မြိတ်အေးရိပ်ချောင် ကျောင်းထိုင်ဆရာတော် ဓားအထိုးခံရ

0
693

မြိတ်မြို့ရှိ အေးရိပ်ချောင်မဟာစည် သာသနာ့ရိပ်သာ၏ ကျောင်းထိုင်ဆရာတော်ကို အမည်မသိသူတစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကလွင်ကျေးရွာအုပ်စုရှိ ယင်းသာသနာ့ရိပ်သာတွင် ဇူလိုင်လ ၁ ရက်နေ့က ဆွမ်းစားဆောင်တွင် သက်တော် ၆၃ နှစ်အရွယ်ရှိ ကျောင်းထိုင်ဆရာတော်က ဆွမ်းသုံးပြီး တစ်ပါးတည်း ပြန်လာစဉ် ဓားဖြင့်ထိုးခံရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဓားဖြင့်ထိုးသွားသူက အသက် ၂၅ နှစ်အရွယ်ခန့်ရှိပြီး သားရေမျက်နှာဖုံး တပ်ထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဓားဖြင့် အထိုးခံရသဖြင့် ဆရာတော်တွင် ဒဏ်ရာရရှိခဲ့ပြီး ယင်းဖြစ်စဉ်ကို အေးရိပ်ချောင်မဟာစည် သာသနာ့ရိပ်သာ ဂေါပကအဖွဲ့ အတွင်းရေးမှူးက စုံစမ်းဖော်ထုတ်ပေးရန် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြိတ်မြို့မရဲစခန်းတွင် သက်ဆိုင်ရာ ရာဇသတ်ကြီးပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။