တာဝန်နှင့် စိုးရိမ်စိတ်ကြားက ဓာတ်ခွဲခန်းဝန်ထမ်းများ

0
508

ဓာတ်ခွဲခန်းဝန်ထမ်းအဖြစ် တာဝန်ကျပြီး ငါးလခန့်အကြာတွင် တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်းဖြစ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲနမူနာ ယူရမည်ဆိုသည့်တာဝန်က ဒေါ်သန္တာဌေး ခေါင်းပေါ်ကျလာခဲ့သည်။

မြိတ်ဆေးရုံ ဓာတ်ခွဲဌာနတွင် သင်တန်းတက်စဉ်အခါက ဆရာဝန်များ၏ သရုပ်ပြမူ၊ စာတွေ့သင်ကြားမူတို့အရ ဓာတ်ခွဲနမူနာယူနည်းကို သင်ကြားခဲ့ပြီး ဖြစ်သော်လည်း လက်တွေ့ အတွေ့အကြုံမူ သူမတွင် မရှိသေး။

ပုံမှန်အားဖြင့် ကိုဗစ်ကဲ့သို့သော ရောဂါကြီးများ၏ ဓာတ်ခွဲနမူနာကို ဒေါ်သန္တာဌေးတို့ကဲ့သို့ ဓာတ်ခွဲခန်း ကျွမ်းကျင်(၄) ဝန်ထမ်းတို့ ယူလေ့မရှိဘဲ ဆရာဝန်များကသာ ယူလေ့ရှိသည်။

ဓာတ်ခွဲခန်းကျွမ်းကျင်ဝန်ထမ်းတို့သည် ငှက်ဖျား၊ တီဘီ၊ ဆီးချို စသည့် ရောဂါများ၏ ဓာတ်ခွဲနမူနာများကိုသာ ကိုယ်တိုင်ယူပြီး စစ်ဆေးကြခြင်း ဖြစ်သည်။

သို့သော် ကိုဗစ်ကပ်ရောဂါ ဖြစ်လာသည့်အချိန်တွင်မူ အချို့သော ကိစ္စရပ်များသည် သမားရိုးကျ လုပ်ရိုးလုပ်စဉ်အတိုင်း မဟုတ်ဘဲ ပြောင်းလဲလုပ်ကိုင် ခဲ့ကြရသည်။

အသက် ၂၄ နှစ်အရွယ် မြိတ်သူဒေါ်သန္တာဌေး ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲနမူနာ ယူရမည့်သူက ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီးနောက် နေထိုင်မကောင်းဖြစ်နေသည့် လောင်းလုံးမြို့ နယ် ကညုံကျွန်းကျေးရွာမှ အမျိုးသမီးတစ်ဦး ဖြစ်သည်။

လက်တွေ့ အတွေ့အကြုံမရှိသေးသလို တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ(PPE) ဆိုသည်ကို မြင်ဖူးသော်လည်း ကိုယ်တိုင်မဝတ်ခဲ့ဖူးသည့် ဒေါ်သန္တာဌေးအတွက် စိုးရိမ်စိတ်၊ ကြောက်စိတ်တို့ဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အခိုက်အတန့် ဖြစ်ခဲ့ရသည်။

“တစ်ခါမှလည်း မယူဖူးဘူးဆိုတော့ ကြောက်လည်း ကြောက်တယ်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် စိတ်အား တင်းပြီးတော့ (ဓာတ်ခွဲနမူနာ) ယူလိုက်တာပေါ့” ဟု ဒေါ်သန္တာဌေးက ပြောသည်။

ဓာတ်ခွဲနမူနာယူရာတွင် အသုံးပြုရမည့် ရောဂါကာကွယ်ရေးပစ္စည်းများ အပါအဝင် အခြားပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်းများကို မကျွမ်းကျင်သေးသည်ကလည်း သူ၏ စိုးရိမ်စိတ်ကို ပိုမြင့်တက်စေခဲ့သည်။

“ယူပြီးတာနဲ့ PPE ဝတ်စုံကို ပြန်ချွတ် ရတယ်လေ။ ကိုယ်ကချွတ်လို့ ပုံမကျဘူးဆိုရင် တကယ်လို့ (သံသယရှိတဲ့ သူမှာ) ပိုးတွေ့ပြီဆို ကိုယ့်မှာလည်း ပိုးတွေ့ပြီလေ” ဟု သူမက ဆိုသည်။

တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေး ဝတ်စုံ(PPE) ဝတ်ရ၊ ချွတ်ရသည်ကလည်း မသက်သာလှ။ စနစ်ကျဖို့ လိုသည်။ အသက်ရှူရ ကြပ်သည်။ ယင်းဝတ်စုံကိုဝတ်ပြီး ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့်ကြာပါက ချွေးတလုံးလုံး ထွက်လာသည်။

သုံးနာရီခန့်ဝတ်ပြီး ပြန်ချွတ်ချိန်တွင်မူ ရေချိုးထားသကဲ့သို့ တစ်ကိုယ်လုံး စိုရွှဲနေပြီဖြစ်ကြောင်း ဒေါ်သန္တာဌေးက ပြောပြသည်။

ထိုမျှပူသော PPE ဝတ်စုံကို သူမ လေးနာရီကြာအထိ ဝတ်ဆင်ပြီး ဓာတ်ခွဲ နမူနာယူခဲ့ဖူးကြောင်း ဆိုသည်။

ထားဝယ်တက္ကသိုလ် စောင့်ကြည့်ရေးစခန်းဝင်နေသူများကို ဓာတ်ခွဲနမူနာယူပြီး လောင်းလုံးဆေးရုံသို့အပြန်လမ်းတစ်လျှောက် ရွာများရှိ သံယရှိသူများကို ဓာတ်ခွဲနမူနာယူရန် ရှိနေသေးသဖြင့် လက်အိတ်၊ မျက်နှာကာမှန်တို့မှလွဲပြီး PPE ဝတ်စုံကို သူမချွတ်ဘဲ လေးနာရီ ခန့်ကြာ တောက်လျှောက်ဝတ်ကာ ဓာတ်ခွဲနမူနာ လိုက်ယူဖူးခဲ့ကြောင်း ပြန်ပြောင်းပြောပြသည်။

“အဲဒီနေ့ကဆို မျက်လုံးတွေတောင် ပြာသွားတယ်။ လူက အားလည်းနည်း တယ်ဆိုတော့ အိမ်ရောက်တာနဲ့ ဘာမှ မလုပ်နိုင်တော့ဘူး။ တန်းအိပ်ပစ်လိုက်တော့တာပဲ” ဟု ဒေါ်သန္တာဌေးက ဆိုသည်။

ကိုရိုနာသံယရှိသူတွေအကြားမှာ PPE ဝတ်စုံဝတ်ပြီး ချွေးတလုံးလုံးဖြင့် တစ်နေ့တာ တာဝန်များကို ထမ်းဆောင်အပြီး ငှားနေသည့် နေအိမ်ရောက်သောအခါ သူ့ကို ဆီးကြိုနေသည်က ဗိုင်းရပ်စ်ပိုး သယ်လာသလားဆိုသည့် သံသယမျက်လုံးများ ဖြစ်သည်။

“ကိုယ်က အဲလိုပြန်လာတဲ့အချိန်ဆို သူတို့က ကိုယ်ကို တွေ့တယ်ဆို စိတ်မချ တော့ဘူးပေါ့။ တအားကြီး တရင်းတနှီး မနေချင်ကြတော့ဘူး။ ဘာလို့ဆို ဖြစ်စဦးဆိုတော့ ပတ်ဝန်းကျင်ကလည်း စိုးရိမ်ကြတယ်လေ။ တစ်ခါတလေဆို စိတ်မကောင်း ဖြစ်မိတယ်” ဟု ဒေါ်သန္တာဌေးက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စစ်ရမည့်သူဦးရေက တစ်နေ့ထက်တစ်နေ့ ပိုတိုးလာသော်လည်း လောင်းလုံးမြို့နယ်တွင် ဓာတ်ခွဲနမူနာယူမည့် ဓာတ်ခွဲခန်းဝန်ထမ်းက သုံးဦးသာရှိသည်။ ယင်း အခြေအနေတွင် ထားဝယ်တက္ကသိုလ် စောင့်ကြည့်ရေးစခန်းဝင်နေသူများကိုပါ ဓာတ်ခွဲနမူနာ ယူရမည်ဟု ဆိုလာသည်။

ယင်းအတွက်ကြောင့် လောင်းလုံးက ကျေးလက်ကျန်းမာရေးဌာနတို့ရှိ ကျန်းမာရေးဝန်ထမ်းအချို့ကိုပါ ဓာတ်ခွဲနမူနာယူသည့် လုပ်ငန်းကို ရက်တိုသင်တန်းပို့ချကာ လုပ်ကိုင်စေခဲ့ရကြောင်း လောင်းလုံးဆေးရုံအုပ်ကြီး ဒေါက်တာမင်းညွှန့်ဝင်းက ပြောသည်။

