ဇာဒီရွာ မိုင်းထိသူ မျက်လုံးထိ၊ ခြေထောက်တစ်ဖက်ဆုံးရှုံး

0
696

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စု ဒိုက်ကကော်ကျေးရွာမှ အသက် ၄၉ နှစ်အရွယ် ကျေးရွာသားတစ်ဦး လက်လုပ်မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် မျက်စိတစ်စုံနှင့် ညာဖက်ခြေထောက်တစ်ချောင်း ဆုံးရှုံးသွားခဲ့သည်။

ဇွန်လ ၁၁ ရက်က ဒိုက်တကော်ရွာနှင့် နှစ်ဖာလုံကျော်ခန့်ဝေးသည့် ၎င်းပိုင်ရာဘာခြံထဲသို့အသွား တဲနှင့် ပေ၂၀ ခန့်အကွာအရောက်တွင် အဆိုပါ လက်လုပ်မြေမြှုပ်မိုင်းကို နင်းမိ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကာယကံရှင်တို့က ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများရရှိထားပြီး အဓိကအားဖြင့် မျက်လုံးတစ်စုံမှာ လုံးဝအမြင် အာရုံကွယ်ပျောက်သွားပြီဖြစ်ကြောင်း ထားဝယ်ဆေးရုံ ထိခိုက်ဒဏ်ရာနှင့် အရိုးကြောကုသဆောင်တွင် ဆေးကုသမှုခံယူနေသည့် ကာယကံရှင်က ပြောသည်။

ဆရာဝန်၏ပြောကြားချက်အရ မျက်ကြည်လွှာကို မိုင်းအစအနများ တိုက်ရိုက်ထိမှန်ထားသဖြင့် မျက်လုံးအစားထိုးကုသမှ ရမည်ဖြစ်ကြောင်း ယင်းအမျိုးသား၏ ဇနီးဖြစ်သူက ပြောသည်။

“ကျွန်မတို့အခြေအနေနဲ့ မျက်လုံး အစားထိုးပြီး ဘယ်လိုကုနိုင်မှာလဲရှင်” ဟု ၎င်းကဆိုသည်။

ညာဘက်ခြေထောက်မှာ မိုင်းထိစဉ်ကတည်းက ဒူးခေါင်းအောက်ပိုင်း ပြတ်ထွက်သွားခဲ့ပြီး လက်ရှိတွင် ထားဝယ်ဆေးရုံမှ ပေါင်အလယ်မှဖြတ်တောက် ကုသမှုပေးထားသည်ကို တွေ့ရသည်။

ဒဏ်ရာရသူမိသားစုတွင် သားတစ်ဦး၊ သမီးနှစ်ဦးရှိပြီး အကြီးဆုံးမှာ အသက် ၁၃ နှစ်အရွယ်ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ဆက်နွှယ်သူများကို စစ်ဆေးနေဆဲဖြစ်ပြီး မည်သူ၊ မည်ဝါက ထောင်ထားသည်ကို မသိရှိရသေးကြောင်း ရေဖြူမြို့နယ် ကံပေါက်နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်မင်းဦးက ဇွန်လ ၁၈ ရက်တွင် ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ထိခိုက်ဒဏ်ရာရသူမိသားစုတို့ကမူ ယင်းမိုင်းပေါက်ကွဲမှုသည် လုပ်ကြံမှုတစ်ခုဖြစ်ကြောင်း ယူဆနေကြသည်။ သို့သော် ရဲအုပ်ကျော်မင်းဦးကမူ လက်ရှိအချိန်အထိ မည်သည့်အချက်ကိုမျှ အတိအကျမပြောနိုင်သေးဟု ဆိုသည်။

ရေဖြူမြို့နယ်အတွင်း၌ပြီးခဲ့သည့် ၂၀၁၈ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ခုနှစ် မေလအထိ ဒေသခံများလုပ်ကိုင် စားသောက်နေသည့်ဥယျာဉ်ခြံ၊ ဒေသခံများ သွားလာနေသည့်လမ်းပေါ်တွင် မြေမြှုပ်မိုင်းနင်းမိမှု ၁၃ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ဒေသခံမွန်တိုင်းရင်းသား ၉ ဦး ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသည်။

ဇာဒီကျေးရွာအုပ်စုအနီးတွင်မူ ယင်းကဲ့သို့မြေမြှုပ်မိုင်းပေါက်ကွဲမှု တစ်ကြိမ် မျှမတွေ့ဖူးကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘဌေးက ပြောသည်။