ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း စာရင်းကောက်

0
609

တည်ထောင်ဖွင့်လှစ်ခွင့် မှတ်ပုံတင်ဖြင့် ဖွင့်လှစ်ထားသည့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ၏ စာရင်းကောက်ယူကာ အခြေခံပညာဦးစီးဌာနသို့ ပေးပို့ရန် ဇွန်လ ၂၉ ရက်နေ့က ညွှန်ကြားထားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

“အရင်တုန်းက ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းကိစ္စကို ရုံးချုပ်ကနေ တစ်ခါမှ မေးတယ်ဆိုတာ မရှိဘူး။ ဖွင့်လှစ်ခွင့်ပြုဖို့လား ဘာလားဆိုတာတော့ မပြောတတ်ဘူး။ စာရင်းတွေတော့ တောင်းထားတယ်” ဟု အထက်ပါဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပြောသည်။

အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၊ ဘကကျောင်း များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဇူလိုင် ၂၁ ရက်မှ စတင်၍ အထက်တန်းအဆင့်ကို ဖွင့်လှစ်ခွင့်ပြုထားသော်လည်း ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းနှင့် ကျူရှင်များကို တရားဝင်ဖွင့်လှစ်ခွင့် ပြုထားခြင်း မရှိသေးကြောင်း ဦးအောင်စိုးက ဆိုသည်။

၂၀၂၀-၂၁ ပညာသင်နှစ်အတွက် COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ သင်တန်းဖွင့်လှစ်ရန် ခွင့်ပြုချက် ရရှိသည့်အခါ ဆောင်ရွက်နိုင်ရန် အတွက် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ယာယီကျင့်သုံးရန် ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြို့နယ်ပညာရေးမှူးများက ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ကျောင်းဖွင့်အမီ ကိုဗစ်စည်းကမ်းချက်များနှင့် ညီ၊ မညီ စစ်ဆေးမည်

ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ခွင့်ကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးတွင် လျှောက်ထားရပြီး မြို့နယ်ပညာရေးမှူး နှင့် သက်ဆိုင်ရာဌာန စီစစ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးကာ တိုင်းပညာရေးမှူးရုံးထံ တင်ပြ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ တည်ထောင်ဖွင့်လှစ်ခွင့်ပြုသည်ဟု အထက်ပါဌာနမှ သိရသည်။

ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ၁၉၈၄ ခုနှစ်တွင် ပြဋ္ဌာန်းထားပြီး ၂၀ဝ၃ ခုနှစ်တွင် ပြုပြင်ဆောင်ရွက်ရန်အချက်များကို ယာယီကျင့်သုံးရန်မူဖြင့် ချမှတ်ထားကြောင်း အကြောင်းကြားစာက ဆိုသည်။

၂၀၁၉-၂၀ ပညာသင်နှစ်တွင် မှတ်ပုံတင်ဖွင့်လှစ်ခွင့်ပြုခဲ့သော ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ စာရင်းချုပ်နှင့် ၂၀၂၀-၂၁ ပညာသင်နှစ်တွင် မှတ်ပုံတင်ဖွင့်လှစ်ခွင့်လျောက်ထားသည့် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း စာရင်းချုပ်ကို ဇူလိုင် ၆ ရက်နေ့အရောက် ပေးပို့ရန် ညွှန်ကြားထားသည်။

မိုးမြင့်