ကပ်ရောဂါကြောင့် ပြောင်းသွားမည့် ကျန်းမာရေးအခင်းအကျင်းများ

0
578

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်းက နိုင်ငံအများအပြား၌ အရှိန်အဟုန်ဖြင့် ကူးစက်ပျံ့နှံ့နေဆဲ ဖြစ်သလို သေဆုံးသူ ဦးရေက နေ့စဉ် ထောင်ဂဏန်းရှိသည်။ ဇူလိုင်လ ၄ ရက်အထိ စာရင်းများအရ ရောဂါကူးစက်ခံရသူပေါင်း ၁၁ သန်း ကျော်နှင့် သေဆုံးသူ ငါးသိန်းသုံးသောင်း ကျော် ရှိနေသည်။

ကပ်ရောဂါကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံအပေါ် ကြီးမား သည့် အကျိုးသက်ရောက်မှုများ ရှိနေပြီး ကမ္ဘာကြီးက ကိုဗစ်နိုင်တင်း မတိုင်မီ အခြေအနေသို့ ပြန်ရောက်ရန် မဖြစ်နိုင် တော့ပါ။ ကပ်ဘေးသင့်ချိန် လူတို့ ရှင်သန် နေထိုင်မှု ပုံစံက ခေတ္တယာယီ မဟုတ်တော့ဘဲ အမြဲတစေ ပြုမူနေထိုင်သွားရမည့် ပုံမှန်အခြေအနေသစ် ဖြစ်လာပြီး ယင်းကိုပင် ပုံမှန် အခြေအနေ အသစ် (New Normal) ဟု ခေါ်ဝေါ်ကြသည်။
ကျန်းမာရေးကဏ္ဍ တစ်ခုလုံးတွင် လည်း အမြဲတည်ရှိမည့် ပုံမှန်အခြေအနေ သစ်များ ပေါ်လာခဲ့သည်။

ကပ်ရောဂါ၏ အစောဆုံး အကျိုးသက်ရောက်မှုက ကုသရေးနယ်ပယ်တွင်ဖြစ်ပြီး ကိုဗစ်နိုင်တင်းကြောင့် ကျန်းမာ ရေး စောင့်ရှောက်မှုစနစ် တစ်ခုလုံးက ပုံစံသစ်သို့ပြောင်းကာ နည်းပညာအခြေပြု ကျန်းမာရေး စောင့်ရှောက်ကုသမှုပုံစံများ တွင်ကျယ်လာခဲ့သည်။
ကျန်းမာရေးပညာ သင်ကြားသင်ယူမှု နယ်ပယ်သည်လည်း ကိုဗစ်ဘေးကြောင့် ပြောင်းသွားပေလိမ့်မည်။

ကိုဗစ်နှင့် ကုသရေး
ကိုဗစ်နိုင်တင်းကြောင့် ပေါ်လာသည့် ကျန်းမာရေး စောင့်ရှောက်ကုသမှု ပုံစံနှစ်ခုရှိသည်။ တစ်ခုက ကပ်ရောဂါ ကုသရေး၊ ကာကွယ်ထိန်းချုပ်ရေးပုံစံဖြစ်ပြီး နောက်တစ်ခုက အခြားသော ရောဂါများအတွက် စောင့်ရှောက်ကုသမှု ပုံစံသစ် ဖြစ်သည်။

ကူးစက်မြန်ပြီး အသက်အန္တရာယ်ရှိသော ကိုဗစ်အား ကုသရေး၊ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများမှာ ပုံမှန် လုပ်ရိုးလုပ်စဉ် ကျန်းမာရေးစောင့်ရှောက် ကုသမှုစနစ်များနှင့် အလုပ်မဖြစ်တော့ပါ။ လူနာမှတစ်ဆင့် ရောဂါ ထပ်မံမပြန့်ပွားစေရန် အရေးကြီးသလို စောင့်ရှောက် ကုသပေးသူ ကျန်းမာရေးပညာရှင်၊ ဝန်ထမ်းများက လူနာထံမှ ရောဂါပိုးကူးစက်ပြီး အခြားသူများထံသို့ ထပ်ဆင့်ဖြန့်ဖြူးသူများ မဖြစ်စေရန်လည်း ကြီးစွာသတိပြုရသည်။

