မွန်ညီညွတ်ရေးပါတီ ပြည်နယ်နှင့် တိုင်း ၅ ခုအထိ ရွေးကောက်ပွဲ ဝင်ပြိုင်မည်

0
507

မွန်ညီညွတ်ရေးပါတီက ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်း ၅ ခုအထိ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားသည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။

မွန်ပါတီများသည် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတို့တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်သာ ဝင်ရောက်ယှဉ်ပြိုင်မှုရှိခဲ့ကြသော်လည်း ယခု လာမည့်ရွေးကောက်ပွဲတွင်မူ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

“ပဲခူးနဲ့ ရန်ကုန်မှာလည်း မဲဆန္ဒနယ်တစ်နေရာ ဒါမှမဟုတ် နှစ်နေရာ ဝင်ပြိုင်ဖို့ ရှိတယ်။ ဘယ်မြို့နယ်လဲဆိုတာကတော့ မရွေးချယ်ရသေးဘူး” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မြို့နယ် ၉ မြို့နယ်၊ ကရင်ပြည်နယ်တွင် ၄ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၄ မြို့နယ်နှင့် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသ ကြီးတို့တွင် မြို့နယ်တစ်မြို့နယ်စီ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားသည်။

မွန်ညီညွတ်ရေးပါတီအနေနှင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီး လက်ရှိတွင် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး လုပ်ဆောင်လျက်ရှိကာ ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လကုန်တွင် အပြီးသတ်ရွေးချယ်သွားမည် ဖြစ်သည်။

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်လည်း ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာရွေးဆွဲ ဆောင်ရွက်မည်ဟုလည်း ပါတီခေါင်းဆောင်တို့က ပြောသည်။

မွန်ပြည်သူတစ်ရပ်လုံးက လိုလားနေသည့် မွန်တစ်ပါတီတည်းဖြစ်ရေး အထိမြောက်လာပြီဖြစ်သည့်အတွက် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်သူအများစုရှိသည့် မဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီကသာ အနိုင်ရရှိလိမ့်မည်ဟု မွန်ပါတီခေါင်းဆောင်တို့နှင့် မွန်ပြည်သူတို့က မျှော်မှန်းထားကြသည်။

“မွန်တစ်ပါတီပဲ ဖြစ်သွားပြီးဆိုတော့ လာမယ့် ရွေးကောက်ပွဲကတော့ ဘယ်လို ပဲပြောပြော ၂၀၁၅ ထက်တော့ ရလဒ် ကောင်းမယ်လို့ မြင်တယ်။ နေရာအတော် များများမှာ မွန်ပါတီ အနိုင်ရဖို့ အလားလာရှိနိုင်မယ်လို့ မြင်ပါတယ်” ဟု နိုင်မောင်ကြည်က ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသ လုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသား ပါတီနှင့် မွန်အင်အားစုတို့ ပူးပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင် ဖွဲ့စည်းခွင့်ပြုခဲ့သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲ မှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီဖြစ်သည်။

ယဉ်စနိုင်း