လတ်စားလိုက်

0
860

မိုးဦးကျခါစအချိန်ဆိုလျှင် ကရင် တိုင်းရင်းသားအချို့ တောင်ယာစပါး စိုက်ရန် စိုင်းပြင်းကြလေပြီ။ ယင်းသို့ တောင်ယာ စိုက်ပျိုးကြသူများအထဲတွင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကျေးဇူး တော်ကျေးရွာမှ ကရင်တိုင်းရင်းသားများလည်း အပါအဝင် ဖြစ်သည်။

တနင်္သာရီတိုင်းတွင်းရှိ ကရင်တိုင်း ရင်းသားအချို့ ရှေးယခင်ကနေ ယနေ့ အချိန်အထိ လက်ဆင့်ကမ်းကျင့်သုံးနေဆဲဖြစ်သည့် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီတတ်သော ဓလေ့တစ်ခုကို တောင်ယာစပါး စိုက်ပျိုးချိန်တွင် တွေ့မြင်နိုင်သည်။

ထိုဓလေ့ကို ကျေးဇူးတော်ရွာသားများက လတ်စားလိုက်ခြင်း (လက်စား လိုက်ခြင်း)ဟု ခေါ်ကြသည်။ လတ်စာလိုက်ခြင်းမှာ တစ်ဦး၏အလုပ်ကို အခြားတစ်ဦးက အလှည့်ကျဝိုင်းကူလုပ်ပေးခြင်း ဖြစ်သည်။

“ကျွန်မစပါးထိုးတယ်ဆိုရင် သူလဲ ကျွန်မဆီလာပြီးတော့ သူ့စပါးထိုးရင် ကျွန်မက သူ့ဆီသွား အဲလိုလုပ်တာပေါ့ နော်။ တစ်ယောက်နဲ့တစ်ယောက် အဲလိုပဲ လိုက်လုပ်ကူကြတယ်” ဟု ကျေးဇူးတော်ရွာသူ နော်ကပေါ်မူးက ဆိုသည်။

ထိုသို့လုပ်ဆောင်ခြင်းက သူတို့ အတွက် ငွေလည်းမကုန်သကဲ့သို့ အချိန်တိုအတွင်း အလုပ်လည်း တွယ်ကျယ်စေသည်။ ဝိုင်းကူလုပ်ကြမည့်သူများကိုလည်း တကူးတက လိုက်ခေါ်နေစရာ မလိုပေ။

တနင်္ဂနွေနေ့ ရွာထဲရှိ ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းသည့်အချိန်တွင် စပါးထိုးမည့်နေ့ကို ပြောလိုက်လျှင် လတ်စားလိုက်မည့်သူများက ဆယ်ယောက်မှ အယောက်သုံးဆယ်အထိ အလိုလို စာရင်းပေးပြီးသား ဖြစ်နေပေပြီ။

“ဘယ်နေ့မှာတော့ ငါ့ယာထဲမှာ စပါးထိုးမယ် လိုက်အားရဲ့လားလို့ မေးတယ်။ အားတယ်ဆိုရင်လည်းလိုက်။ မအားသေးဘူးဆိုရင်လည်း နောက်ခါမှ လိုက်ပေါ့”ဟု ကျေးဇူးတော်ရွာသူ နော်ပူလူးက ပြောသည်။

ဇွန်လ ၁၆ ရက်ကမူ နော်ကပူး၏ တောင်ယာစပါးစိုက်ပျိုးရန်အတွက် နော်ပူလူးက လတ်စားလိုက်သည်။ နော်ပူလူး စပါးစိုက်မည့်အချိန်တွင် နော်ကပူးက လတ်စားပြန်လိုက်သည်။

ထိုသို့ လတ်စားလိုက်ရာတွင် လတ်စားလိုက်သည့် ရက်နှင့် ဆတူ ပြန်ပြီး လတ်စားလိုက်ပေးကြလေ့ရှိသည်။

