ကိုဗစ်ကာလ အသေးစားချေးငွေ အတင်းအကျပ်မကောက်ခံရန်ညွှန်ကြား

0
455

ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အသေးစားချေးငွေများကို အတင်းအကျပ်ကောက်ခံခြင်း မပြုလုပ်ရန်အတွက် အသေးစားငွေရေးကြေးရေး ကြီးကြပ်မှုကော်မတီက ဇွန်လ ၁၄ ရက် ရက်စွဲဖြင့် ညွှန်ကြားစာတစ်စောင် ထုန်ပြန်ထားသည်။

ယခင်က အဆိုပါ အသေးစားချေးငွေလုပ်ငန်းများ လည်ပတ်ခွင့်ကို ယာယီပိတ်ထားခဲ့ပြီးနောက် ကိုဗစ်ထိန်ချုပ်ရေး ဗဟိုကော်မတီက ဖြေလျှော့ပေးခဲ့သည့် လုပ်ငန်းများတွင် အသေးစားငွေချေး လုပ်ငန်းများလည်း ပါဝင်လာခဲ့သည်။

ယင်းသို့ ဖြေလျှော့လည်ပတ်ခွင့်ပြုပြီးနောက် အသေးစားငွေချေးလုပ်ငန်းအချို့သည် လစဉ်အရစ်ကျဆပ်ရသည့် ချေးငွေများကို အတင်းအကျပ်ကောက်ခံ မှုများရှိလာခဲ့ကြောင်း အဆိုပါညွှန်ကြားစာတွင် ဖော်ပြထားသည်။

ထားဝယ်မြို့တွင်လည်း အတင်းအကျပ် ငွေကြေးလိုက်လံကောက်ခံနေသည့် အသေးစားငွေချေးလုပ်ငန်းများရှိနေကြောင်း အဆိုပါလုပ်ငန်းများတွင် ငွေချေးနေသူအချို့က ပြောသည်။

“ဒီရောဂါပြီးလို့ အလုပ်တွေဘာတွေ ဆင်းနိုင်မှ ကျွန်မတို့က (ချေးငွေ) ပြန်ဆပ်နိုင်မယ်ဆိုပြီး ကျွန်မတို့က တင်ပြတယ်။ သူတို့က လက်မခံဘူး။ ဘယ်နေ့ပေးမလဲဆိုတာပဲ မေးနေကြ တယ်” ဟု ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်မှ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ညွှန်ကြားချက်အရမူ ယင်ချေးငွေအဟောင်းအား မဆပ်နိုင်သူများကို ကြားခံချေးငွေတစ်ခု ထပ်မံထုတ်ချေးပေးရမည်ဖြစ်ပြီး ချေးငွေနှစ်ရပ်ပေါင်း ပြန်ဆပ်မည့်အချိန်ကို နှစ်ဘက်ညှိနိူင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အသေးစားငွေရေးကြေးရေး ကြီးကြပ်မှု ဦးစီးဌာနတိုင်းဦးစီးမှူး ဒေါ်ချိုချိုက ပြောသည်။

ပြန်ဆပ်နိုင်သည့် သူများကိုမူ ကြားခံချေးငွေ ထုတ်ပေးစရာမလိုဘဲ ပြန်ဆပ်နိုင်မည့် အချိန်ကာလကို ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါ်ချိုချို က ပြောသည်။

အတင်းအကျပ် ငွေကြေးကောက် ခံမှုရှိနေပါလည်း ၎င်းတို့ထံတိုင်ကြားနိုင်ကြောင်း ၎င်းက ပြောသည်။

“သူတို့အပေါ်မှာ မတရားကောက်ခံနေတယ်။ သူတို့မပေးနိုင်ဘူးဆိုလို့ရှိရင် အသင်းသား(ငွေချေးယူသူ) အနေနဲ့ တိုင်စာအနေနဲ့ ရုံးကိုလည်း စာပို့တိုင် ပေါ့နော်။ ဒါမှမဟုတ်လည်း သူတို့အဖွဲ့ အစည်းကို တိုင်ရင်လည်းတိုင် ဒီရုံးကိုတော့ မိတ္တူပို့ချင်လည်း ပို့ပေါ့နော်” ဟု ၎င်းက ဆိုသည်။

အသေးစားငွေချေးလုပ်ငန်းအချို့ကမူ အတင်းအကျပ် ငွေကြေးကောက်ခံ နေခြင်းမျိုးကို မလုပ်ဆောင်ကြကြောင်း ငြင်းဆိုကြသည်။

“လူတွေစိတ်ထဲမှာထင်နေတာက ပိုက်ဆံကို အဓမ္မကောက်နေကြတယ်ပေါ့။ ကျွန်တော်တို့က အသိပေးတာ လောက်ပဲ။ မနက်ဖြန် ပိုက်ဆံလာကောက်မယ်ဆိုပြီး အကြောင်းကြားပေးတာ။ သူတို့ကလည်း အခက်အခဲကို ပြန်ပြော လို့ရတယ်။ ကိုဗစ်ကာလမှ အခက်အခဲ ဖြစ်နေပါတယ်။ ဘယ်အချိန်မှ သွင်းနိုင်မယ်ဆိုရင် ရတယ်။ ကျွန်တော်တို့ စောင့်ပေး ပါတယ်” ဟု အသေးစားချေးငွေလုပ်ငန်း ထားဝယ်ရုံးခွဲ တာဝန်ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှ ပို့ပေးသည့် ပိုက်ဆံကို မှီခိုနေရသူ၊ အလုပ်မဆင်းနိုင်သေးသည့်သူများသည် ချေးငွေများကို ပြန်မဆပ်နိုင်ဘဲ အခက်အခဲဖြစ်နေကြကြောင်း ငွေချေးနေသူအချို့ထံမှ သိရသည်။

ကျော်သူစိုး