အယ်ဒီတာ့ အာဘော်

147
editorial
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

သယံဇာတ ကပ်

မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံအဖြစ် ခေတ်အဆက်ဆက်က ဟစ်ကြွေးခဲ့သည်။ စစ်အစိုးရခေတ်ကဆိုလျှင် သီချင်းများဖြင့် လူထုကို ဝါဒဖြန့်ခဲ့သည် အထိဖြစ်သည်။

မြန်မာနိုင်ငံသည် အတိုင်းအတာ တစ်ရပ်အထိ သယံဇာတ ပေါပါသည်။ သယံဇာတပေါကြွယ်ဝခြင်းသည် ကောင်းချီးတစ်မျိုး ဖြစ်ပါသည်။ သို့သော် သယံဇာတကို ကောင်းမွန်စွာ မစီမံနိုင်ပါက ပို၍ပင် ကပ်ဘေးသင့်နိုင်ပါသည်။

တိုင်းပြည်တည်ဆောက်ရေးတွင် သယံဇာတပေါကြွယ်သည်ဆိုတိုင်း သယံဇာတ ထုတ်ယူသုံးစွဲ၊ ရောင်းချရေးကိုသာ ဦးတည်လွန်းပြီး အခြားရေရှည် တည်တံ့သော ဖွံ့ဖြိုးရေးပုံစံကို မျက်ကွယ်ပြုပါက ကပ်ဘေးသင့်နိုင်ကြောင်း ပညာရှင်အများအပြားက ထောက်ပြပြောဆိုနေခဲ့ပြီး ဖြစ်သည်။

ယင်းအပြင် သယံဇာတ စီမံရာတွင် လူအုပ်စုတစ်ခု၊ သို့မဟုတ် လူနည်းစုကိုသာ အကျိုးရှိစေပြီး ယင်းမှရရှိသည့် အကျိုးအမြတ်ကို လူအများစု မျှတစွာ ခံစားနိုင်အောင် မစီမံနိုင်ပါက ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာပြီး တိုင်းပြည်ကို ချောက်အတွင်းသို့ပင် ဆွဲချသွားစေနိုင်သည်။

ယင်းကို ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပျက်ခဲ့သည့် ဖားကန့်မြေပြိုမှုတွင် လူရာချီ သေဆုံးရမှုဖြင့် ပမာပြနိုင်သည်။ ကျောက်စိမ်းထုတ်လုပ်မှုဖြင့် လူတန်းစားတစ်ရပ်က ဆီဦးထောပတ်များ ခံစားရနေချိန်တွင် အခြေခံလူတန်းစားများမှာ ဝမ်းရေးအတွက် ရုန်းကန်ရင်းပင် အသက်ပေါင်းများစွာ ပေးဆပ်နေရသည်။

ထိုကြောင့် သတ္တုများကို မည်သို့ တူးဖော်ခွင့်ပေးမည်၊ ကမ်းခြေများကို မည်သို့ လုပ်ကိုင်ခွင့်ပေးမည်၊ ကျွန်းများကို မည်သို့လုပ်ကိုင်ခွင့်ပေးမည်၊ လူအများစု မှီခိုအသက်မွေးနေသော ရေလေမြေ စသည့် သယံဇာတများကို မည်သို့ စီမံမည်ကို အလေးအနက်ထား စဉ်းစားရန် လိုပါသည်။

အစိုးရ၏ အလုပ်မှာ ယင်းတို့ကို ကောင်းမွန်စွာ စီမံရေးဖြစ်ပြီး ရောင်းစား ရန်သက်သက်၊ မြေလုပ်ပိုင်ခွင့်ပေးရန် သက်သက်မဟုတ်ပါ။ ယခုပင် မြန်မာပြည် မှာ သယံဇာတ ကပ်ဘေးသင့်နေပြီဖြစ်ရာ ယင်းမှ သင်ခန်းစာယူဖို့ ဖြစ်သည်။

အယ်ဒီတာ့ အာဘော်