လောင်းလုံး နှစ်လောင်းပြိုင် လူသတ်မှု အချက်အလက်အချို့ရထားပြီး ဟုဆို

0
4936

လောင်းလုံးမြို့နယ်၊ သဗြေရှောင်ကျေးရွာတွင် ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်တွင် တရားခံဖမ်းမိရေး အချက်အလက်အချို့ ရရှိထားပြီးဖြစ်သည်ဟု တနင်္သာရီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်စိုးက ပြောကြားသည်။

ယင်းလူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် အမှုစစ်အဖွဲ့ဖွဲ့ပြီး အလေးအနက်ထား လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

သဗြေရှောင်ကျေးရွာရှိ နေအိမ်အောက်ထပ်တွင် အသက် ၈၆ နှစ်အရွယ် အမျိုးသမီကြီးတစ်ဦးနှင့် နေအိမ်အပေါ် ထပ် ဘုရားခန်းတွင် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို သတ်ဖြတ်သွား ခြင်းဖြစ်သည်။

အသက် ၅၄ နှစ်အမျိုးသမီး၏ ဦးခေါင်းကို ရိုက်နှက်ထားသည့် ဒဏ်ရာဖြင့် သေဆုံးနေပြီး ၈၆ နှစ်အရွယ် အမျိုးသမီးကြီးတွင်မူ မြင်သာသည့် ဒဏ်ရာကြီးကြီးမားမား မတွေ့ရကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က အချက်အလက်အချို့ရရှိထားပြီး အသေးစိတ်ကို ထုတ်ပြန်၍ မရသေးကြောင်း ရဲမှူးကြီးကြည်စိုးက ဆိုသည်။

“ရရှိတဲ့အချက်အလက်အချို့လည်း ရရှိပြီး ဖြစ်ပါတယ်။ ဒါလည်းမကြာခင်မှာ ဖော်ထုတ်မှာပါ” ဟု ၎င်းက ပြောသည်။

ယင်းဖြစ်စဉ်မတိုင်မီ ရေဖြူ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်သည်။

လောင်းလုံးနှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်တွင် အခင်းဖြစ်နေအိမ်မှ ဆိုင်ကယ်တစ်စီးကို စီးယူသွားပြီး ထားဝယ် ကမ်းနားဈေးအနီးတွင် ရပ်နားထားခဲ့သည်။