မီးကြိုက် ခြခြောင်း

0
998

မိုးတစ်ဖြိုက်နှစ်ဖြိုက် ရွာလိုက်သည်နှင့် ပလူကောင် (ထားဝယ်အခါ် ခြခြောင်း)တို့ ထွက်ကြလေပြီ။

ခြခြောင်းတို့ စထွက်လာသည်က မီးထွန်းစ ညဦးမှအစ ညလုံးပေါက်နီးပါး ဖြစ်ပါသည်။ မီးထွန်း၊ မီးဖွင့်လိုက်သည်နှင့် မီးကို တိုးဝှေ့ပျံသန်းကြတော့သည်။

မီးကိုတိုးကာ သေဆုံးကြသည်အထိ ခြခြောင်းများ မီးကြိုက်လှသည်။

“ဟိုတုန်းက ရေနံဆီမီးခွက်တို့ ဖယောင်းတိုင်တို့မှာ လာတိုးပြီးသေကြတယ်။ ဒါကြောင့် စကားပုံပေါ်လာတာပေါ့။ ပိုးဖလံမျိုးမီးကိုတိုး ကိုယ်ကျိုးနည်းလိမ့်မယ် ဆိုပြီးတော့ပေါ့” ဟု ဦးအင်ရှိန်က ပြောသည်။

မြို့သစ်ရပ် မြိတ်မြို့ အသက် ၇၂ နှစ်အရွယ် ဦးအင်ရှိန်၏အဆိုအရ မိုးတစ်ဖြိုက်နှစ်ဖြိုက်တွင်အပူနှင့်အအေး တိုးတိုက်မိပြီး ခြခြောင်းတို့ မြေတွင်းအတွင်း မနေနိုင်တော့ဘဲ အပြင်ကိုထွက်ကြရာ အပြင်အရောက်တွင် မီးကို တိုးကြခြင်း ဖြစ်ပါသည်။

“သူတို့ကမီးအလင်းရောင်ကို တအားကြိုက်တယ်။ မီးဆို ဘာမီးမဆို အကုန်လာကြတယ်” ဟု ဦးအင်ရှိန်က ပြောသည်။

ထားဝယ်မြို့ ဆန်းချီမြို့သစ်နေ ယခု အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် ဒေါ်သောင်းကျင်တို့ ငယ်ငယ်ကဆိုလျှင် ခြခြောင်းကောင်တို့ ထွက်ပြီဆိုသည်နှင့် ခြခြောင်းထောင်ဖမ်းပါတော့သည်။

လင်ပန်းထဲ ရေထည့်သည်။ လင်ပန်းအလယ်တွင် ရေနံဆီမီးအိမ် ထွန်းသည်။ အိမ်ရှေ့သရက်ပင်ကြီးအောက်တွင် သွားထားသည်။ မီးကြိုက်သည့် ခြခြောင်းတို့ အလိုအလိုရောက်လာကြတော့သည်။

“အိမ်ထက်ကနေ ခံလည်းရတယ်။ ဒါပေမယ့် အတောင်ပံတွေကျကျန်ရစ်မှာစိုးလို့ အိမ်ထက်မှာမခံဘူး။ အောက်မှာဆင်းခံကြတယ်” ဟု ဒေါ်သောင်းကျင်က ပြောသည်။

နှစ်နာရီခန့် ထောင်ဖမ်းလျှင် လင်းဗန်းပြည့်ပြီ။ ဆီနှင့် ကြော်စားကြတော့သည်။

“ထမင်းနဲ့စားလို့ မရဘူး။ ဒီအတိုင်းစားတယ်။ အရမ်းစားလို့ ကောင်းတယ်။ ဆိမ့်ဆိမ့်လေးနဲ့။ တချို့ဆိုရင် မုန့်ပြားထဲ ထည့်ပြီးစားကြတယ်” ဟု ဒေါ်သောင်းကျင်က ပြောသည်။

အချို့ကမူ ခြခြောင်းကို ထောင်ဖမ်းကာ စားရန်အသာထား။ ခြခြောင်းလာသည်ကိုပင် မနှစ်ခြိုက်ကြပေ။

