တနင်္သာရီတိုင်းအတွင်း မဲဆန္ဒနယ် အားလုံးဝင်ပြိုင်ရန် ပြည်သူ့ရှေ့ဆောင်ပါတီ ရည်မှန်းထားဟုဆို

0
749

ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ အနေနှင့် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်ရန် ရည်မှန်းထားကြောင်း အဆိုပါပါတီ၏ တနင်္သာရီတိုင်းတာဝန်ခံ ဦးတင်မောင်ညီက ပြော သည်။

လက်ရှိတွင် PPP ပါတီအနေဖြင့် ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက် ချောင်း၊ တနင်္သာရီမြို့နယ်ပါတီဆိုင်းဘုတ်များ တင်ထားပြီးဖြစ်ကာ မကြာမီ ပုလောမြို့နယ်ရုံးဆိုင်းဘုတ်တင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းအတွင်းရှိ မဲဆန္ဒနယ်အားလုံးကို ဝင်ပြိုင်ရန် ရည်မှန်းထားသော်လည်း အချိန်အတိုင်းအတာနှင့် ကိုဗစ်ကပ်ဘေးကြောင့် အထက်ပါမြို့နယ်ခြောက်ခုတွင် ပြိုင်နိုင်ရန် ကြိုးစားနေကြောင်း ဦးတင်မောင်ညီက ပြောသည်။

“ဆယ်မြို့နယ်စလုံးကို ကျွန်တော်တို့က ရည်ရွယ်ထားတယ်။ အခုအချိန်က အရမ်းကပ်နေတော့ ကျွန်တော်တို့က လှုပ်ရှားချိန်လည်း မရှိဘူး။ အုပ်စုလိုက်လည်း သွားလာလို့မရသေးတော့လေ” ဟု ဦးတင်မောင်ညီက ဆိုသည်။

သို့သော် ကိုယ်စားလှယ်လောင်းအတွက် ရွေးကော်ပွဲကော်မရှင်မှ လက်ခံသည့် နောက်ဆုံးအချိန်အထိ ကျန်သည့် မြို့နယ်များတွင်လည်း ပြိုင်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

PPP ပါတီကို ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် စတင်တည် ထောင်ခဲ့ပြီး ပါတီဥက္ကဋ္ဌမှာ ဒေါက်တာ သက်သက်ခိုင်ဖြစ်သည်။ ဒေါက်တာသက်သက်ခိုင်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ထင်ရှားသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ပါတီသစ်ထောင်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းရှာဖွေရာတွင် အခြားပါတီများထက် နောက်ကျသည့်အတွက် အခက်အခဲအချို့ရှိသည်ဟု ဆိုသည်။

လာမည့်ဇွန်လကုန် သို့မဟုတ် ဇူလိုင်လတွင် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် တိုင်း အလုပ်မှုဆောင်အဖွဲ့ကို ရွေးချယ်မည်ဖြစ်ပြီး တိုင်းရုံးကို ဖွင့်မည်ဖြစ်ကြောင်း အထက်ပါ ပါတီတိုင်းတာဝန်ခံထံမှ သိရသည်။