ပဲ့စင်ကျွန်းအပါအဝင် ကျွန်းနှင့် ကမ်းခြေများကို လွယ်လွယ်မပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၆ ခု တောင်းဆို

0
548
ပဲ့စင်ကျွန်း

ထားဝယ်ခရိုင်အတွင်းရှိ ပဲ့စင်ကျွန်းအပါအဝင် ကျွန်းနှင့် ကမ်းခြေများကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတစ်ယောက်၏ လက်ဝယ်သို့ အလွယ်တကူ လုပ်ပိုင်ခွင့်မပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၆ ခုက တောင်းဆိုလိုက်သည်။

ထားဝယ်ဒေသခံရေလုပ်သားများ အဓိက မှီခိုအားထားရာ ပဲ့စင်ကျွန်းအပါအဝင် အခြားကျွန်းနှင့် ကမ်းခြေများကို တိုင်းအစိုးရအနေဖြင့် အလွယ်တကူ မချပေးရန်နှင့် သဘောထားမှတ်ချက် အလွယ်တကူမပေးရန် ဇူလိုင်လ ၄ ရက်က သဘောထားထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့အခြေစိုက် Excellent Fortune Development Group ကုမ္ပဏီ ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းခင်မြင့်ရီတို့ ဇနီးမောင်နှံက ပဲ့စင်ကျွန်းအပါအဝင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျွန်းနှင့် ကမ်းခြေ ၅ ခု ကို မြေလွတ်၊ မြေလပ် လုပ်ပိုင်ခွင့်လျှောက် ထားခဲ့သည်။

၎င်းတို့နှစ်ဦးအမည်ဖြင့် တောကျဲ ကျေးရွာအုပ်စုရှိ ပဲ့စင်ကျွန်း၊ ကျောက်တွင်းကျေးရွာအုပ်စုရှိ (ဒေသအခေါ် ကျောက်တောင်ကြီး) တွင် ၁၃၈ ဧက၊ စမ်းလှမ်းကျေးရွာရှိ စမ်းလှမ်းကျွန်းပေါ် ၈ ဧကနီးပါး၊ ပညစ်ကျေးရွာအုပ်စုရှိ ပညစ် ကျွန်းပေါ် ၁၂ ဧကနီးပါးနှင့် ကျောက်တွင်း ကျေးရွာအုပ်စု(ဒေသအခေါ် အလယ်သဲအော်) ၃၇၀ ဧကတို့ကို လျှောက်ထားခဲ့ ခြင်းဖြစ်သည်။

ယင်းအပြင် အောက်ကျောက်ဝပ် ကျေးရွာအုပ်စု ဝမော်ကျွန်းပေါ်တွင် ၂ ဧကနှင့် ပညစ်ကျေးရွာရှိ (ချမ်းသာ ကျွန်း) တွင်လည်း မြေလွတ်၊ မြေလပ် ၂ ဧကခွဲကိုလည်း လျှောက်ထားရန် ပြင်ဆင်နေသည်ဟု သိရကြောင်း မြေစာရင်းဦးစီးဌာနထံမှ သိရသည်။

ပဲ့စင်ကျွန်းနှင့်ဆိုင်သည့် တိုင်းအစိုးရသဘောထား အထူးလျှို့ဝှက်ချက် ဟုဆို

၎င်းတို့နှစ်ဦးက ကုမ္ပဏီအမည် အမျိုးမျိုးဖြင့် အပန်းဖြေခရီးသွား လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများအတွက် ဗဟိုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီထံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းကုမ္ပဏီလျှောက်ထားသည့် မြေနေရာများတွင် ဒေသခံရေလုပ်သားများ မှီခိုလုပ်ကိုင်စားသောက်နေရသည့်အတွက် လုပ်ပိုင်ခွင့်ပေးလိုက်ပါက ၎င်းတို့၏ ဘဝရပ်တည်ရေး အခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် သဘောထား ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ရာတွင်ပါဝင်သည့် ထားဝယ် သုတေသနအသင်းဥက္ကဋ္ဌ ဦးဇော်သူရက ဆိုသည်။

“ဘဝရပ်တည်မှုအတွက် ဒီနေရာ တွေမှာ ဒါမှလုပ်လို့မရရင် ကျိန်းသေတယ်။ ဘာအလုပ်မှလည်း လုပ်စားစရာ မရှိတဲ့အတွက် သူတို့ထိုင်းနိုင်ငံပဲ သွားမယ် စသည်အားဖြင့် အကုန်လုံးဖြစ်မယ် ပေါ့နော်” ဟု ဦးဇော်သူရက ပြောသည်။

အထက်ပါဇနီးမောင်နှံတို့ လျှောက်ထားသည့် မြေနေရာများအနက် စမ်းလှမ်း ကျေးရွာရှိ ကျွန်းနှင့် ပဲ့စင်ကျွန်းအတွက် တိုင်းအစိုးရက ဗဟိုကော်မတီထံ သဘောထားမှတ်ချက်ပေးထားပြီး ဖြစ်သည်။

အဆိုပါ သဘောထားမှတ်ချက်မှာ တိုင်းအစိုးရအဖွဲ့၏ ထိပ်တန်းလျှို့ဝှက် ဖြစ်သည့်အတွက် အများပြည်သူကို ထုတ်ပြန်၍ မရကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောဆိုထားသည်။

ဝန်ကြီးဦးမြင့်စန်း၏ ပြောဆိုချက်မှာ ပွင့်လင်းမြင်သာမှုအားနည်းပြီး ဒေသခံတောင်သူလယ်သမားများနှင့် ရေလုပ်သားများအတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်နေသည်ကို ရှုမြင်သုံးသပ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် လက်ရှိအချိန်ထိ မဖြေရှင်းနိုင်သေးသည့် မြေယာပြဿနာများသည် ဒေသခံများ၏ သဘောဆန္ဒ ကို လစ်လျူရှုခဲ့သည့်အတွက် ဖြစ်ပေါ် လာခြင်းဖြစ်သည့်အတွက် ယခုမြေနေရာ လုပ်ပိုင်ခွင့်ချထားပေးမှုတွင်လည်း ယင်းကဲ့သို့မျက်ကွယ်ပြုပါက မြေယာ ပြဿနာအသစ်များ ဖန်တီးသကဲ့သို့ဖြစ်လာမည်ကို စိုးရိမ်သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထိုကြောင့်ရေလုပ်သားများ မှီခို အားထားရာ၊ ထားဝယ်ဒေသ၏ အမှတ်သင်္ကေတသမိုင်းနှင့် အများပြည်သူပိုင် မြေနေရာများ မဆုံးရှုံးစေရေးအတွက် လွယ်လင့်တကူ မြေနေရာချထားပေးခြင်း၊ သဘောထားမှတ်ချက်ပေးခြင်းများ မလုပ်ရန် တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း အလားတူ သဘောထားထုတ်ပြန်ချက် ကို ထုတ်ပြန်ခဲ့ဖူးသည်။

လက်ရှိတွင် Excellent Fortune Development Group ကုမ္ပဏီက လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းကို မှီခိုလုပ်ကိုင်နေရသည့် ကျေးရွာများ တွင် ဆန်၊ ဆီ၊ ကြက်သွန် အစရှိသည့် ပစ္စည်းများလာလှူပြီး ဒေသခံများကို စည်းရုံးရန် ကြိုးပမ်းလျက်ရှိသည်။