မြိတ်တွင် လေးရက်အတွင်း လူပျောက်တိုင်ကြားမှု သုံးခုရှိ

0
431

မြိတ်မြို့တွင် ဇွန်လ ၂‌၉ ရက်နေ့မှ ဇူလှိုင်လ ၂ ရက်နေ့အထိ လေးရက်အတွင်း လူပျောက်အမှု သုံးမှုရှိကြောင်း မြိတ်မြို့မရဲစခန်းနှင့် ကာယကံရှင်တို့ထံမှ သိရသည်။

မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စု ကန်သာယာကျေးရွာနေ အသက်နှစ်ဆယ်အရွယ်ရှိ ဒုတိယနှစ် သင်္ချာကျောင်းသူတစ်ဦးမှာ ဇွန်လ ၃၀ ရက်‌နေ့ နံနက်ပိုင်းအချိန်က ဖခင်ဖြစ်သူ၏ နာရေးနှစ်ပတ်လည်အလှူအတွက် အင်္ဂမော်ရွာရှိ သူငယ်ချင်းများအား သွားရောက် ဖိတ်ကြားရန် နေအိမ်မှ တစ်‌ဦးတည်း ခြေလျင်ထွက်သွားရာမှ ပျောက်ဆုံးခဲ့ရကြောင်း မိခင်ဖြစ်သူက ပြောပြသည်။

သမီးဖြစ်သူမှာ မွန်းလွဲပိုင်းအချိန်အထိ နေအိမ်သို့ ပြန်မလာသေးသဖြင့် အင်္ဂမော်ရွာရှိ သူငယ်များအား သွားရောက်မေးမြန်းရာ မရောက်လာကြောင်း ပြောဆိုကြသဖြင့် အိမ်တွင်ကျန်ခဲ့သည့် ဖုန်းအားစစ်ဆေးခဲ့ပြီး နောက်ဆုံးခေါ်ဆိုခဲ့သည့် ဖုန်းနံပါတ်အား ဆက်သွယ်ခဲ့ရာ ပြန်လည်ဖြေဆိုခြင်း မရှိကြောင်း အဆိုပါ မိခင်က ပြောပြသည်။

“ခုချိန်ထိ ဆက်သွယ်လို့ မရသေးဘူး” ဟု ၎င်းက ဇူလိုင်လ ၃ ရက်တွင် ပြောသည်။

ကန်သာယာရွာသားတစ်ဦး၏ ပြောပြချက်အရ သမီးဖြစ်သူမှာ ကားလမ်းမတွင် အနီရောင်မော်တော်ယာဉ်တစ်စီးပေါ်ရှိ လူတစ်ဦးနှင့် စကားပြောနေသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

ကန်သာယာရွာနှင့် အင်္ဂမော်ရွာတို့မှာ မြိတ် – တနင်္သာရီ ကားလမ်းမပေါ် တွင် တည်ရှိသည်။

ထို့ပြင် မြိတ်မြို့ ကြံတောလမ်းသွယ်တွင် နေထိုင်သည့် အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးမှာ ဇွန်လ ၂၉ ရက် ညပိုင်းအချိန်က အပြင်ထွက်သွားရာမှ နေအိမ်သို့ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

အသက် ၁၁ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးမှာ ဇူလိုင်လ ၂ ရက်နေ့က နေအိမ်ခြံဝင်းအတွင်းမှ ပျောက်ဆုံးခဲ့ရကြောင်း ကလွင်ကျေးရွာအုပ်စု တက္ကသိုလ်ရပ်နေ မိန်းကလေးငယ်၏ မိခင်ဖြစ်သူက ပြောပြသည်။

ပြီးခဲ့သည့် မေနှင့် ဇွန်လအတွင်းက တိုင်ကြားလာသည့် လူပျောက်အမှု သုံးခုတွင် အရွယ်မရောက်သေးသည့် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်များ ဖြစ်ကြပြီး ၎င်းတို့မှာ ခိုးရာလိုက်ပြေးခဲ့ကြသဖြင့် အမှုဖွင့်အရေးယူခဲ့ရကြောင်း မြိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောပြသည်။

မြင့်မိုရ်(မြိတ်)