ဆလုံ သင်္ချိုင်းနေရာ ပြန်ပေးပါ

0
609

မိဘဘိုးဘွားအဆက်ဆက် အသုံးပြုလာသည့် သင်္ချိုင်းဟောင်းအား ပြန်လိုချင်ကြောင်း ဆလုံလူမျိုးများက တောင်းဆို လိုက်သည်။

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာတွင်နေထိုင်သည့် မော်ကင်းဆလုံလူမျိုးများက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အလယ်မန်ကျေးရွာနေ ဆလုံလူမျိုးအစဉ်အဆက် အသုံးပြုခဲ့သည့် မူလသင်္ချိုင်း ဟောင်းရှိရာ ညောင်ပင်အော်တွင် လွန်ခဲ့သည့်သုံးနှစ်ခန့်မှစ၍ လုပ်ငန်းရှင်တစ်ဦးက ဥယျာဉ်ခြံအဖြစ် ဝင်ရောက်စိုက်ပျိုး လုပ်ကိုင်လာသည့်အတွက် မြှုပ်နှံခွင့်မရရှိတော့ဘဲ အခြားသင်္ချိုင်းတွင် သွားရောက်မြှုပ်နှံနေရကြောင်း ယင်းကျေးရွာနေ ဆလုံလူမျိုးများက ပြောပြသည်။

ဆလုံလူမျိုးများမှ မိမိတို့အစဉ် အဆက်မြှုပ်နှံခဲ့သည့် သင်္ချိုင်းပြန်ရရေး တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်မရသေးဟု ၎င်းတို့က ဆိုသည်။

“ကျွန်မတို့အားလုံးကသေရင်မိဘဘိုးဘွားတွေ မြှုပ်ထားတဲ့နေရာမှာပဲ သေချင်တယ်။ အားလုံးကလည်း ပြန်လို ချင်ကြတယ်” ဟု အသက်၅၀ခန့် ဆလုံအမျိုးသမီးဒေါ်ဗြားက ပြောသည်။

လက်ရှိအချိန်တွင် ဆလုံမဟုတ်သော အခြားလူမျိုးများ စုပေါင်းအသုံးပြုနေသော သင်္ချိုင်း၌မြှုပ်နှံနေရပြီး ယင်းအခြေအနေကို သဘောမကျကြောင်းနှင့် ၎င်းတို့အတွက် ယခင်ကအသုံးပြုခဲ့သည့် သင်္ချိုင်းကိုသာပြန်လိုချင်နေကြကြောင်း ယင်းကျေးရွာရှိ ဆလုံလူမျိုးစုခေါင်း ဆောင်ဦးအာယုက ဆိုသည်။

ဆလုံလူမျိုးများနှစ်ရာချီနေထိုင်လာသည့် ကျွန်းများတွင် ယခုအခါဗမာလူ မျိုးများနှင့်ကရင်လူမျိုး အချို့လည်း တစ်စစလာရောက်အခြေချနေထိုင်လာကြပြီး ယင်းကဲ့သို့ဆလုံလူမျိုးသီးသန့် မြှုပ်နှံသည့် သင်္ချိုင်းတချို့ပျောက်ကွယ်လာကြောင်း ဆလုံလူမျိုးအရေးလှုပ်ရှားသူ ဦးခင်မောင်ထွေးက ပြောသည်။

“သင်္ချိုင်းပျောက်တဲ့ရွာတွေမှာ သူတို့ရဲ့ ကိုးကွယ်မှုတွေ ဓလေ့ထုံးထမ်းတွေလည်း ပျောက်ကွယ်သွားကြတယ်” ဟု ၎င်းက ပြောသည်။

ကမ္ဘာပေါ်တွင် ပျောက်ကွယ်လုနီးဖြစ်သည့် ပင်လယ်ပျော်မော်ကင်းဆလုံ လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးထမ်းများ မပျောက်ကွယ်ရေး အစိုးရအနေဖြင့် အမြန်ဆုံးထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း ဆလုံအရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြပြောဆို လျက်ရှိသည်။

အလယ်မန်ကျေးရွာတွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိူးများ၊ အစ္စလာမ်ဘာသာဝင် မြန်မာလူမျိုးများနှင့် ဆလုံအပါအဝင် အိမ်ခြေပေါင်း ရှစ်ရာခန့်ရှိပြှီးဆလုံ အိမ်ခြေမှာ လက်ရှိအချိန်တွင် ၁၅ လုံးခန့်သာရှိတော့ကြောင်း ယင်းကျေးရွာအုပ် ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဆလုံလူမျိုးများသည် ကျွန်းစုမြို့ နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်း မြို့နယ်တို့ရှိကျွန်းများတွင် နေထိုင်နေကြပြီး လက်ရှိလူဦးရေ၁၇၀ဝ ခန့်သာ ကျန်တော့ကြောင်း ဆလုံလူမျိုးအရေး လှုပ်ရှားဆောင်ရွက်သူများထံမှ သိရသည်။

ကိုဆန်း