ဖျားနာ၊ နှာချေ၊ ချောင်းဆိုးချိန် ဘာကြောင့် နှာခေါင်းစည်းတပ်ဖို့ လိုသလဲ

0
475

မိုးရာသီရောက်လာပြီဆိုတော့ အအေးမိတာ၊ ဖျားနာတာ၊ ချောင်းဆိုးတာတွေ ဖြစ်လာကြပါတယ်။ အရင်ကာလတွေနဲ့ မတူတာက အခုလက်ရှိမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်နေတဲ့ အချိန် ဖြစ်ပါတယ်။

ဖျားနာတာ၊ ချောင်းဆိုးတာ၊ နှာချေတာ၊ လည်ချောင်းနာတာ စတာတွေ ခံစားနေရမယ်ဆိုရင် ကိုဗစ် ၁၉ အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ကူးစက်ရောဂါတစ်ခုခု ရှိနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး၊ အခြားတုပ်ကွေးဗိုင်းရပ်စ်ပိုးများနှင့် တီဘီရောဂါပိုးစသည့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများသည် ရောဂါရှိသူ၏ ပါးစပ်နှင့် နှာခေါင်းမှတစ်ဆင့် စကားပြောခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းပြုလုပ်ရာမှ အနီးပတ်ဝန်းကျင်ထိ ပျံ့နှံ့ရောက်ရှိနိုင်တာကို တွေ့ရှိရပါတယ်။

ဒါကြောင့် လက်ရှိမှာ ကိုယ့်အနီးဝန်းကျင်မှာ လူတစ်ဦးတစ်ယောက်က နှာချေချောင်းဆိုးတာကို စည်းကမ်းမဲ့လုပ်နေပြီဆိုရင် စိတ်မသက်မသာ ဖြစ်ရပါတယ်။

ဥပမာအားဖြင့် အခုလို အားလုံးကလည်း အိမ်အပြင် ပြန်ထွက်လာပြီး မိုးတွင်းကာလလည်း ဖြစ်နေတဲ့အချိန်မှာ အထူးသဖြင့် လူများလေ့ရှိတဲ့၊ ဝိုင်းဖွဲ့စားသောက်လေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ တစ်ယောက် ယောက်က စည်းကမ်းမဲ့ နှာချေတာ ချောင်းဆိုးတာမျိုးက ဘေးကလူတွေကို ကသိကအောင့် အတော်ဖြစ်စေ ပါတယ်။ ကျန်တဲ့နေရာမှာလည်း အဲလို ကိုယ့်ဘေးက လူက အဲလိုလုပ်ရင် အတော်နေရခက်ပါတယ်။
ဆိုတော့ အဲလို စိတ်မသက်မသာဖြစ်ရလောက် အောင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထပ်ခါ တလဲလဲ သတိပေးချက်ထုတ်ပြန်တာ ရလောက်အောင် ချောင်းဆိုး၊ နှာချေတဲ့အခါ ကိုယ့်ဆီက အမှုန်တွေက ဘယ်လောက်အကွာအထိ ဘယ်လိုနှုန်းနဲ့ ရောက်ပါသလဲ။

လက်တလောသုတေသန တွေ့ရှိချက်များအရ ရောဂါပိုးပါနိုင်တဲ့ အစက်အမှုန်ကြီးတွေဟာ

-ချောင်းဆိုးတဲ့အခါ တစ်စက္ကန့်မှာ ၃၃ ပေနှုန်း အရှိန်နဲ့ ၆ ပေခွဲကျော် အကွာအဝေးအထိ ရောက်နိုင်တယ်။

-နှာချေတဲ့အခါ တစ်စက္ကန့်မှာ ၁၆၄ ပေနှုန်းအရှိန်နဲ့ ၁၄ ပေခွဲကျော်အထိ ရောက်နိုင်တယ်။

-ရောဂါတစ်စုံတစ်ရာ မပြသူတွေရဲ့ ပုံမှန်အသက်ရှူထုတ်ခြင်းကနေလည်း ၅ ပေခန့်အကွာအထိ ရောက်နိုင်ပါတယ်။

ဒီလိုအစက်အမှုန်တွေထဲမှာ ပါနေနိုင်တဲ့ ရောဂါပိုးတွေဟာ အနီးအနားက နှာခေါင်းစည်း မတပ်ထားတဲ့သူတွေဆီ အလွယ်အကူ ဝင်ရောက်ရောဂါကူးစက်နိုင်ပါတယ်။

ဒါကြောင့် နှာချေ၊ ချောင်းဆိုးတဲ့အခါတိုင်းမှာ မိမိထံက ရောဂါပိုးပါဝင်နိုင်တဲ့ အစက်အမှုန်တွေ ထွက်ရှိတာမျိုး မဖြစ်အောင် နှာခေါင်းစည်း အသုံးပြုတာ၊ တစ်ရှူးသုံးတာ၊ တံတောင်ဆစ်ကွေး အသုံးပြုတာမျိုးနဲ့ ပါးစပ်နဲ့ နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ရမှာ ဖြစ်ပါတယ်။

ရင်းမြစ် – ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန