မြေမြှုပ်မိုင်းကိစ္စ မဖြေရှင်းနိုင်သေး

0
450

မွန်ပြည်နယ် ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ဒေသတို့တွင် မကြာခဏဖြစ်ပွားနေသည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုကိစ္စကို ယခုအချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မြေမြှုပ်မိုင်းကိစ္စ ဖြေရှင်းနိုင်ရန်အတွက် မဟာမိတ်အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့်သော်လည်းကောင်း၊ အစိုးရ၊ တပ်မတော်တာဝန်ရှိသူများနှင့်သော်လည်းကောင်း ဆွေးနွေးညှိနှိုင်းနေသော်လည်း ယခုအချိန်ထိ အဖြေတစ်စုံတစ်ရာမရသေးကြောင်း ပြောသည်။

“ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ကျွန်တော်တို့မဟာမိတ် KNUနှင့် အစိုးရတာဝန်ရှိသူ တပ်မတော်တာဝန်ရှိ သူနဲ့ရော ဆွေးနွေးတယ်။ ဆွေးနွေးသော်လည်း ယခုအချိန်ထိ အဖြေတစ်စုံတစ်ရာ မပေါ်သေးဘူးပေါ့နော်” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

ဆွေးနွေးညှိနှိုင်းမှု အသေးစိတ်နှင့် မည့်သည့်အတွက်ကြောင့် မပြေလည် သေးသည်ကိုမူ ထုတ်ဖော်မပြောပေ။

မွန်ပြည်သစ်ပါတီအနေဖြင့် မြေမြှုပ်မိုင်းကိစ္စကို ရှေ့ဆက်ပြီး ဖြေရှင်းနိုင်ရန် နည်းလမ်းရှာနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရေဖြူမြို့နယ်အတွင်း၌ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက် နေ့မှစပြီး ၂၀၂၀ ခုနှစ် မေလ ၄ ရက်နေ့ထိ ဒေသခံများ လုပ်ကိုင်စားသောက်နေသည့်ဥယျာဉ်ခြံ၊ ဒေသခံများ သွားလာနေသည့်လမ်းပေါ်တွင် မြေမြှုပ်မိုင်းနင်းမိမှု ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံမွန်တိုင်းရင်းသား ၉ ဦး ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရသည်။

၎င်းပြင် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေးမြို့နယ် ရေးချောင်းဖျားဒေသဘက်တွင်လည်း မတ်လအတွင်းက မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။

ဒေသခံများအနေဖြင့် မြေမြှုပ်မိုင်း မကြာခဏပေါက်ကွဲနေမှုကြောင့် ခြံထဲသွားပြီး လုပ်ကိုင်စားသောက်ရန် အခက်အခဲကြုံနေရသည့်အတွက် အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရန် မြေမြှုပ်မိုင်းများကို ရှင်းလင်းစေလိုကြသည်။

“မြေမြှုပ်မိုင်း မကြာမကြာ ပေါက်နေတော့ လူတွေက ခြံသွားဖို့ အလုပ်လုပ်ဖို့က မသွားရဲကြတော့ဘူး။ ဒေသခံတွေကတော့ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်ချင်ကြတယ်။ ဒါကြောင့် ဒီမြေမြှုပ်မိုင်းတွေကို ရှင်းလင်းစေချင်တယ်” ဟု ရေဖြူမြို့နယ် အလယ်စခန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်စန်းက ပြောသည်။

မြေမြှုပ်မိုင်းထောင်ပြီး ဒေသခံပြည်သူများအား တိုက်ခိုက်နေသည့်ကိစ္စကို အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး တာဝန်ယူဖြေရှင်းပေးရန် မွန်အရပ်ဘက်လူမှုအဖွဲ့ အစည်းများကွန်ရက်က မေလ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီနှင့် KNUထံ စာပေးပို့ တောင်းဆို ထားသည်။

မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားနေသည့်ဒေသသည် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တို့ လှုပ်ရှားသွားလာ နေသည့်ဒေသဖြစ်ပြီး နှစ်ဘက်တပ်ဖွဲ့ အကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားနေသည့် ဒေသလည်း ဖြစ်သည်။

မြေမြှုပ်မိုင်းကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဘက်က ၎င်းတို့ထောင်ထားခြင်းမဟုတ်ကြောင်း ငြင်းဆိုထားသလို KNUဘက်ကလည်း ၎င်းတို့ ထောင်ထားသည့်မိုင်းမဟုတ်ကြောင်း ငြင်းဆိုထားသည်။