တနင်္သာရီတိုင်းရှိ အခြေခံကျောင်း တစ်ဝက်ခန့်သာ ပုံမှန်အတိုင်း ပြန်ဖွင့်မည်

0
476

တနင်္သာရီတိုင်းရှိ အခြေခံပညာကျောင်း တစ်ဝက်ခန့်ကိုသာ ပုံမှန်အတိုင်း ကျောင်းပြန်ဖွင့်နိုင်မည်ဖြစ်ပြီး ကျန်ရှိသည့် ကျောင်းများသည် အသုတ်ခွဲစနစ်ဖြင့် ပြန်ဖွင့်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အောင်စာရင်းထုတ်ပြန်ပြီးသော အခြေခံကျောင်းများကို ဇူလိုင်လ ၂၁ ရက်တွင် ကျောင်းပြန်ဖွင့်မည်ဖြစ်ရာ တနင်္သာရီတိုင်းတွင် ထက်၊ လယ်၊ မူ ကျောင်းပေါင်း ၁၃၁၁ ကျောင်းအနက် ပုံမှန်အတိုင်း ကျောင်းပြန်ဖွင့်နိုင်မည့် ကျောင်းမှာ ၅၆၉ ကျောင်းသာရှိပြီး ကျန် ၇၄၂ ကျောင်းမှာမူ အသုတ်ခွဲပြီး ကျောင်းတက်ရမည် ဖြစ်သည်။

အသုတ်ခွဲကျောင်းတက်ရမည့် ကျောင်းများအနက် တစ်ပတ်ခြား ပြန်ဖွင့်မည့်ကျောင်းမှာ ၄၄၈ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက် ၂၂၄ ကျောင်း၊ တစ်ပတ်ခြား သုံးသုတ်တက် ၇၀ ကျောင်း စသည်ဖြင့် ၇၄၂ ကျောင်း ရှိသည်။

အတန်းတစ် တစ်တန်းလျှင် ကျောင်းသားဦးရေးအများဆုံး ၂၀ ဦးသာရှိသော ကျောင်းများအားလုံး ပုံမှန်အတိုင်း ဖွင့်မည့်ကျောင်းဖြစ်သည်။ ၂၁ မှ ၄၀ အကြားရှိလျှင် ထိုကျောင်းသည် တစ်ပတ်ခြား တက်ရမည်ဖြစ်သည်။

ယင်းအတိုင်းပင် ၄၁ ဦးမှ ၈၀ ဦးအကြားရှိပါက တစ်ပတ်ခြားနှစ်သုတ်တက် ရမည်ဖြစ်ပြီး ၈၁ ဦးမှ ၁၆၀ အကြားရှိပါက တစ်ပတ်ခြား သုံးသုတ်တက်ရမည် ဖြစ်သည်။

အသုတ်ခွဲပြန်ဖွင့်မည့်ကျောင်းကို ကျောင်းသားဦးရေ အနည်းအများပေါ် မူတည်ဖြင့်ဆုံးဖြတ်ခြင်းဖြစ်သည်။

အထက်ပါ အချက်အလက်များကို ပညာရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တစ်ပတ်ခြားဆိုသည်မှာ ကျောင်းသားများကို နှစ်ဖွဲ့ခွဲပြီး ပထမအပတ်ကို တစ်ဖွဲ့၊ ဒုတိယတစ်ဖွဲ့က နောက်တစ်ပတ်တွင် တက်ရမည် ဖြစ်သည်။

တစ်ပတ်ခြားနှစ်သုတ်မှာ ကျောင်းသားများကို လေးဖွဲ့ခွဲပြီး ပထမတစ်ပတ် နှစ်ဖွဲ့တက်၊ ဒုတိယတစ်ပတ် ကျန်နှစ်ဖွဲ့တက် စသည်ဖြင့်အဖွဲ့ခွဲကာ ကျောင်းတက်ရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ရှင်းပြသည်။

မြေပြင်အခြေအနေတွင်မူ ကျောင်းရှိ ခုံအရေအတွက်၊ ဆရာ၊ ဆရာမအင်းအား အခြေအနေအရ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည့်အတိုင်း အတိအကျ မဟုတ်ဘဲ အပြောင်းအလဲရှိနိုင်ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

“မြေပြင်အခြေအနေမှာတော့ ပညာရေးဝန်ကြီးဌာနက ကြေညာထားတဲ့ တစ်သုတ်တက်၊ နှစ်သုတ်တက်သည် အပြောင်းအလဲရှိကောင်း ရှိလိမ့်မယ်။ တစ်သုတ်တက်ကျောင်းလို့ သတ်မှတ်ထားပေမယ့်လည်း တစ်ခါတလေမှာ နှစ်သုတ်တက်လည်း ဖြစ်ချင်ဖြစ်မယ်” ဟု ဒေါ်မြင့်စိန်က ပြောသည်။

ယင်းသို့ အသုတ်ခွဲ၊ အဖွဲ့ခွဲစနစ်ဖြင့် သင်ကြားမည်ဖြစ်သောကြောင့် ဆရာ၊ ဆရာမ ဦးရေမှာ ပိုလိုအပ်လာမည် ဖြစ်သည်။

ကနဦး အထက်တန်းအဆင့် အတန်းနှစ်တန်းကိုသင်ကြားချိန်တွင် အလယ်တန်းက ဆရာ၊ ဆရာမများက ဝိုင်းကူပေးနိုင်သော်လည်း အလယ်တန်းနှင့် မူလတန်းများကိုပါ ဆက်ဖွင့်လာပါက ဆရာ၊ ဆရာများ ယခင်ထက် ပိုမိုအားစိုက်ရမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ်တွင် တာဝန်ကျနေသည့် ဆရာတစ်ဦးက ပြောသည်။

“သင်ခန်းစာတစ်ခုကို နှစ်ခါသုံးခါ သင်ရမှာဆိုတော့ ဆရာ၊ ဆရာမတွေက ပိုပင်ပန်းမှာပေါ့နော်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ အသုတ်ခွဲ၊ အဖွဲ့ခွဲစနစ်ဖြင့် သင်ကြားနိုင်ရေးအတွက် ကနဦးဖွင့်မည့် အထက်တန်းကျောင်းအုပ်များမှာ အတန်းချိန် ဇယားများ ရေးဆွဲနေကြပြီဖြစ်ကြောင်း ဆရာ၊ ဆရာမ အချို့ထံမှ သိရသည်။

ကျော်သူစိုး