ဥပမာ သုံးရက် လတ်စားလိုက်ထားပါက အဆတူ နောက်သုံးရက် လတ်စာ ပြန်လိုက်ပေးသည်။

မည်သည့်နေ့တွင် လတ်စားပြန်လိုက် ပေးရမည်ဟု မသတ်မှတ်ထား။ အဆင်ပြေ သည့်အချိန်၊ အားသည့်အချိန်တွင် ပြန်ချေနိုင်သည်။ စပါးထိုးချိန်တွင် လတ်စာ မလိုက်ဖြစ်ပါ ပေါင်းနုတ်ချိန်၊ စပါးပေါ် ရိတ်သိမ်းချိန် တစ်ခုခုတွင် လတ်စားပြန် လိုက်နိုင်သည်။

အကြောင်းတစ်ခုခုကြောင့် လတ်စား ပြန်မလိုက်ပေးနိုင်ကပါက စပါးပေါ်ချိန် တွင် တစ်နေ့တာအတွက် စပါးတစ်တင်းလည်း ပေးလေ့ရှိသည်။ နှစ်ရက်စာဆိုပါက စပါးနှစ်တင်း စသည်ဖြင့် သတ်မှတ်ချက်ရှိသည်။

သို့သော် ကာယကံရှင်ကိုယ်တိုင်က ကိုယ့်အသိစိတ်ဖြင့် ကိုယ်မှတ်သားထား ခြင်းဖြစ်ပြီး အကြွေးမှတ်သလို မှတ်ထားခြင်းမျိုးမဟုတ်။ မဖြစ်မနေ ပြန်လုပ်ပေး ရမည်ဟု သတ်မှတ်ထားခြင်းမျိုးမဟုတ်။

“အခုကျွန်တော်က စပါးထိုးတဲ့ အချိန်မှာ မပါဘူး။ မြက်နုတ်တဲ့အချိန် သွားရင်သွားပေါ့။ အဲအချိန်မှာ မအားဘူး ဆိုရင်လည်း စပါးရိတ်တဲ့အချိန်မှာ ပြန်လိုက်ပေးတာရတာပေါ့။

ကျွန်တော်က သုံးရက်စာလိုက်ရမှာကို တစ်ရက်ပဲလိုက် ဖြစ်တယ်ဆိုရင် နှစ်ရက်စာကတော့ စပါး ပေးရမလား၊ ခြံပြန်ရှင်းပေးရမလားဆိုပြီး မေးကြတယ်” ဟု ယင်းရွာအုပ်ချုပ်ရေးမှူး စောချစ်ဝင်းထူးက ပြောသည်။

စပါးထိုးမည့်အချိန် တိုက်ဆိုင်နေ ပါက ပိုဝေးသည့်ခြံပိုင်ရှင်ကို ဦးစားပေး ကြသည်ဟု ဆိုသည်။ လိုအပ်သည့် ပစ္စည်းကိရိယာများကိုလည်း သူ့အိမ် ကိုယ့်အိမ်က အသီးသီးယူလာကြသည်။

ယာထဲရောက်လျှင် သံပြိုင်သီချင်း ဆိုရင်း၊ စနာက်ရင်း၊ စပါးထိုးရင်းဖြင့် နေ့လယ်ရောက်က ယာပိုင်ရှင်က ကျွေးသော ထမင်းကို အားရပါးရလွေးကြမည်။ ညနေအလုပ်သိမ်းအိမ်ပြန်လျှင် အမျိုးသမီးအချို့က လမ်းတစ်လျှောက်ရှိ မှို၊ မျှစ်တွေကို အသင့်ပါလာသော ပလိုင်းထဲ ခူးထည့်ကြမည်။

“ဒီလိုလုပ်ရတာ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုကို ပိုပြီးခံစားရ တယ်။ သူ့ကိုငါစ၊ ငါ့ကိုသူကနောက်နဲ့ပဲ အချိန်ဆိုတာ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။ ပျင်းဖို့အချိန် မရှိဘူး”ဟု စောချစ်ဝင်းထူးက ပြောသည်။

