သတ္တုကုမ္ပဏီအယူခံအမှု ကရင်တိုင်းရင်းသား ထပ်အနိုင်ရ

0
557

ဟိန္ဒားသတ္တုတွင်း တူးခွင့်ရ မြန်မာ ပွန်ပီပက် (MPC) ကုမ္ပဏီ၏ အယူခံအမှုကို တနင်္သာရီတိုင်းတရားလွှတ်တော်က ဇွန်လ ၂၆ ရက်က အမိန့်ချမှတ်ခဲ့ရာ ကရင်တိုင်းရင်းသား စောဒါးရွှေက ထပ်မံအနိုင်ရခဲ့ကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။

မြန်မာပွန်ပီပက်ကုမ္ပဏီက သတ္တု စွန့်ပစ်ပစ္စည်းများကြောင့် ကွမ်းသီးပင်များ ပျက်စီးရခြင်းအတွက် လျော်ကြေးငွေရလိုကြောင်း စောဒါးရွှေက ၂၀၁၅ ခုနှစ်တွင် တရားစွဲဆိုခဲ့သည်။

ယင်းအမူတွင် မြန်မာပွန်ပီပက် ကုမ္ပဏီက စောဒါးရွှေအား လျော်ကြေးငွေ ကျပ်သိန်းတစ်ထောင်ကျော် (၁၁၄၈ သိန်း) ပေးရန် ထားဝယ်ခရိုင် တရားရုံးက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အမိန့်ချမှတ်ခဲ့သည်။

ထားဝယ်ခရိုင်တရားရုံး၏ အမိန့်ကို မြန်မာပွန်ပီပက်ကုမ္ပဏီက တိုင်းတရားလွှတ်တော်ထံ အယူခံတင်သွင်းရာတွင် ကရင်တိုင်းရင်းသား စောဒါးရွှေက ထပ်မံအနိုင်ရသွားခြင်း ဖြစ်သည်။

“တရားလို စောဒါးရွှေရဲ့ နစ်နာဆုံးရှုံးမှုအပေါ်မှာ လျော်ကြေးငွေကျပ် ၁၁၄၈ သိန်း ပေးစေရန် ချမှတ်ခဲ့တဲ့ ထားဝယ်ခရိုင် တရားရုံးရဲ့ အမိန့်သည် ဥပဒေနဲ့ ညီညွှတ်ကြောင်း တွေ့ရှိရလို့ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု တိုင်းတရားလွှတ်တော် ပြန်ကြားရေး အဖွဲ့ဝင် ဦးဇော်မင်းနိုင်က ပြောသည်။

တိုင်းတရားလွှတ်တော်၏ အမိန့်ကို မကျေနပ်ပါက မြန်မာပွန်ပီပက် ကုမ္ပဏီအနေဖြင့် ရက်ပေါင်းကိုးဆယ်အတွင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ်ထံ အယူခံတင်သွင်းခွင့်ရှိသည်။

ယင်းကဲ့သို့ အယူခံဝင်နေသည့် ကာလအတွင်း တိုင်းအဆင့်တွင် အနိုင်ရသူ စောဒါးရွှေက လျော်ကြေးငွေကို ရရှိမည် မဟုတ်သေးပေ။

လက်ရှိတွင် မြန်မာပွန်ပီပက်ကုမ္ပဏီသည် ဟိန္ဒားသတ္တုတွင်း တူးဖော်ခွင့်သက် တမ်းကုန်ဆုံးနေသဖြင့် ထပ်မံလျှောက်ထားသည့် ကိစ္စအား ခွင့်မပြုသင့်ကြောင်း တိုင်းအစိုးရ၏ သဘောထားကို ပြည်ထောင်စုထံ ပေးပို့ထားသည်။

ကျော်သူစိုး