မွန် NLDပါတီ ကိုယ်စားပြု အစိုးရအဖွဲ့ဝင်နှင့် ကိုယ်စားလှယ် အားလုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင်မည်

0
539

မွန်ပြည်နယ်တွင် NLDပါတီ ကိုယ်စားပြု အစိုးရအဖွဲ့ဝင်နှင့် ကိုယ်စားလှယ် အားလုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင်ရန် အဆိုပြုလွှာတင်ထားကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၁၂ ဦးရှိပြီး NLDပါတီ ကိုယ်စားပြု ၁၀ ဦး၊ မွန်ညီညွတ်ရေးပါတီမှ ၁ ဦးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၁ ဦးတို့ ပါဝင်သည်။

လာမည့်ရွေးကောက်ပွဲတွင် NLDပါတီမှ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၁၀ ဦးထဲအနက်မှ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးမှအပ ကျန် ၉ ဦးစလုံး ဝင်ပြိုင်ရန် အဆိုပြုလွှာတင်ထားသည်ဟု မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောသည်။

“ကိုထွန်ဌေးတော့ မပြိုင်ဘူး။ ကျန်တဲ့ ဝန်ကြီးအားလုံး ဝင်ပြိုင်မယ်။ အဆို ပြုလွှာတွေက ပြည်နယ်ကိုတော့ တင်ထား ပြီးပြီ။ အဲဒါကို ပြည်နယ်က ပြန်စိစစ်ရမယ်” ဟု ဒေါက်တာခင်ဆောင်က ပြောသည်။

ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ဝန်ကြီးအားလုံးသည် ၂၀၁၅ ရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်တွင်သာ ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း လျှောက်လွှာ တင်ထားသည်ဟု သိရသည်။

ထို့အပြင် မွန် NLDလွှတ်တော် ကိုယ်စားလှယ် အားလုံးနီးပါးလည်း ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ထားသည်ဟု သိရသည်။

NLDပါတီမှ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှာမူ အသက်အရွယ်အရအပြင် လူငယ်များအတွက် နေရာဖယ်ပေးချင်သည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြောသည်။

“အန်တီအနေနဲ့က လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက် မယှဉ်ပြိုင်တော့ပါဘူး။ အန်တီ့အသက်က ၇၅ မကြာခင် ပြည့်တော့မယ်ဆိုတော့ အသက်အရွယ်အရ အန်တီက ရွေးကောက်ပွဲ မဝင်တော့ပါဘူး။ နောက်တစ်ချက်က နေရာဖယ် ပေးချင်တာပါ။ အန်တီ့ထက် အသက်ငယ်သော အန်တီ့ထက် လုပ်ရည်ကိုင်ရည်ရှိသော အန်တီ့ထက် လေ့လာသင်ယူနိုင်သူတွေအတွက် နေရာဖယ်ပေးချင်တာပါ” ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း တပ်မတော်သားနှင့် အတူနေ မိသားစုဝင်မဲစာရင်းမပါသေးဘဲ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းခန့် ရှိသည်။

အဆိုပါ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းထဲတွင် ပထမအကြိမ် မဲပေးရမည့် မဲဆန္ဒရှင် တစ်သိန်းကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ယဉ်စနိုင်း