဆိုပေမယ့် ပြည်ပ ပြန်တွေမှာတော့ ရောဂါကူးစက်ခံရသူဟာ ရှိနေတုန်းပါပဲ။ ဒါပေမယ့် ပြည်တော်ပြန်တွေဟာ တရားဝင်လမ်းကြောင်းက မပြန်ဘဲနဲ့ ခိုးပြန်နေကြသူတွေလည်းရှိတော့ နည်းနည်းတော့ စိုးရိမ်စရာ ရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ တနင်္သာရီ တိုင်းဒေသကြီးမှာပေါ့။ ထိုင်းနဲ့နယ်နမိတ် ထိစပ်တဲ့နေရာက များနေတော့ အလွယ် တကူ ဝင်လို့ရနေသလို ဖြစ်နေတယ်။ ပိုပြီးတော့ စိုးရိမ်စရာကောင်းတာက ထိုင်းပြန်တွေမှာလည်း ပိုးတွေ့နေရခြင်း ပါပဲ။ အခုတော့ ကျွန်တော်တို့တိုင်းသားတွေ ဘုရားတပြီးတော့ နေနေရတာပါ။ ခိုးဝင်လာသူတွေထဲက တစ်ယောက်လောက် ပိုးတွေ့လိုက်ရင်ဆိုတဲ့အသိက ကျွန်တော်တို့ကို မောပမ်းနွမ်းလျသွားစေ ပါတယ်။ အထူးသဖြင့် ကိုဗစ်အထောက် အကူပြုအဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေဆို ကျွန်တော်တို့ သာမန်ပြည်သူတွေထက် ပိုပြီးစိုးရိမ်နေကြ မှာပါ။ ဒီခိုးဝင်ကိစ္စကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းချင်ပါတယ်။

ပြည်တွင်းပြန်ဝင်လာတဲ့ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကို အရေးမယူဘူးလို့ အစိုးရက ထုတ်ပြန်ထားပြီးဖြစ်တဲ့အတွက် တရားဝင်ဖွင့်ပေးထားတဲ့ နယ်စပ်ဂိတ်များကနေတစ်ဆင့်သာ ပြန်ဝင်လာ စေချင်ပါတယ်။

တကယ်လို့ အကြောင်းကြောင်းကြောင့် တရားမဝင် နယ်စပ်လမ်းကြောင်းများကနေတစ်ဆင့် ဝင်လာတယ်ဆိုရင်လည်း သက်ဆိုင်တဲ့သူတွေနဲ့ ဆက်သွယ်ပြီး ကျူဝင်ကြဖို့ အရေးကြီးပါတယ်။ မိမိ တစ်ဦးတစ်ယောက်ရဲ့ တစ်ကိုယ်ကောင်း ဆန်မှုကြောင့် လူပေါင်းများစွာ ဒုက္ခရောက်သွားနိုင်၊ အလုပ်ရှုပ်သွားနိုင်တာကို သတိချပ်ဖို့ လိုပါတယ်။ ၂၁ ရက်လောက် ကျူဝင်လိုက်ရင် မိမိအတွက်၊ မိမိရဲ့ မိသားစုအတွက်၊ မိမိရဲ့ရပ်ရွာဒေသအတွက် စိတ်ချလက်ချနေလို့ ရသွားနိုင်ပါတယ်။

နောက်ပြီးတော့ ပိုးစစ်တာကို အမေရိကန်မှာတောင် ပိုက်ဆံပေးရတာပါ။ ပိုးတစ်ခါစစ်ရင် ပိုက်ဆံသိန်းချီ ကုန်ပါတယ်။ ဒါကို ကျွန်တော်တို့နိုင်ငံမှာ အလကားရနေတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားဖြစ်ရတာ ကိုဗစ်ကာလမှာတော့ ကံကောင်းတယ်လို့ပဲ ဆိုပါရစေ။ ကျူစခန်းတွေဆိုတာကလည်း အနေအထိုင်၊ အစားအသောက် ပြည့်ပြည့် စုံစုံဖြစ်အောင် လူမှုရေးအဖွဲ့အစည်းတွေ၊ အလှူရှင်တွေက ဆောင်ရွက်ပေးထားကြ ပါတယ်။ ဒါကြောင့် ပြည်တော်ပြန်လာ သူတွေကို ကျူဝင်ခြင်းဖြင့် ကိုယ့်ရဲ့လူ့အသိုင်းအဝိုင်းကို ကူညီကြဖို့ တိုက်တွန်း လိုပါတယ်။

အခုတလော ကြားနေရတဲ့သတင်း တစ်ခုကတော့ ထိုင်းမှာအလုပ်တွေ ပြန်ဖွင့်နေပြီမို့ ဒေသတွင်းက ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းကိုပြန်ပြီးတော့ ဝင်နေကြတယ်လို့ ဆိုပါတယ်။ ဒီတော့ ဟိုဘက်က ပြန်လာမယ့်သူတွေလည်း လျော့ကျလာနိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ထိုင်းက စီးပွားရေးလုပ်ငန်းတွေ မြန်မြန်ပြန်ပြီးတော့လည်ပတ်နိုင်ပါစေလို့ ဆုတောင်းပေးနေမိတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ တိုင်းသူတိုင်းသားတွေကို social distancing/ physical distancing ကို အတိအကျ မလိုက်နာနိုင်ရင်တောင်မှ နှာခေါင်း စည်းလေးတပ်ထားဖို့၊ လက်ဆေးမပျင်း ဖို့ကိုတော့ တိုက်တွန်းလိုပါတယ်။

တကယ်တော့ ကိုဗစ်နိုင်တင်းဟာ ကျွန်တော်တို့ မျက်စိနဲ့မမြင်နိုင်တဲ့ ကိုယ်ပျောက်ရန်သူပါ။ ဆိုတော့ မပေါ့ဆ ကြစေချင်ပါဘူး။ အခု ကျွန်တော်တို့ နေထိုင်နေတဲ့ပုံစံက ကိုဗစ်နိုင်တင်း လုံးဝ မရှိတော့တဲ့အတိုင်း နေထိုင်နေကြတာပါ။ ဒီလိုနေထိုင်ခြင်းကြောင့် စိတ်ဖိစီးမှု သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် သတိလေးနဲ့ နေထိုင်ကြဖို့ကိုတော့ အကြံပြု လိုပါတယ်။

သန်းဇော်ဦး(ရလိုင်)