ပိုက်ဆံလည်းမကုန် အချိန်တိုအတွင်း အလုပ်လည်းတွင်ကျယ်သော ထိုဓလေ့ကို ကျေးဇူးတော်ရွာသားများက စပါးစိုက်သည့် အချိန်တွင်သာမကဘဲ အခြားသော ဥယျာဉ်ခြံလုပ်ငန်းများတွင်လည်း လုပ်ဆောင် ကြသည်။

ကျေးဇူးတော်ရွာသားများသည် တစ်ပတ်လျှင် ငါးရက်သာ အလုပ်လုပ် ကြသည်။ စနေနေ့သည် တော၊ တောင်၊ မြစ်၊ ချောင်းများတွင် ဟင်းသီး၊ ဟင်းရွက်၊ သား၊ ငါးတို့ကို ရှာဖွေစုဆောင်းသည့် နေ့ဖြစ်ကြောင်း စောချစ်ဝင်းထူးက ပြောသည်။ တနင်္ဂနွေနေ့မှာ ဝတ်ပြုဆုတောင်းသည့်နေ့ ဖြစ်သည်။

ယခင်က ထားဝယ်တိုင်းရင်းသားတို့ သည်လည်း ယင်းကဲ့သို့ လတ်စားလိုက် ခြင်းဓလေ့ကို လယ်ယာလုပ်ငန်းခွင်များတွင် ဆောင်ရွက်ခဲ့ကြသည်။ စက်မှုလယ် ယာခေတ်ရောက်လာသော ယနေ့ခေတ်တွင်မူ ထိုဓလေ့တို့မှာ တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီ ဖြစ်သည်။

ကျေးဇူးတော်ကျေးရွာအပါအဝင် တနင်္သာရီတိုင်းရှိ ကရင်တိုင်းရင်းသားများ နေထိုင်ရာဒေသအချို့တွင်မူ လတ်စား လိုက်သည့်ဓလေ့ ယနေ့အချိန်အထိ ရှိနေရှိနေသေးသည်ကို စောချစ်ဝင်းထူးက ဂုဏ်ယူစရာတစ်ခုဖြစ်ကြောင်း ပြောဆိုသည်။

“တစ်ခါတစ်ခါဆို တွေးမိတယ်။ ကျွန်တော်တို့ရွာမှာ အခုလိုဓလေ့ရှိနေ သေးတာက ဘုရားသခင်ရဲ့ ကောင်းချီးကို ခံစားနေရတယ်လို့လေ” ဟု စောချစ်ဝင်းထူးက ဆိုသည်။

ယခုအချိန်ကား တောင်ယာစပါးထိုးသည့်အချိန် ပြီးဆုံးသွားပြီ ဖြစ်သည်။

နော်ပူလူးတစ်ယောက်မူ နော်ကပေါ်မူး ထံ လတ်စားပြန်လိုက်ရန် ကျန်နေသေးသည်။ စောချစ်ဝင်းထူးတွင်လည်း လတ်စားလိုက်ပေးရန် ၄၅ ရက်စာရှိ ကျန်နေသည်။ လုပ်အားနဲ့ ပြန်လုပ် ပေးမလား၊ စပါးပဲပေးရမလား သူမဆုံး ဖြတ်ရသေး။

“ဒီဓလေ့က ခဏတဖြုတ်လုပ်တဲ့ အလုပ်မဟုတ်ဘူးလေ။ ရိုးရာလည်း ဖြစ်နေပြီဆိုတော့ ကရင်တိုင်းရင်းသားတွေ ရှိနေသရွေ့တော့ ဒီဓလေ့ ရှိနေမှာပဲ” ဟု စောချစ်ဝင်းထူးက ဆိုလေသည်။