မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ဆက်ပိတ်၊ ကုန်ခြောက်များ တင်သွင်းခွင့်ရ

0
725
မောတောင်နှင့် စင်ခွန်းနယ်စပ်ဂိတ်အကြားရှိ ရေထွက်ကုန်များ ဖလှယ်သည့်နေရာကို ဖေဖော်ဝါရီလအတွင်းက တွေ့ရခဲ့စဉ်။ ဓာတ်ပုံ-ချစ်ဦး

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ် တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အား ယာယီပိတ်ထားသည့် သက်တမ်းတစ်လ ထပ်တိုးမြှင့်လိုက်သည်။

ကိုဗစ်နိုင်တီးဂယက်ကြောင့် မောတောင်နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ စင်ခွန်း အထူးယာယီနယ်စပ်ဂိတ်မှ ဝင်/ ထွက်သွားလာမှုနှင့် ကုန်သယ်ယူခွင့်တို့ကို ထိုင်းအစိုးရက ဇွန်လကုန်အထိ ယာယီပိတ်ထားရာမှ ဇူလိုင်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ခဲ့သည်။

သို့သော် ကုန်ခြောက်များကိုမူ ဇူလိုင်လ ၁ ရက်နေ့မှစပြီး သယ်ယူခွင့် ပြုလိုက်ပြီဖြစ်ကြောင်း မြိတ်-ပရာကျွတ် ညီအမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

နယ်စပ်ဂိတ်အား ထိုင်းအစိုးရက သက်တမ်းတိုးမြှင့်ခဲ့သော်လည်း ပရာကျွတ် ခီရီခန်ခရိုင်ဝန် (ကိုယ်စား) ဒုတိယခရိုင်ဝန်က ကုန်ခြောက်များ သယ်ယူဖြတ်သန်း ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ထိုင်းအစိုးရက နယ်စပ်ဂိတ်များအား တိုက်ရိုက်ချုပ်ကိုင်ထားရာမှ သက်ဆိုင်ရာခရိုင်ဝန်တို့ထံ လုပ်ပိုင်ခွင့်အာဏာကို လွှဲပြောင်းပေးထားကြောင်း ဦးအောင်ကြည်မြင့်က ပြောပြသည်။

ယင်းကဲ့သို့ လုပ်ပိုင်ခွင့်ပေးထားသည့်အတွက် ပရာကျွတ်ခီရီခန် ခရိုင်ဝန်က ကုန်သွယ်မှုများပြန်လည် စီးဆင်း နိုင်ရေးအတွက် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ပရကျွပ်ခီရီခန်ခရိုင် ခရိုင်ဝန်ရုံးတွင် တပ်ဘက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူတို့ ပါဝင်သည့် အစည်းအဝေး တစ်ခုပြုပြီးနောက် ကုန်ခြောက်များအား စတင်ဖြတ်သန်းခွင့်ပြုပေးခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

“ကုန်တင်ကားတွေက နတ်စင်နားအထိပဲ သွားလို့ရသေးတယ်” ဟု မောတောင်နယ်စပ်နေ အသေးစားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကုန်ခြောက်ပစ္စည်းများ တင်သွင်း ခြင်း၊ တင်ပို့ ခြင်းတို့အား သတ်မှတ်ထားသည့် နတ်စင်ရှေ့ ( မောတောင်-စင်ခွန်းဂိတ်အကြား)တွင် နေ့စဉ် နံနက်ခြောက်နာရီခွဲမှ ညခြောက်နာရီခွဲအချိန်ထိသာ ကုန်ဖလှယ်ခြင်းကို ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ကုန်ခြောက်များကုန်သွယ်မှုကို အချိန် အတိုင်းအတာတစ်ခုထိ စောင့်ကြည့်နေမည်ဖြစ်ပြီး ကိုဗစ်နိုင်တီးကူးစက်မှု တစ်စုံတစ်ရာမရှိခဲ့ပါက ကုန်စိုများဖြစ်သည့် ရေထွက်ကုန်များအား ဖြတ်သန်း ခွင့်ပြုရန် စီစဉ်ထားကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)