ဟိုတယ်နှင့် တည်းခိုရိပ်သာ ဧည့်သည်မှတ်တမ်းအတွက် အွန်လိုင်းစနစ် စသုံး

0
560

တိုင်းတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် လာရောက်တည်းခိုသည့် ဧည့်သည်များ၏ အချက်အလက်မှတ်တမ်းအတွက် ဇွန်လ ပထမပတ်မှစပြီး အွန်လိုင်းစနစ် စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်စာရင်းကို အွန်လိုင်းစနစ်ဖြင့် ပေးပို့နိုင်ရန်အတွက် လိုင်စင်ရယူထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများ၊ ဆက်စပ်ဧည့်စာရင်းပေးပို့ရသည့် ဌာနဆိုင်ရာများကို Hotel Guest List Management System အသုံးပြုမှု သင်တန်းပို့ချထားပြီးဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းသိန်း ကပြောသည်။

လက်ရှိတွင် အွန်လိုင်းစနစ်ကိုကျင့်သုံးနေသည့် ဟိုတယ်နှင့် တည်းခိုခန်း ၄၈ ခုရှိကြောင်း ဦးဝင်းသိန်းက ပြောသည်။

ယခင်က ဟိုတယ်၊ တည်းခိုရိပ်သာများတွင် လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်စာရင်းနှင့် အချက်အလက်မှတ်တမ်းများကို ဟိုတယ်၊ တည်းခိုရိပ်သာများ စုပေါင်းခန့်ထားသည့် ဝန်ထမ်းမှ လိုက်လံကောက်ယူကာ ညနေ ၄ နာရီခန့်တွင် သက်ဆိုင်ရာဧည့်စာရင်း ပေးပို့ရသည့် ဌာန ၆ ခုခန့်သို့ လိုက်လံပေးပို့ရကြောင်း သိရသည်။

“အရင်ကထက်တော့ နည်းနည်းပို လွယ်သွားမှာပေါ့။ လက်ရှိတော့ Paper (စာရွက်) စနစ်နဲ့ပဲ သွားနေသေးတယ်။ ဇွန်လလယ် လောက်ဆိုရင်တော့ အွန်လိုင်းစနစ်နဲ့ သွားဖြစ်မယ် ထင်တယ်” ဟု ထားဝယ်မြို့ပေါ်ရှိ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တိုင်းအတွင်း ဟိုတယ်ခရီးလိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ်၊ တည်းခိုရိပ်သာ ၄၆ ခု ရှိပြီး ထားဝယ်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့ လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် တည်းခိုခန်း ၅၆ ခု ရှိကြောင်း သိရသည်။

မိုးမြင့်