ကုသရေးနှင့် ကာကွယ်ရေးအား တစ်ချိန်တည်း လုပ်ဆောင်ရန် လိုအပ်လာသောအခါ ရုပ်ရှင်ထဲ၌သာ မြင်ရတတ်သည့် ကာကွယ်ရေးဝတ်စုံပြည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေး လုပ်သားများ၊ စေတနာ့ ဝန်ထမ်းများက အနီးဝန်းကျင်မှ မထူးဆန်းသော မြင်ကွင်းဖြစ်လာခဲ့သည်။

ကိုဗစ်နိုင်တင်းအား ကုသရာ၌လည်း ကျန်းမာရေးဝန်ထမ်းများနှင့် လူနာတို့အကြား ထိတွေ့မှု နည်းနိုင်သမျှ နည်းစေရေးက ဦးစားပေးဖြစ်လာပြီး ဗီဒီယိုနည်း ပညာသုံး၍ ဆရာဝန်နှင့် လူနာတို့အကြား ဆက်သွယ်မှုက ရှေ့တန်းရောက်လာသည်။

ထို့အပြင် ဝေဒနာရှင်များအား နေ့တဓူဝ ကျန်းမာရေး အခြေအနေ စစ်ဆေးခြင်း၊ အစားအစာနှင့် အသုံးအဆောင် သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများ၌ လည်း ပုံစံအမျိုးမျိုးသော စက်ရုပ်များက အစားထိုး နေရာယူလာပြီး ကူးစက်ရောဂါ ပျံ့နှံ့မည့် အန္တရာယ်ကို လျှော့ချပေးသည်။

အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု အလုပ်များအား လူအစား စက်ရုပ်က တာဝန်ယူပေးမည်ဖြစ်ပြီး မြန်မာ၊ ထိုင်း တက္ကသိုလ်အချို့ပင် စက်ရုပ်များ တီထွင်၍ ကိုဗစ်နိုင်တင်း ကုသရေး လုပ်ငန်းစဉ်၌ လက်တွေ့ အသုံးချနေပြီ ဖြစ်သည်။

နောက်ထပ် ပုံစံသစ်က ကပ်ရောဂါ နှင့် မဆိုင်သော မူလရှိနှင့်ပြီး ရောဂါ ဝေဒနာများအတွက် ဖြစ်သည်။

ကူးစက်မြန် ကပ်ရောဂါကြောင့် မြန်မာအပါအဝင် နိုင်ငံအသီးသီးမှ ဆေးရုံဆေးခန်း အများအပြားသည် အခြားသော ရောဂါရှင်များအတွက် ခေတ္တခဏ တံခါးများ ပိတ်သွားခဲ့သလို ရောဂါသည် ကာယကံရှင်တို့ ကိုယ်တိုင်လည်း ဆေးရုံဆေးခန်းကို အတတ်နိုင်ဆုံး ရှောင်ဖယ် နေခဲ့ကြသည်။

သို့သော် နှလုံးရောဂါ၊ ဆီးချိုရောဂါ စသော စဉ်ဆက်မပြတ် ပုံမှန်စောင့်ကြည့် ကုသမှု ခံယူရန် လိုအပ်သည့် ရောဂါရှင်များနှင့် ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစ ကလေးငယ်ကဲ့သို့သော ကျန်းမာရေး စောင့်ရှောက်မှု ပုံမှန် လိုအပ်သူများအတွက် နည်းပညာက အဖြေတစ်ခုဖြစ် လာသည်။

