ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် လုပ်ငန်းအရေအတွက် ကော့သောင်း အနည်းဆုံး

0
341

တနင်္သာရီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုထားသည့် လုပ်ငန်းအရေအတွက်မှာ ကော့သောင်းခရိုင်တွင် အနည်းဆုံးဖြစ်ကြောင်း ယင်းကော်မတီ ထံမှ သိရသည်။

တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (TRIC) စတင်ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ လက်ရှိအချိန်ထိ လုပ်ငန်းသုံးခုကိုသာ အတည်ပြုမိန့် ထုတ်ပေးထားသည်။

ဟိုတယ်/အပန်းဖြေဝန်ဆောင်မှုလုပ်ငန်းနှစ်ခုနှင့် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးသည့် လုပ်ငန်းတစ်ခုတို့သာ ယင်းကော်မတီက ခွင့်ပြုထားသည်။

သို့ရာတွင် ကော့သောင်းခရိုင်အတွင်း ယခင်အစိုးရလက်ထက် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က BOT စနစ်ဖြင့် ခွင့်ပြုထား လုပ်ငန်းအချို့ရှိကြောင်း အထက်ပါ ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။

“ယခင်အစိုးရ (MIC)က ကျွန်းတွေ မှာ BOT နဲ့ပေးထားတာ များတယ်” ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။

ကော့သောင်းခရိုင်အတွင်း ခွင့်ပြုထားသည့် အထက်ပါလုပ်ငန်း ၃ ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ စုစုပေါင်း ကျပ်သန်း တစ်သောင်းခွဲကျော်ရှိသည်။

အထက်ပါကော်မတီက ခွင့်ပြုခဲ့သည့် လုပ်ငန်းအများဆုံးက ထားဝယ်ခရိုင်အတွင်းဖြစ်ပြီး လုပ်ငန်းပေါင်း ၂၃ ခုရှိပြီး မြိတ်ခရိုင်တွင် လုပ်ငန်း ၈ ခု ရှိသည်။

တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်)ငွေကျပ် သန်းပေါင်း ၆၀ဝ၀ အထိရှိသည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုနိုင်သည်။

TRIC တွင် ရင်းနှီးမြှုပ်နှံခွင့် အတည်ပြုမိန့်ရရှိပါက တိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသည့် ဇုန်အလိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရှိသည်။

တိုင်းအတွင်းရှိ ဖွံ့ဖြိုးမှုနည်းပါးသည့် ဇုန်အဖြစ်သတ်မှတ်ထားသည့် သရက်ချောင်းမြို့နယ်၊ ပုလော၊ တနင်္သာရီ နှင့် ခမောက်ကြီးမြို့နယ်တို့တွင် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ၇ နှစ်သတ်မှတ်ထားသည်။

ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသောဒေသအဖြစ် သတ်မှတ်ထားသည့် ထားဝယ်မြို့နယ်၊ ရေဖြူ၊ လောင်းလုံး၊ ကျွန်းစု၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်များတွင် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေ ခွန် ကင်းလွတ်ခွင့်ကို ၅ နှစ် သတ်မှတ်ထားသည်။