ယင်းကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများအနက် အင်းဇောက်ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးထွန်းဇော်လည်း တစ်ဦးပါဝင်လာခဲ့သည်။ သူသည် တနင်္သာရီတိုင်း၏ ပထမဆုံး ပိုးတွေ့ လူနာဖြစ်သည့် လူနာအမှတ် ၁၈၅ ၏ ဓာတ်ခွဲနမူနာကို ယူခဲ့သူဖြစ်သည်။

နံနက်ပိုင်း မလေးရှားပြန် ပထမအသုတ်ကို မောင်းမကန် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းတို့က ဓာတ်ခွဲနမူနာယူပြီး ညနေပိုင်း ဒုတိယအသုတ်ကို ဦးထွန်းဇော်က ဓာတ်ခွဲနမူနာ ဆက်ယူသည့်အထဲတွင် ပိုးတွေ့လူနာဖြစ်မည့်သူ ပါဝင်လာခြင်း ဖြစ်သည်။
ကျန်းမာရေးဝန်ထမ်း လုပ်သက် ၁၈ နှစ်အတွင်း ဓာတ်ခွဲနမူနာ ပထမဆုံးယူဖူးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ပထမဆုံးအကြိမ်ဆိုတော့ စိတ်ပူ တာပေါ့နော်။ ကိုယ်လည်းတစ်ခါမှ မယူဖူးဘူးဆိုတော့လေ။ အဲတုန်းက ဆိုရင်တော့ ယူတော့ မယူချင်ဘူးပေါ့နော်။ လူကလည်း မရှိဘူးဆိုတော့ မနိုင် ဘူးလေ။ မြို့နယ်ဆရာဝန်ကလည်း ကျွန်တော်တို့ကိုပဲ အားကိုးတကြီးနဲ့ နားလည်အောင်လုပ်၊ ကိုယ့်အပိုင်း ကိုယ်တာဝန်ယူရမယ်ဆိုတော့ သင်လိုက်တာ တတ်သွားတာပဲ” ဟု ၎င်းက ဆိုသည်။

ဓာတ်ခွဲနမူနာယူရာတွင် PPE ဝတ်စုံဝတ်ပြီး သံသယရှိသူတို့၏ ကိုယ်ရေးအချက်အလက်များကို ဖြည့်သွင်းရာသည့်အခါ အလွန်အခက်အခဲတွေ့ရကြောင်း ဓာတ်ခွဲဝန်ထမ်းအချို့က ပြောသည်။

ဓာတ်ခွဲနမူနာယူရာတွင် အချိန်မကြာဘဲ ကိုယ်ရေးအချက်အလက်ဖြည့် သွင်းနေသူတို့ကို စောင့်နေရသည်က ပိုကြာသဖြင့် အသက်ရှူကျပ်ပြီး အလွန်ပူသော PPE ဝတ်စုံကို အချိန်အကြာကြီး ဝတ်ဆင်နေရကြောင်း ၎င်းတို့က ဖွင့်ဟကြသည်။

“PPE ဝတ်စုံဝတ်တာ အတော်ပူ တယ်။ မခံနိုင်ဘူး။ လူလေး ကိုးယောက်၊ ဆယ်ယောက်ယူတုန်းကဆိုရင် ပြန်ချွတ် လိုက်တဲ့အချိန်မှာ ဝတ်ထားတဲ့ အင်္ကျီ၊ လုံချည်တွေ ရေလောင်းထားသလိုပဲ။ အကုန်လုံးရွှဲနေတာ။ ကိုယ်ကိုယ်တိုင် ဝတ်ကြည့်မှ သိတယ်” ဟု ဦးထွန်းဇော်က ပြောသည်။

လက်ရှိတွင် လူပေါင်းရာနှင့်ချီပြီး ဓာတ်ခွဲနမူနာယူဖူးနေပြီဖြစ်သောကြောင့် ကျွမ်းကျင်မူ၊ ကိုယ့်ကိုယ်ယုံကြည်မူ၊ စိတ်လုံခြုံမူတို့လည်း ရှိလာပြီဖြစ်ကြောင်း ဓာတ်ခွဲခန်းဝန်ထမ်းအချို့က ပြောသည်။

သို့သော်လည်း သူတို့ ပေါ့ပေါ့ဆဆ မလုပ်ရဲကြပေ။ အလုပ်တွင် ဝတ်ထားသည့် အင်္ကျီအဝတ်အစားများကို သေချာလျှော်ဖွတ်ခြင်းစသည့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို သတိထား ဆောင်ရွက်နေရသည်ဟု ဆိုသည်။ ကျန်းမာရေးဝန်ထမ်းအချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသောကြောင့် ဖြစ်သည်။