ကိုဗစ်ကာလအတွင်း ရုံးလုပ်ငန်း အတော်များများ နေအိမ်မှ အလုပ်လုပ်ကြခြင်းကို Work from Home ဟု ခေါ်ဆိုပြီး ရေပန်းစားသည့် စကားရပ် ဖြစ်လာခဲ့သည်။ အလားတူ နောက်ထပ် လူသိများ လာမည့်စကားရပ်က Telemedicine နှင့် Tele-health ဆိုသည့် စကားရပ် များဖြစ်သည်။

အင်တာနက်နှင့် ဒီဂျစ်တယ်နည်း ပညာကို အခြေခံ၍ ဗီဒီယိုရုပ်သံ၊ ဖုန်းနှင့် စာတိုပေးပို့ခြင်း စနစ်များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ပုံစံဖြစ်သည်။ ဤနည်းလမ်းဖြင့် လူနာများနှင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူရန် လိုအပ်သူများသည် ဆေးရုံဆေးခန်းများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

ဆရာဝန်၊ သူနာပြုများနှင့် တိုက်ရိုက်ထိတွေ့ရန်လည်း မလိုဘဲ နေအိမ်မှပင် ထိုင်ရာမထ ကုသမှု ခံယူနိုင်သည်။

Telemedicine သည် ကိုဗစ်နိုင်တင်းကြောင့် ပေါ်လာသည့် စနစ်တစ်ခု မဟုတ်သော်လည်း ကပ်ရောဂါ၏ တွန်းပို့မှုကြောင့် လျင်လျင်မြန်မြန် တွင်ကျယ်လာသည့် စနစ်ဖြစ်ပြီး နိုင်ငံအများအပြားတွင် Telemedicine ကို အသုံးပြုသူ အရေအတွက် တစ်ဟုန်ထိုး တက်လာသည်။

သူ၏ ကောင်းကျိုးက ကူးစက်ရောဂါ အန္တရာယ်ကင်းဝေးရန်အတွက် ထိတွေ့မှု လျှော့ချရန်သက်သက် မဟုတ်ဘဲ ကိုယ်အကြိုက်တွေ့သော ဆရာဝန်၊ ဆေးရုံ ဆေးခန်းများနှင့် လွယ်လင့်တကူ ချိတ်ဆက်၍ ကုသမှုခံယူနိုင်သလို စရိတ်စကများလည်း သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။

ဥပမာ ကျေးလက်ဒေသမှ ကလေးငယ်အတွက် အထူးကုတစ်ဦးနှင့် ပြသလိုသည့်အခါ ပုံမှန်အားဖြင့် အထူးကုများရှိသည့် မြို့ကြီးများသို့ ကိုယ်တိုင်သွားရောက် ရမည်ဖြစ်သော်လည်း Telemedicine စနစ်တွင် နေရပ်မှပင် ကုသမှု ခံယူနိုင်ပါသည်။

သွားလာစရိတ်၊ တည်းခိုနေထိုင် စရိတ် အပါအဝင် လူအားငွေအားနှင့် အချိန်တို့ ချွေတာနိုင်ပေမည်။

Telemedicine သို့မဟုတ် Tele-health ဝန်ဆောင်မှုအတွက် မိုဘိုင်းလ် အပလီကေးရှင်း Mobile App များလည်း သက်ဆိုင်ရာ နိုင်ငံအလိုက် အပြိုင်အဆိုင်ပေါ်လာပြီး အသုံးပြုသူ အရေအတွက်သည်လည်း ဆက်တိုက် တိုးပွားလျက်ရှိသည်။

အချိန်ပြည့် စောင့်ကြည့်ရန် လိုအပ်သူများအတွက်ပင် နည်းပညာအကူအညီဖြင့် ကိုယ်အပူချိန်၊ နှလုံးခုန်နှုန်း အပြောင်းအလဲများ၊ အသားအရည် ပြောင်းလဲမှု အနေအထား၊ ဆီးချိုပမာဏ စသည်ဖြင့် အချိန်မလပ် စောင့်ကြည့်၍ ထူးခြားသည့် ပြောင်းလဲမှုရှိပါက သက်ဆိုင်ရာ ဆရာဝန်ထံအလိုအလျောက် သတင်းပို့စေမည့် စနစ်များလည်း ပေါ်လာပြီဖြစ်သည်။

