ကျေးဇူးတန်ဟယ်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အကန့်အသတ်တွေနဲ့ ခရီးသွားလာနေရချိန်၊ တစ်ခါတလေ သွားခွင့်မရတဲ့အချိန်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ ခရီးသွားမှတ်တမ်းတစ်အုပ် ဖတ်ခွင့်ရလိုက်တာကိုက ခံစားချက် တစ်မျိုးမျိုး ပေးစွမ်းသလို၊ လွမ်းဆွတ်သလိုလိုလည်း ခံစားလိုက်ရပါတယ်။

ကျွန်တော်တို့ ထားဝယ်ဒေသအပါအဝင် တနင်္သာရီတိုင်းဟာ တစ်ချိန်ကတော့ ခရီးသွားလာရေးနဲ့ပတ်သက်လို့ အရမ်းခက်ခဲတဲ့ ဒေသတစ်ခုပါ။ တနင်္သာရီတိုင်းကို ခရီးသွားလာမှု နည်းပါးသလို ခရီးသွားမှတ်တမ်းလည်းနည်းတယ်လို့ ဆိုရမှာပါ။

ဒီလိုအခြေအနေမျိုးထဲကနေ ဆရာသိန်းဖေမြင့်ရဲ့ “အဏ္ဏဝါ ခရီးသည်နှင့် ပုလဲဒေဝီ” ဆရာ မြသန်းတင့်ရဲ့၊ “ငွေသောင်ယံ၊ ဟွန်ဒါယဉ်ကျေးမှု၊ မေရီပိုဗေးနှင့် အီကွေတာညများ”၊ လူထုဒေါ်အမာရဲ့ “ချင်းတွင်းမှ ပင်လယ်သို့” စာအုပ်တွေထွက်လာတာက ဝမ်းမြောက်ဖွယ်ရာပါ။

ဒီစာအုပ်တွေနောက်ပိုင်း ဆရာစိန်မျိုးမြင့်ရဲ့ တစ်အုပ်လားပဲ တွေ့ရတော့တယ်။ ခုနောက်ပိုင်း လမ်းပန်းသာလာလို့ ခရီးသွား ဧည့်သည်တွေအဝင်အထွက်များလာပေမယ့် ခရီးသွားမှတ်တမ်းအဖြစ်ရေးတဲ့ စာပေမျိုးတော့ မတွေ့ရတော့ပါဘူး။

အခုရက်ပိုင်းအတွင်းမှာတော့ စံတော်ချိန်သတင်းစာအယ်ဒီတာ ထွဏ်းမင်းရဲ့ “ကျေးဇူးတန်ဟယ်” ထားဝယ်ရှင် ကိုးရှင်နှင့် မောင်းမကန်ခရီးသွားမှတ်တမ်းလို့အမည်ရတဲ့ ထားဝယ်ဒေသအတွင်း ခရီးသွားမှတ်တမ်း စာအုပ်တစ်အုပ် ထွက်လာပါတယ်။ ကျွန်တော်တို့ရဲ့ ဒေသအကြောင်းတွေကို ဒေသခံမဟုတ်တဲ့ ခရီးသွားဧည့်သည် စာရေးဆရာ၊ သတင်းစာဆရာတစ်ဦးရဲ့ အမြင်သုံးသပ်ချက်တွေကို ဖတ်မှတ်ခွင့်ရလို့ ဝမ်းသာရပါတယ်။

အထူးသဖြင့် သတင်းစာဆရာတစ်ဦးရဲ့ အမြင်ကို တွေ့ရတာမို့ပါ။ စာအုပ်ကို မောင်ခိုင်လတ်၊ အကြီးကိုကို(ကသာ)၊ ရနောင်(ဒွယ်)၊ ကိုကိုလင်း(အမေ့အိမ်)၊ မောင်သာစိုး(ပြည်)တို့က အမှာရေးပေးထားပါတယ်။ စာမျက်နှာသုံးရာကျော်၊ ဓာတ်ပုံပေါင်းမြောက်မြားစွာနဲ့ တင်ပြထားတဲ့စာအုပ်ပါ။ ပထမဆုံးချီးကျူးလိုတာက ဓာတ်ပုံတွေပါ။

ဆရာထွဏ်းမင်းဟာ ဓာတ်ပုံတွေကို ခရီးစဉ်တစ်လျှောက် အသေးစိတ်ရိုက်ခဲ့ပုံရပြီး ဒီဓာတ်ပုံတွေကိုလည်း ခရီးသွားအကြောင်းအရာကဏ္ဍအလိုက် မှန်ကန်စွာ ထည့်သွင်းအသုံးပြုနိုင်ခဲ့ပါတယ်။ ထားဝယ်ဒေသရဲ့ လူနေမှုစရိုက်၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို မှတ်တမ်းတင်နိုင်ခဲ့တဲ့ ပုံတွေပါ။