လူနာအမှတ် ဝ၃ နှင့် ၂၄၉ တို့သည် ကျန်းမာရေးဝန်ထမ်းများဖြစ်ကြသည်။ လူနာအမှတ် ဝ၃ မှာ မေ့ဆေးဆရာဝန်တစ်ဦးဖြစ်ပြီး လူနာအမှတ် ၂၄၉ မှာ နယ်စပ်တွင် တာဝန်ကျသည့် ကျန်းမာရေး ဆရာမတစ်ဦး ဖြစ်သည်။

လောင်းလုံးဆေးရုံအုပ် ဒေါက်တာမင်းညွန့်ဝင်းကလည်း ရောဂါကာကွယ်ရေးဝတ်စုံအပြည့် ဝတ်ဆင်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လုံခြုံရေးကျိုးပေါက်ပြီး ကျန်းမာရေးဝန်ထမ်းများထံ ရောဂါကူးစက်နိုင်ခြေ ရှိကြောင်း ပြောသည်။

“လုံခြုံရေး ကျိုးပေါက်တာ ရှိတယ်လေ။ စကားပြောတာကနေ၊ ချောင်းဆိုး တာကနေ ဒီဗိုင်းရပ်စ်က ပျံ့နှံ့နှုန်း ဘယ်လောက်ရှိတယ် ခန့်မှန်းလို့မရဘူး ဖြစ်နေတယ်လေ” ဟု ဒေါက်တာမင်းညွန့်ဝင်းက ပြောသည်။

ယင်းသို့ ရောဂါကူးစက်မှု အန္တရာယ်များသော ကျန်းမာရေးဝန်ထမ်းများကို အပိုဆောင်းချီးမြှင့်ငွေ တစ်ဦးလျှင် တစ်လ ကျပ်ငါးသောင်း ချီးမြှင့်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးက ပြောဆိုထားသည်။

လောင်းလုံးမြို့နယ်ကမူ ယင်းအပိုဆောင်းချီးမြှင့်ငွေအတွက် ကျန်းမာရေးဝန်ထမ်း ကိုးဦးစာရင်းကို ပေးပို့ထားကြောင်း ဒေါက်တာမင်းညွှန့်ဝင်းက ပြောသည်။ တနင်္သာရီတိုင်းတွင် ယင်းကဲ့သို့ ကျန်းမာရေးဝန်ထမ်းမည်မျှရှိသည်ကို တိုင်းပြည့်သူ့ကျန်းမာရေး ဦးစီးဌာနထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဖြေမသိရပေ။

တနင်္သာရီတိုင်းတွင် မတ်လ ၂၃ ရက်မှ ဇွန်လ ၉ ရက်အထိ စုစုပေါင်း ဓာတ်ခွဲနမူနာပေါင်း နှစ်ထောင်နီးပါး (၁၈၁၁) ရှိနေပြီဖြစ်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံက ထုတ်ပြန်ထားသည်

တိုင်းအစိုးရ၏ ဇွန်လ ၁၃ ရက် ထုတ်ပြန်ချက်အရ တိုင်းအတွင်း စောင့်ကြည့်သံသယရှိသူဦးရေ စုစုပေါင်း သုံးထောင်ကျော် ရှိသည်။

ဒေါ်သန္တာဌေးတို့ကဲ့သို့သော ဓာတ်ခွဲ ဝန်ထမ်းတို့အတွက်မူ အပိုဆောင်းချီးမြှင့်ငွေ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ စိုးရိမ်နေနေ မနေနေ တာဝန်ရှိသည့်အတိုင်း ထိုသံသယရှိသူတို့နှင့် မဖြစ်မနေ ထိတွေ့ ဆက်ဆံ လုပ်ကိုင်နေရဦးမည် ဖြစ်သည်။

“နိုင်ငံတော်က ပေးမယ်ဆိုတဲ့ ငါးသောင်းဆိုတာ မပေးလည်းလုပ် နေရမှာပဲလေ။ ငါးသောင်းကိုမယူနဲ့၊ ဒီအလုပ်လည်း မလုပ်နဲ့ဆိုရင်တော့၊ မလုပ်တဲ့သူတွေက ပိုများတာပေါ့။ အခုကတော့ ငါးသောင်းမရလည်း လုပ်နေ ရမှာပါပဲ ဘာလို့ဆို ဒါက ကိုယ့်တာဝန်ပဲ လေ” ဟု ဒေါက်တာမင်းညွန့်ဝင်းက ဆိုသည်။

ကျော်သူစိုး