ကိုဗစ်ကာလ လျှပ်စစ်ယူနစ်အခမဲ့အတွက် ကျပ်တစ်သောင်းကျော် ခံစားခွင့်ရ

0
560

ကိုဗစ်ကာလ လျှပ်စစ်ယူနစ်အခမဲ့ခွင့်အတွက် ငွေကျပ်တစ်သောင်းကျော်ကို တနင်္သာရီတိုင်းရှိ အိမ်ထောင်စုများ ခံစားခွင့်ရပြီဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။

ကိုဗစ် အရေးကြီးကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း ၁၅ ရက်တာကာလအတွက် လျှပ်စစ်ယူနစ် အခမဲ့ခွင့်ကို ဇွန်လအတွက် မီတာခပေးသွင်းချိန်တွင် ခံစားခွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ ခံစားခွင့်ရရေးအတွက် မဟာဓာတ်အားလိုင်း လျှပ်စစ်ယူနစ်ဈေးနှုန်းဖြင့် တွက်ချက်တင်ပြ ထားရာ ဇွန်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု အစိုးရက ခွင့်ပြုကြောင်း တရားဝင်အကြောင်းကြားလာသည်ဟု ဦးအောင်သူရက ပြောသည်။

ဧပြီလ လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၁၅၅၀ ရရှိသည့်အတွက် တိုင်းအစိုးရထောက်ပံ့ထားသည့် ငါးထောင်ကျပ် နုတ်ယူမည်ဖြစ်ပြီး ကျန်သည့်ငွေကို ထောက်ပံ့မည်ဖြစ်သည်။

ယင်းအပြင် မေလအတွင်း ၁၅ ရက်စာအတွက် မဟာဓာတ်အားလိုင်း၏လျှပ်စစ်ယူနစ် တွက်ချက်မှုအရ ၃၈၀ဝ ကျပ်ကိုလည်း ခံစားခွင့်ရမည်ဖြစ်ကြောင်း ဦးအောင်သူရက ဆိုသည်။

ထိုကြောင့် ဧပြီလအတွက် ယူနစ်အခမဲ့ထောက်ပံ့ရန်ကျန်သည့် ၆၅၅၀ ကျပ်နှင့် မေလ လတစ်ဝက်စာအတွက် ၃၈၀ဝ ကျပ် စုစုပေါင်း ၁၀၃၅၀ ကျပ်ကို ခံစားခွင့်ရမည်ဖြစ်သည်။

အဆိုပါ ယူနစ်အခမဲ့ထောက်ပံ့ငွေကို ဇွန်လအတွက် မီတာခပေးဆောင်ချိန်တွင် ခုနှိမ်ခံစားခွင့်ရမည်ဖြစ်ကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။

“ဇွန်လအတွက် မီတာခသွင်းချိန်ဆို ခံစားခွင့်ရမယ်”ဟု ဦးအောင်သူရက ပြောသည်။

ပြည်ထောင်စုအစိုးရက မေလနှင့် ဇွန်လဝက်အတွက် လျှပ်စစ်ယူနစ်အခမဲ့ခံစားခွင့်ပြုကြောင်း ထပ်မံ ထုတ်ပြန်ထားသည်။

အဆိုပါ ခံစားခွင့်အားလုံးကိုလည်း ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းခံထားသည်ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း မီတာအလုံးရေ တစ်သိန်းလေးသောင်းကျော်ရှိပြီး ပြည်ထောင်စုထောက်ပံ့ငွေမရမီ မီတာတစ်လုံးလျှင် ငွေကျပ် ငါးထောင်နှုန်းကို တိုင်းအစိုးရရန်ပုံငွေဖြင့်ထောက်ပံ့ထားသည်။