မြိတ်ဒူးရင်းစေ့ ဈေးကွက် ထက်ဝက်ထိုးကျ

0
895

လွန်ခဲ့သည့် သုံးနှစ်ခန့်မှစ၍ထိုင်း နိုင်ငံသို့ တင်ပို့ရောင်းချနေသည့်မြိတ်ဒေသထွက်ဒူးရင်းစေ့များယခုနှစ်တွင် ဈေးနှုန်းထက်ဝက်ထိုးကျခဲ့ရကြောင်း ဒူးရင်းစေ့ရောင်းဝယ်သူများထံမှ သိရသည်။

ယမန်နှစ်ကဒူးရင်းစေ့တစ်ပိဿာလျှင် သုံးထောင်ကျပ်ခန့်ဝယ်ဈေးပေါက် ခဲ့သည်။

“အရင်နှစ်တွေကထက်တော့ ဈေးထက်ဝက်ကျော်လောက်ကို ကျသွားတာပေါ့” ဟု မြိတ်မြို့၊ ဇေယျာသီရိ ၃ ရပ်ကွက်၊ စေတနာလမ်းရှိဒူးရင်းစေ့ရောင်းဝယ်ရေးလုပ်သူ ဦးစိုးကြည်က ပြောသည်။

ဒူးရင်းစေ့ဈေးကျသွားသလိုဝယ်ယူလုပ်ကိုင်သူများသဖြင့်ပစ္စည်းလည်းအဝင်နည်းသွားသည်ဟု ၎င်းကပြောပြသည်။

“အရင်ကဆိုတစ်နေ့တစ်တန်လောက် ရတယ်။ အခုကသုံးလေးရက်မှတစ်တန် ရတယ်တော်တော်လေးလျှော့သွားတယ်” ဟုဒူးရင်းစေ့ရောင်းဝယ်လာသည်မှာ သုံးနှစ်ရှိနေပြီဖြစ်သည့် ဦးစိုးကြည်က ပြောသည်။

ဒူးရင်းစေ့များ ဈေးကျလျှက်ရှိပြီး တစ်ပိဿာလျှင် အနည်းဆုံးတစ်ထောင့် သုံးရာကျပ်မှ နှစ်ထောင်ကျပ်အထိလက်ရှိတွင် ဈေးပေးကာ ဝယ်ယူလျှက်ရှိကြောင်း မြိတ်မြို့ အခြေစိုက် AKM ခရီးသွားလုပ်ငန်းနှင့်အရောင်းအဝယ်လုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။

“ဈေးကအတက်အကျ ရှိတယ်။ ကြိုက်သလောက်လာရောင်းပါ။ တန်နဲ့ ချီပြီး ကျွန်မတို့ဝယ်ယူနေပါတယ်” ဟု ၎င်းက ပြောသည်။

ဒူးရင်းစေ့များ အားဝယ်ယူရာတွင်မဲနေခြင်း၊ ကွဲနေခြင်းနှင့် အစို့အညှောက် ပေါက်နေသည့်ဒူးရင်းစေ့များကိုမူဝယ်ယူမည်မဟုတ်ကြောင်း ၎င်းတို့က ဆိုသည်။

“အညှောက်နဲနဲရှည်သွားရင်တော့ ပြန်ရောင်းလို့ မရတော့ဘူးပေါ့” ဟု ဒူးရင်းစေ့ ရောင်းဝယ်လုပ်သူဦးစိုးကြည် က ပြောသည်။

လက်ရှိဝယ်ယူထားသည့် ဒူးရင်းစေ့များကို ကော့သောင်း-ရနောင်းလမ်း မှတစ်ဆင့် ထိုင်းနိုင်ငံသို့တင်ပို့နေပြီး ထိုင်းလူမျိုးများမှ ယင်းဒူးရင်းစေ့များ အားဂျုံ၊ မုန့်အမျိုးမျိုးပြုလုပ်ရာတွင် အသုံးပြုကြပြီးမျိုးစပ်ကာ ကိုင်းကူးခြင်းများလည်း ပြုလုပ်ကြကြောင်း AKM ခရီး သွားလုပ်ငန်းနှင့် ရောင်းဝယ်ရေးလုပ်ငန်းထံမှ သိရသည်။

“ကျွန်တော်သိရသလောက်တော့ အစေ့ကိုစိုက်ပြီးတော့ကိုင်းကူးတယ်လို့ ဆိုတယ်” ဟု ဒူးရင်းစေ့ရောင်းဝယ်ရေးလုပ်သည့် ဦးစိုးကြည်က ပြောပြသည်။

ဒူးရင်းသီးများကို မြိတ်ခရိုင် တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်၊ ကတန်ကျွန်းမှ အများဆုံးထွက်ရှိပြီး နှစ်စဉ်ဧပြီလမှ စတင်ထွက်ရှိကာဇူလိုင်နှင့် ဩဂုတ်လများတွင်ရာသီကုန်ဆုံးကြောင်း ဒူးရင်းသီးရောင်းချသူများထံမှ သိရသည်။

ကိုဗစ်နိုင်တင်းဖြစ်ပွားနေသည့် ယခုနှစ်တွင် ဒူးရင်းသီးဈေး ယခင်နှစ်များထက် ထက်ဝက်ခန့်ထိုးကျကာရောင်းချနေရကြောင်း ဒူးရင်းသီး ရောင်းဝယ်ကြသူများက ရှင်းပြသည်။

ကိုဆန်း