နည်းပညာအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည် သမာရိုးကျ ကုသပုံကို အလုံးစုံ အစားထိုးနိုင်မည် မဟုတ်သော်လည်း ပိုမိုကောင်းမွန်သော ကျန်းမာရေးစနစ်တစ်ခု ဖြစ်လာပြီး ထိခိုက်သေဆုံးမှုများကို သိသိသာသာ လျှော့ချနိုင်စွမ်းရှိသည်။

ပို၍ ပြည့်စုံကောင်းမွန်အောင် တီထွင်ဆန်းသစ်မှုများလည်း စဉ်ဆက်မပြတ် ရှိနေပါလိမ့်မည်။

မြန်မာနိုင်ငံ၌ပင် အထူးကုဆရာဝန်ကြီးများနှင့် နည်းပညာအခြေခံ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ရယူနိုင်မည့် အခွင့်အလမ်းများ ပေါ်လာပြီဖြစ်ကာ OnDoctor ကဲ့သို့သော မိုဘိုင်းလ်အပလီကေးရှင်းများ အသုံးတွင်ကျယ်လာပြီး ဆမ်ဆောင်း ကုမ္ပဏီကြီးကပင် ကြော်ငြာပေးလာရသည်။

ဓနအင်အားတောင့်တင်းပြီး နည်းပညာ ရှေ့ပြေးသည့် နိုင်ငံကြီးအချို့ ကျန်းမာရေး စောင့်ရှောက်မှု ပုံစံသစ်၏ လက်ငင်းကောင်းကျိုးကို ရရှိခံစားနေကြပြီ ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူအများအပြား လက်လှမ်းမီရေးဆိုလျှင် ရင်းနှီးမြှုပ်နှံမှုနှင့် အချိန်တစ်ခု လိုအပ်နေ သေးသည်။

ကိုဗစ်နှင့် ဆေးပညာ သင်ယူသင်ကြားရေး
ကပ်ရောဂါဘေးကြောင့် ကဏ္ဍစုံ ထိခိုက်မှုများရှိသည့်တိုင် အဦးဆုံး၊ အပြင်းထန်ဆုံး ထိခိုက်ခဲ့သည်က ဆေးရုံ၊ ဆေးခန်းများ၊ ဆရာဝန် သူနာပြုများစသည့် ကျန်းမာရေးလောကဖြစ်သည်။ ကူးသန်းသွားလာမှုနှင့် ပုံမှန် လုပ်ငန်းများအား ယာယီရပ်ဆိုင်းစေသည့် လော့ခ်ဒေါင်း ချလိုက်ချိန်တွင် ဆေးကျောင်းများလည်း မလွတ်ခဲ့ပါ။

ကိုဗစ်ကပ်ဘေးတွင် ဆရာဝန်၊ သူနာပြုများ ကူးစက်ခံရခြင်း၊ သေဆုံးခြင်းတို့ အများအပြားရှိခဲ့ပြီး ဆေးကျောင်းများ၏ သင်ကြားရေး လုပ်ငန်းများ ရပ်တန့်သွားခဲ့ခြင်းက နိုင်ငံအများအပြားအတွက် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်။

စိန်ခေါ်မှုသစ်အတွက် ဖြေဆေးက အွန်လိုင်းအခြေပြု သင်ကြားသင်ယူရေးပင် ဖြစ်သည်။
ထို့အတွက် သင်ရိုးများအား ပြုပြင်ဆန်းသစ်ရန် လိုအပ်လာသလို အချို့သော သင်ခန်းစာများအတွက် ကြိုတင်ပြင်ဆင် ရိုက်ကူး၍ သင်ကြားပေးခြင်း၊ ဆရာနှင့် ကျောင်းသားများ အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ပြောဆို သင်ကြားခြင်း အစီအစဉ် အဆင့်ဆင့် ပါဝင်သည်။

