ကော့သောင်းတွင် တရားမဝင် ငါးသယ်လှေတစ်စီး ဖမ်းမိ

0
348

ကော့သောင်းတွင် တရားမဝင် ငါးသယ်လှေတစ်စီးကို တပ်မတော်ရေက ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဇူလိုင်လ ၂ ရက်နေ့ နံနက် ၇ နာရီ ခွဲခန့်က ကျောက်ဖြူကျွန်းအရှေ့ဘက်တွင် တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်နေသည့် မသင်္ကာဖွယ်လှေ တစ်စီးကို တပ်မတော်ရေယာဉ်က တွေ့ရှိ ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ မသင်္ကာသည့်လှေကို ခေါ်ယူစစ်ဆေးရာ လှေ၏ စက်ဂရမ်ပါသော်လည်း လှေအတိုင်းအတာနှင့် စက်အမျိုးအစား ကွဲလွဲနေကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထို့အပြင် ဆိပ်ကမ်းအာဏာပိုင်၏ ပင်လယ်ပြင်ထွက်ခွာ ခွင့်ပြုမိန့်နှင့် လုပ်ငန်းလိုင်စင်လည်း မပါကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အထက်ပါငါးသယ်လှေပေါ်တွင် အမျိုးသား ၃ ဦးကို ဖမ်းမိခဲ့ပြီး အဆိုပါလှေနှင့် လှေသားများကို ကော့သောင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနထံ တပ်မတော်ရေက လွှဲပြောင်းပေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ အမျိုးသား ၃ ဦးကို မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေဖြင့် ကော့သောင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။