သရက်ချောင်းမြို့နယ်မှ အသက် ၄၀ ခန့် တီတွတ်ပြင်ရွာ အမျိုးသမီးတစ်ဦးကမူ အခြားသူတို့ လှော်စားနေကြသည်ကို တွေ့ဖူးသော်လည်း သူကိုယ်တိုင်က မစားဖူးဟု ပြောသည်။ ထို့အပြင် ခြခြောင်းထွက်လာပါက မီးပိတ်ကာ အိပ်လိုက်သည်ချည်းဟု ဆိုသည်။

“အဲလိုတွေ မစားတတ်ဘူး။ အိမ်မှာ ခြခြောင်းထွက်လာရင် မီးတွေ အကုန်ပိတ်ပြီး အဲလိုပဲ နေလိုက်တယ်။ မီးဖွင့်ထားရင်လည်း လာနေတော့ ရှုပ်လို့ မီးသတ်ထားတာ” ဟု ၎င်းက ပြောသည်။

ခြခြောင်းကြိုက်သူတို့ကမူ ခြခြောင်းထွက်လာလျှင် မနေနိုင်ပါ။

လက်ရှိ လျှပ်စစ်မီးခေတ်တွင်း ကြွပ်ကြွပ်အိတ်ထဲ ရေထည့်ကာ ဘားတန်းမီး၊ မီးသီးတို့တွင် ချိတ်ဆွဲ ထောင်ဖမ်းတတ်ကြပါသည်။

ယခုနှစ်များတွင်မူ ခြခြောင်းထွက်လာသည်က နည်းသွားသည်ဟု ဆိုလာကြသည်။

ယင်းသို့ နည်လာခြင်းမှာ လူတို့က ခြခြောင်းတို့နေသည့် မြေကြီးကို ညှိခြင်း၊ ပြုပြင်ခြင်းတို့ အသေးစားအကြီးစား ပြုလုပ်လာမှုတို့ကြောင့် ဖြစ်ကြောင်း မြိတ်တောင်ရပ်နေ အသက် ၄၅ နှစ် ဦးအောင်က မှတ်ချက်ပြုသည်။

“တောင်ကုန်းတွေဖြိုဖျက် အဆောက်အအုံတွေ ဆောက်လာကြလို့ အသိုက်အမြုံတွေပျက်စီးပြီး နည်းလာတာလို့ထင်တယ် အရင်ကလိုအိမ်တွေဆီ အများကြီးမလာကြတော့ဘူး” ဟု ဦအောင်က ပြောသည်။

ထိုသို့ ခြခြောင်းတို့ နည်းပါးလာသည်နှင့်အမျှ ဖမ်းဆီးစားသောက်မှုတို့လည်း နည်းပါးလာပြီဖြစ် ဖြစ်ပါသည်။

ငယ်ငယ်က သူငယ်ချင်းတို့နှင့် အပြိုင်အဆိုင် ခြခြောင်း ထောင်ဖမ်းခဲ့သည့် ဒေါ်သောင်းကျင်သည်လည်း ယခု လိမ္မာနေပြီ ဖြစ်ပါသည်။

“ငယ်ငယ်တုန်းကဆို ဘယ်နားလည်မလဲ။ ပျော်တာပဲသိတာကိုး။ ပျော်တာပေါ့။ သူတို့ပျံနေတာထဲကိုတိုးဝင်ပြီး လိုက်ဖမ်းတာ။ မိုးလင်းရင် ငါ့မှာဘယ်နှဘူးလောက်ရတယ်။ သူ့မှာဘယ်လောက်ရတယ်။ ကြွားကြတယ်။ နို့ဆီဘူးနဲ့ချိန်တွယ်ပြီး ပြိုင်ကြတာ။ ဒီနေ့ရနည်းတယ်ဆို နောက်နေ့သူ့ထက်ငါများအောင်ခံမယ်ဆိုပြီးတော့ လင်းဗန်းနှစ်ချပ်နဲ့ခံတာ။ ကြီးလာတော့ သိလာတာပေါ့။ သူများအသက်ကို သတ်တယ်ဆိုပြီးတော့”

တနင်္သာရီသတင်းအဖွဲ့