သဘာဝဘေးအတွက် ဘတ်ဂျက် လိုအပ်ချက်ရှိနေဟုဆို

0
389

မွန်ပြည်နယ်တွင် သဘာဝဘေးအတွက် ဘတ်ဂျက်ကို Covid-19 ကူးစက်ရောဂါကာလတွင်
သုံးထားရသည့်အတွက် ဘတ်ဂျက် လိုအပ်ချက်ရှိနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ယမန်နှစ်က သဘာဝဘေးအတွက် ဘတ်ဂျက် ကျပ်သိန်းတစ်သောင်း ရှိခဲ့သော်လည်း ယခုနှစ်အတွက် လက်ရှိတွင် မွန်ပြည်နယ်အစိုးရ၌ သဘာဘေးဘတ်ဂျက် ကျပ်သိန်း ၅၀ဝ၀ ခန့်သာရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“တော်တော်များများမှာ Shelter တွေ လိုက်ဆောက်နေတယ်။ ဘီလူးကျွန်း ကျိုက်မရော မော်လမြိုင်စသဖြင့် shelter တွေ လိုက်ဆောက်နေတယ်။ အဓိကက စားနပ်ရိက္ခာအတွက် အဓိက ဖြည့်ရမယ့် အခြေအနေမှာ ရှိတယ်။ အဲဒီအတွက် ဘတ်ဂျက်ကလည်း ကိုဗစ်မှာသုံးထားတာ နည်းနည်းများတော့ အဲဒီအတွက်ကို ပြန်ရှာ နေရတာပေါ့နော်” ဟု ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

သဘာဝဘေးအတွက် ဘတ်ဂျက် လိုအပ်ချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရနှင့် ချိတ်ဆက်ထားပြီး ပြည်ထောင်စုအစိုးရမှ ကူညီထောက်ပံ့မှုရှိလာမည်ဟု ဦးမင်းကျော်လွင်က ပြောသည်။

ပြည်နယ်အစိုးရအနေနှင့် သဘာဝ ဘေးဖြစ်ခဲ့မည်ဆိုပါက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ချက်ချင်းဆောင်ရွက်နိုင်ရန် သက်ဆိုင် ရာဌာန၊ လူမှုရေးအသင်းအဖွဲ့တို့နှင့် ညှိနှိုင်းဆွေးနွေးထားပြီးဖြစ်သည်ဟု စည်ပင်ဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့်နှစ်များက ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးများသည် ဇွန်လ အတွင်း ဖြစ်ပွားခဲ့သည်။

ယခုနှစ်တွင် ဇွန်လကျော်လွန်လာခဲ့ပြီးဖြစ်သည့်အတွက် ဇူလိုင်လအတွင်း သဘာဘေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုရှိကြောင်း စည်ပင်ဝန်ကြီး ပြောသည်။

ယဉ်စနိုင်း