အထူးသဖြင့် ရှင်မော်ဘုရားသွားတဲ့လမ်းက အိမ်ရာပုံတွေ၊ ဈေးဆိုင်ပုံတွေဟာ ထားဝယ်ဒေသရဲ့ နေထိုင်မှုပုံစံတွေကို ဖော်ထုတ်ပြနိုင်ခဲ့ပါတယ်။ သတင်းစာသမား ပီသတယ်လို့ ဆိုရမှာပါ။

ဆရာထွဏ်းမင်းရဲ့ ထားဝယ်ဒေသအတွင်း ခရီးစဉ်ဟာ စိမ်ပြေနပြေလေ့လာရေးခရီးစဉ်မဟုတ်ဘဲ ဘုရားဖူး ခရီးစဉ်နဲ့လာတဲ့ ခရီးမို့ အချိန်အကန့်အသန် ရှိပါတယ်။ ရတဲ့အချိန်လေးအတွင်းမှာ သတင်းစာဆရာပီပီ အမိအရ မှတ်တမ်းတင်ဖော်ပြနိုင်ခဲ့တာ တွေ့ရပါတယ်။ အချို့ကိုတော့ စာအုပ်စာတမ်းမှတ်တမ်းတွေနဲ့ အတိုအထောက်ပြပါတယ်။

အချိန်အကန့်အသတ်နဲ့ အပြေအလွှားလေ့လာခဲ့ရတဲ့အတွက် အချို့အချက်အလက်တွေက ပေါ်ယံရှပ်ခနဲသုံးသပ်သလိုဖြစ်လို့ အာနည်းချက်တချို့ရှိပေမယ့် (ဥပမာ – ကျေးဇူးတန်ဟယ်ကို ကျေးဇူးသိုင်းလို့ ကြားမိတာမျိုး၊ ဖက်ဖူးရောင်လက်ဖက်ရည်ဆိုင်ကို ရန်ကုန်အုပ်စုကလို့ ထင်မိတာမျိုး) အတော်များများကတော့ ဆရာထွဏ်းမင်းရဲ့ အမြင်သုံးသပ်ချက်တွေက ကောင်းပါတယ်။

သာဓကအနေနဲ့ကတော့ ထားဝယ်ဘုရားကြီးပြတိုက် လူစည်ကားချိန်မှာ ရှင်းပြမယ့် ပုဂ္ဂိုလ်မျိုးလိုအပ်တာ၊ ရှင်ကိုးရှင်ဘုရားများအကွာအဝေးဖော်ပြချက်များတစ်ပြေးညီမဖြစ်တာ စတောတွေကိုထောက်ပြအကြံပြုထားတာတွေက ကျွန်တော်တို့ဒေသအတွက် အလေးထားစရာပါ။ အချိန်များများယူပြီး လေ့လာသွားနိုင်ရင်တော့ ကျွန်တော်တို့ဒေသအတွက် တန်ဖိုးရှိတဲ့ အမြင်သုံးသပ်ချက်တွေ ရနိုင်တဲ့ “လက်”မျိုးပါ။

စာအုပ်အညွှန်းသဘောအရ ချုပ်ပြောရရင်တော့ ကိုယ့်ဒေသအကြောင်းကို ဒေသပြင်ပက လူစိမ်းဧည့်သည် တစ်ယောက် (သတင်းစာဆရာတစ်ယောက်)ရေးထားတဲ့ စာအုပ်မို့ လေ့လာဖတ်ရှု သိမ်းဆည်းထားသင့်တဲ့ စာအုပ်ပါ။ ကိုယ့်ဒေသအပေါ်အမြင်တွေကို မြင်ခွင့်ရသလိုမျိုးလည်း ဒေသအတွက် အကျိုးများပါတယ်။

ခုစာအုပ်မှာတော့ “ထားဝယ် ရှင်ကိုးရှင်နှင့် မောင်းမကန်ခရီးသွားမှတ်တမ်း” လို့ နယ်ပယ်ကိုကန့်သတ်ထားတာမို့ နောက်နောင်ခရီးသွားမှတ်တမ်းတင်မှုမျိုးအနေနဲ့ ထားဝယ်ဒေသတစ်ခုလုံးကို မှတ်တမ်းတင်နိုင်ဖို့ ကြိုးပမ်းသင့်သလို (ဒါမှမဟုတ်) “ထားဝယ်ဒေသကမ်းခြေများ” လို့ သီးခြားနယ်ပယ်တစ်ခုချင်းအလိုက် လေ့လာမှတ်တမ်းတင်ကြဖို့လည်း တိုက်တွန်းလိုက်ပါရစေဗျာ။

ခရီးသွားမှတ်တမ်းစာပေများ ဖွံ့ဖြိုးတိုးတက်ပါစေ။