အတ္ထရံမြစ်ရေ သန့်စင်စီမံကိန်း ပြီးပါက မြို့ပေါ်ရပ်ကွက် ၈၀ ရာခိုင်နှုန်းထိ ရေသန့်ရမည်

0
487

အတ္ထရံမြစ်ရေသန့်စင်စီမံကိန်း ပြီးစီးသွားပါက မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက် ၈၀ ရာခိုင်နှုန်းခန့်ထိ ရေသန့်ဖြန့်ဝေပေးနိုင်မည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ် ရေးဝန်ကြီးက ပြောသည်။

မြို့ပေါ်ရပ်ကွက် ရေရှားပါးမှု မဖြစ်ပေါ်စေရေးနှင့် သန့်ရှင်းသောရေ အသုံးပြုနိုင်ရေးအတွက် အတ္ထရံမြစ်ရေ သန့်စင်သည့် စီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစကာ ဆောင်ရွက်ခဲ့ သည်။

စီမံကိန်းစတင်စဉ်က မြို့ပေါ် ၁၄ ရပ်ကွက်အတွက် ရေဂါလံ ၄ သန်း အထိသာ ထုတ်ရန် စီစဉ်ခဲ့သော်လည်း မြို့ပေါ် ရေလိုအပ်ချက်အရ ရပ်ကွက် ၁၆ ရပ်ကွက်အတွက် ရေဂါလံ ၆ သန်းထိ တိုးထုတ်ရန် ဆောင်ရွက်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာ ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

“အစတုန်းက ဆွဲထားတဲ့စီမံကိန်းက ၁၄ ရပ်ကွက်၊ အခု ၁၆ ရပ်ကွက်ထိ တိုးဖို့ စဉ်းစားထားတယ်။ အဲဒါကြောင့် ရေဂါလံ ၆ သန်းထိ ဖြစ်သွားတယ်၊ ဒီတစ်နှစ်တည်းတော့ ၁၀ဝ ရာခိုင်နှုန်းတော့ မပေးနိုင်သေးဘူး။ ၈၀ ရာခိုင်းနှုန်းလောက် ရမယ်။ ရေသန့်ရသွားမယ်” ဟု ဦးမင်းကျော်လွင်က ပြောသည်။

လက်ရှိတွင် စီမံကိန်းလုပ်ငန်း ၇၈ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သော်လည်း ထပ်တိုးလုပ်ငန်းများရှိနေသည့်အတွက် ယခုနှစ်အတွင်း ရာနှုန်းပြည့် ပြီးစီးမည်မဟုတ်ဘဲ ၈၀ ရာခိုင်နှုန်းထိသာ ရေသန့်ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း လာမည့် နှစ်ဆန်းပိုင်းမှသာ ရာခိုင်နှုန်းပြည့် ရေသန့်ဖြန့်ဝေပေးနိုင်မည်ဟု စည်ပင်ဝန်ကြီးက ဆက်ပြောသည်။

အဆိုပါ ရေသန့်စင်စီမံကိန်း ပြီးစီးသွားက ၂၄ နာရီ ရေသန့် အလုံအလောက် ရရှိမည်ဖြစ်ပြီး ရေမီတာခအနေနှင့် တစ်ယူနစ်လျှင် ၂၀ဝ ကျပ်ခန့် တက်သွားနိုင်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးက ပြောသည်။

မော်လမြိုင်မြို့ပေါ် ရပ်ကွက်များအတွက် အတ္တရံဖြစ်ရေ၊ ရွှေနတ်တောင်ဆည်နှင့် ကင်မွန်ချုံဆည်စသည့် ရေအရင်းအမြစ်တို့မှ ရေများဖြန့်ဝေပေး နေသည်။

လက်ရှိအနေအထားအရ ဆည်ရေကို အသုံးပြုနေရသည့် ရပ်ကွက်များအတွက် အခက်အခဲမရှိသော်လည်း သန့်ရှင်းမှုမရှိသည့် အတ္ထရံမြစ်ရေကို အသုံးပြုနေရသည့် ရပ်ကွက်များအတွက် အခက်အခဲရှိနေသည်ဟု ရပ်ကွက်နေ ပြည်သူတို့က ပြောသည်။

ယဉ်စနိုင်း