ဆေးပညာတွင် ကျောင်းသားများအတွက် စာတွေ့ပြီးဆုံးချိန် လက်တွေ့ ကုသရေးတာဝန်မယူမီ အလုပ်သင်အချိန်က လွန်စွာအရေးပါသည်။ စာတွေ့သက်သက်က ဆရာဝန်လောင်းများအတွက် မပြည့်စုံနိုင်ဘဲ လက်တွေ့ အလုပ်သင်ချိန်များဖြင့်သာ ကျန်းမာရေးပညာရှင်ဘဝသို့ တက်လှမ်းရသည်။

ယခု ကိုဗစ်က ထိုအခြေအနေများကို ဟန့်တားလိုက်သည်။
ဆရာဝန်မောင်မယ် မျက်နှာသစ်များအတွက် အလုပ်သင်ပုံစံများက လက်တွေ့ ပြင်ပထက် အွန်လိုင်းအခြေပြု သင်ကြား သင်ယူမှုပုံစံသစ်ဖြင့်သာ ခရီးဆက်ရမည့် အခြေအနေ ရှိသည်။ သို့သော် နည်းပညာအကူအညီဖြင့် ပကတိပြင်ပ၌ မြင်တွေ့ ကုသမှု ပေးရသလိုဖြစ်စေရန် သင်ကြားရေး တာဝန်ခံများက စီမံဖန်တီးမည်မှာ သေချာပါသည်။

ထို့အတူ တွင်ကျယ်လာမည့် Tele-health စနစ်ကိုလည်း ဆေးကျောင်းတွင် တစ်ပါတည်း သင်ကြားပေးတော့မည်ဖြစ်ပြီး ပြောင်းလဲဆန်းသစ်လာသည့် ပုံစံသစ်အတွက် မျိုးဆက်သစ် ကျန်းမာရေး ပညာရှင်များက အသင့်ရှိနေမည် ဖြစ်သည်။

ကမ္ဘာလုံးချီသည့် ကျန်းမာရေး ကပ်ရောဂါဘေးက ကျန်းမာရေးပြဿနာ သက်သက်မဟုတ်ဘဲ စီးပွားရေး၊ လူမှုရေး ပြဿနာပေါင်းများစွာကို ဖန်တီးခဲ့သည်။ အဆိုပါ ပြဿနာများမှ ပြန်လည်ရုန်းထရေးမှာ ကျန်းမာရေးကပင် အခြေခံအကျဆုံး ဖြစ်ပါသည်။

စီးပွားရေး လုပ်ငန်းများ ပြန်စရန်နှင့် ကမ္ဘာ့အသိုက်အဝန်းနှင့် ပြန်လည်ချိတ် ဆက်နိုင်မည့် အခြေအနေတို့မှာ ကျန်းမာရေး စိတ်ချရမှု အခြေအနေအပေါ် လုံးလုံး မူတည်နေပြီး ကျန်းမာရေး အာမခံချက်ပေးနိုင်သည့် နိုင်ငံများက အစောဆုံး ပြန်လည်ရုန်းထနိုင်မည့်သူများ ဖြစ်သည်။

ကပ်ရောဂါက ဖန်တီးလိုက်သည့် ကျန်းမာရေးကဏ္ဍ ပြဿနာသစ်များအတွက် အဖြေသစ်များ ရှိပါသည်။

လက်တွေ့ လိုက်နာကျင့်သုံးနိုင်စွမ်းက တကယ့်အဖြေဖြစ်သည်။

ကိုးကား

  • Covid-19 pandemic accelerates digital health reforms (https://www.ft.com/content/31c927c6-684a-11ea-a6ac-9122541af204)
  • Professors and administrators predict what the future of med school might look like post-pandemic (https://www.businessinsider.comprofessors-administrators-predict-future-medical-school-post-pandemic-2020-6)

စာရေးသူမှာ ရန်ကုန်အခြေစိုက် သတင်းစာ ဆရာတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံရှိ နာမည်ကျော် သတင်းစာတိုက်တွင် မြန်မာဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင် လျက်ရှိသည်။