ရေဖြူတွင် စစ်တပ်နှင့်တောင်သူတို့ မြေယာပြဿနာဖြစ်ပွား

0
726

ရေဖြူမြို့နယ် မီကျောင်းလှောင်ရွာ ဟောင်းအနီးတွင် ဒေသခံများစိုက်ပျိုးထားသော ဥယျာဉ်ခြံကိစ္စနှင့်ပတ်သတ်ပြီး ဇွန်လ ၂၅ ရက်က စစ်တပ်နှင့် ဒေသခံတို့ ပြဿနာဖြစ်ပွားခဲ့ကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။

စစ်တပ်ပိုင်မြေပေါ်တွင် ဝင်ရောက် စိုက်ပျိုး၊ နေထိုင်သည်ဟုဆိုကာ ဥယျာဉ်ခြံထဲတွင် စိုက်ပျိုးထားသော အပင်အချို့ကို ခုတ်လှဲခဲ့ပြီး ခြံစောင့်တဲငါးလုံးခန့်ကိုလည်း မီးရှို့ခဲ့ကြောင်း ယင်းပြဿနာ ဖြစ်ပွားရာတွင် ပါဝင်သည့် တောင်သူဦးဝင်းမဲက ပြောသည်။

အမှတ် ၂၈၂ ခြေမြန်တပ်ရင်းနှင့် အမှတ် ၃၀၇ အမြောက်တပ်ရင်းတို့မှ တပ်ဖွဲ့ဝင် ၁၇ ဦးက ယင်းကဲ့သို့လာ ရောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းမဲက ပြောသည်။

“ကျွန်တော်နေတဲ့ အိမ်လည်း သူတို့က မီးရှို့မလို့ပဲ။ ကျွန်တော်က တောင်းပန်လိုက်တယ်။ ရွာထဲမှာလည်း နေရာမရှိလို့ ခဏထားပေးပါဦးဆိုပြီး ပြောလိုက်တယ်။ ကျန်တဲ့သူတွေကတော့ ဘာမှ မပြောတော့ဘူး။ အခုထွက်တော့ဆိုပြီး ပြောတယ်” ဟု ၎င်းက ပြောသည်။

အပင်များ ခုတ်လှဲခံလိုက်ရသည့် ဥယျာဉ်ခြံပိုင်ရှင်မှာ ဆယ်ဦးခန့်ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး အမှတ် ၃၀၇ အမြောက်တပ်ရင်းမှူး ဗိုလ်မှူးကြီးထက်လင်းအောင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ဒေသခံများက သစ်တောဦးစီးဌာနက စစ်တပ်ထံသို့ လွှဲပြောင်းပေးထားသည့် မြေပေါ်တွင် ကျူးကျော်စိုက်ပျိုးနေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနေရာသည် တပ်ပိုင်မြေဖြစ်သောကြောင့် ဝင်ရောက်ကျူးကျော် စိုက်ပျိုးခြင်း မပြုရန်လည်း ဒေသခံများကို အကြိမ်ကြိမ်ခေါ်ပြောပြီးသားဖြစ်ကြောင်း ဗိုလ်မှူးကြီးထက်လင်းအောင်က ပြောသည်။

“မနေ့က(ဇွန်လ ၂၅ ရက်) ကတော့ လုပ်ငန်း၊ ကိုင်ငန်းလေးရှိလို့ မြေပြန် တိုင်းတော့ တွေ့တဲ့ဟာလေးတွေကို ကျွန်တော်တို့က တဲလေးတွေဆိုတာ လူနေတဲ့ အဆောက်အုံ ယာယီပေါ့နော်၊ အဲလိုလေးတွေကို ကျွန်တော်တို့က ဖျက်သိမ်းခဲ့တာပေါ့” ဟု ၎င်းက ပြောသည်။

ယင်းနေရာတွင် စိုက်ပျိုးလုပ်ကိုင် လာသည်မှာ နှစ်နှစ်ဆယ်ခန့်ရှိနေပြီး တပ်ပိုင်မြေမှန်းလည်း မသိကြောင်း ဦးဝင်းမဲက ပြောသည်။

တိုင်းလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးကလည်း ယင်းကိစ္စကို စုံစမ်းမေးမြန်းနေပြီး လိုအပ်ပါက မြေပြင် ကွင်းဆင်းရန်လည်းရှိကြောင်း ပြောဆိုသည်။