စားသုံးသူသမဂ္ဂဖွဲ့ရေး စိတ်ဝင်စားက ဆက်သွယ်ကြပါ

0
252

စားသုံးသူများကို အကာအကွယ်ပေးရာတွင် ကူညီလုပ်ဆောင်ရန် တိုင်းအဆင့် စားသုံးသူသမဂ္ဂဖွဲ့စည်းမည်ဖြစ်ပြီး စိတ်ဝင်စားများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်း က ပြောကြားသည်။

စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများ ထိရောက်အောင်မြင်နိုင်ရန်အတွက် ယင်းသမဂ္ဂကို ဖွဲ့စည်းရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းတွေကို အရှိန်အဟုန် ကောင်းကောင်းနဲ့ အောင်မြင်အောင်လုပ်ဖို့ဆိုလို့ရှိရင် စားသုံးသူသမဂ္ဂလိုမျိုး NGO အဖွဲ့ပေါ့ အဲလိုမျိုး အသင်းအဖွဲ့တွေလည်း လိုတယ်” ဟု ဦးဝင်းထွန်းက ပြောသည်။

သမဂ္ဂကို စားသုံးသူရေးရာဦးစီးဌာန၏ လက်အောက်တွင် တည်ရှိမည်မဟုတ်ဘဲ သီးခြားလွတ်လပ်သည့် အဖွဲ့ အစည်းအဖြစ် ရပ်တည်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သမဂ္ဂဝင်အဖြစ်လုပ်ကိုင်ရန် စိတ်ဝင်စားပါက သက်ဆိုင်ရာ ခရိုင်အသီးသီးရှိ စားသုံးသူရေးရာဦးစီးဌာနများထံ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

သမဂ္ဂဖွဲ့စည်းချိန်တွင် လူဦးရေကန့်သတ်ထားခြင်း မရှိသကဲ့သို့ ပညာအရည်အချင်း ကန့်သတ်ခြင်းလည်းမရှိကြောင်း ဦးဝင်းထွန်းက ဆိုသည်။

ကုန်စည်/ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင် သုံးစွဲမှုအတွက်နှင့် အခြားသူအတွက် ရည်ရွယ်၍ ဝယ်ယူခြင်း အသုံးပြုခြင်း၊ ရယူခြင်း ကုန်စည်ချေးငှားခြင်း လုပ်သူများနှင့် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို စားသုံးသူဟု သတ်မှတ်ထားသည်။