မုဒုံတွင် ကျပ်သိန်းတစ်သောင်းနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
1163

မွန်ပြည်နယ် မုဒုံမြို့တွင် ကျပ်သိန်း တစ်သောင်းနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါး တစ်သိန်းလေးသောင်း (၁၄၀ဝဝဝ) ပြားခန့် ဖမ်ဆီးရမိကြောင်း မုဒုံမြို့မ ရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် မွန်ပြည်နယ် မှုခင်းအကူဌာနစုမှ ရဲအုပ် ဇော်ထိုက် ဦးစီးသည့် ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ မုဒုံမြို့ မြို့မ (၁) ရက်ကွက် မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမပေါ် သိန်းကမ္ဘာမိုတယ်ရှေ့၌ စောင့်ဆိုင်းနေစဉ် သံဖြူဇရပ်ဘက်မှ မုဒုံဘက်သို့လာသော ကုန်တင်ကားတစ်စီးပေါ်မှ အထုပ်ကြီးတစ်ထုပ်အား ထမ်း၍ဆင်းလာသော ကြိုတင်သတင်း ရရှိထားသူ မုဒုံမြို့နေ အောင်အောင် (၃၉) နှစ်ဆိုသူအား စစ်ဆေးရှာဖွေခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

စစ်ဆေးရှာဖွေရာ၌ လက်ဆွဲပီနံ အိတ်အတွင်း အထုပ်များဖြင့် ထုပ်ပိုးထားသော WY+R စာတမ်းပါ ပန်းရောင်နှင့် အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“ဆေးပြားလက်ဝယ်တွေ့ရှိတဲ့ ၂ ဦး ဖမ်းမိထားပါတယ်။ စိစစ်ဆောင်ရွက် ဆဲပါ” ဟု မုဒုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သိမ်းဆည်းရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် ပတ်သက်ပြီး အောင်အောင်အား စစ်ဆေးမေးမြန်းရာ မုဒုံမြို့ သိန်းကမ္ဘာမိုတယ်တွင် တည်းခိုနေသည့် တောင်ကြီးမြို့နယ် ဆီဆိုင်ကျေးရွာနေ ဥက္ကာဇော်ဆိုသူထံ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

အောင်အောင်၏ ထွက်ဆိုချက်အရ သိန်းကမ္ဘာမိုတယ်တွင် တည်းခိုနေသည့် ဥက္ကာဇော်ကို ခေါ်ယူမေးမြန်းရာ ၎င်းမှာယူသဖြင့် လာပို့သော ပစ္စည်းမှန်ကန်ကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။